Share this

ဒေါ်မာလာဆန်း၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် မြင်းကျဒိုးတိုက်နယ်ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်း ရပ်ဆိုင်းနေခြင်းအား ပြန်လည်စိစစ်ပြီး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

Thursday, September 24, 2026 - 10:20
တတိယအကြိမ်အမျိုးသားလွှတ်တော်›ပုံမှန်အစည်းအဝေး›တတိယ ပုံမှန်အစည်းအဝေး›ကြယ်ပွင့်ပြမေးခွန်းများ

တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ ဒုတိယနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်)

 ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) မှ ဒေါ်မာလာဆန်း၊

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မြင်းကျဒိုးတိုက်နယ်ဆေးရုံကို (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်တွင် မြင်းကျဒိုးတိုက်နယ်ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းကို ခွင့်ပြုငွေကျပ် (၇၄၆.၇၄)သန်းဖြင့် တင်ဒါခွင့်ပြုပေးခဲ့ပါသည်။ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်တွင် ပင်မအဆောက်အဦအား ခွင့်ပြုငွေကျပ် (၁၀၀)သန်းဖြင့် စတင်တည်ဆောက်ခဲ့ပြီး၊ (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် (၁၅၀)သန်းဖြင့် ပင်မအဆောက်အဦ၏ Roof Beam, Slap, Roofing လုပ်ငန်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ဆောက်ရွက်ခဲ့ပါသည်။ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုငွေကျပ် (၄၉၆.၇၄)သန်း ချထားခဲ့ရာ တင်ဒါအောင်မြင့်ခဲ့သည့် ကုမ္ပဏီမှ ဆောက်လုပ်ရေးပစ္စည်းများ ဈေးနှုန်းအဆမတန်မြင့်တက်လာမှုကြောင့် ဆက်လက်လုပ်ဆောင်နိုင်ခြင်းမရှိဘဲ လုပ်ငန်းအား ပြန်လည်အပ်နှံခဲ့ပါသည်။ 

(၁၅.၈.၂၀၂၃) ရက်နေ့တွင် သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးအဖွဲ့နှင့် မြို့နယ်တည်ဆောက်ရေးအဖွဲ့များ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရွာတွင်လည်း မြေပြင်လုပ်ငန်းများ ပြီးစီးနေမှု(၃၀%) နှင့် ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ခဲ့မှုများ ကိုက်ညီမှုရှိကြောင်း အစီရင်ခံစာ တင်ပြထားကြောင်းတွေ့ရှိရပါသည်။ 

(၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်တွင် မြင်းကျဒိုးတိုက်နယ်ဆေးရုံ စံကိုက်ဆောက်လုပ်ခြင်းအပါအဝင် အခြားဆက်စပ်လုပ်ငန်းများအတွက် ခွင့်ပြုရန်ပုံငွေကျပ် (၂ဝဝ)သန်း ခွဲဝေချထားပေးခဲ့သော်လည်း အဆိုပါတင်ဒါအား လုပ်ကိုင်လိုသော ကုမ္ပဏီမရှိခဲ့ပါ။

အထက်ပါ မြင်းကျဒိုးတိုက်နယ်ဆေးရုံသည် ရွာငံမြို့နယ်၏ တောင်ဖက်အပိုင်းတွင် ဒေသခံမိဘပြည်သူများ၏ အားကိုးအားထားပြုရာ ကျန်းမာရေးဝန်ဆောင်မှုတစ်ခုအဖြစ် လိုအပ်နေပြီး မြင်းကျဒိုးအုပ်စု၊ နန်းခုံအုပ်စု၊ ယကြီးအုပ်စု၊ မြင်းတွင်းအုပ်စု လူဦးရေ ၁ သောင်းကျော်အတွက် အကျိုးကျေးဇူးများ ရရှိလာပါမည်။

သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုး တိုက်နယ်ဆေးရုံအား နိုင်ငံတော်မှ ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုငွေ (၂၅၀)သန်း အသုံးပြုထားခဲ့ပြီး အမှန်တကယ်လိုအပ်နေသော တိုက်နယ်ဆေးရုံတစ်ခုဖြစ်သည့်အတွက် လုပ်ငန်းပြန်လည်စိစစ်ဆောင်ရွက်ပေးရန်အတွက် အစီအစဉ်ရှိမရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် မည်ကဲ့သို့ စတင်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးခွန်းမေးမြန်းတင်ပြအပ်ပါသည်။


တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ ဒုတိယနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်)

 ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) မှ ဒေါ်မာလာဆန်း၊

မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍

ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ၏ ဖြေကြားချက်

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ဖြစ်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင် မြင်းကျဒိုး တိုက်နယ် ဆေးရုံနှင့်ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းရပ်ဆိုင်းနေခြင်းအား ပြန်လည်စိစစ်ပြီး ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် ရှမ်းပြည်နယ်(တောင်ပိုင်း) မဲဆန္ဒနယ်အမှတ်(၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မာလာဆန်း၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ မြင်းကျဒိုးတိုက်နယ် ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းများအား (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုငွေကျပ် (၇၄၆.၇၄)သန်းဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်ကုသရေးဦးစီးဌာနမှ တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ရာ ဧရာနဂါးကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ပြီး စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့ပါတယ်။

အဆိုပါအဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်း (၃၃%)ပြီးစီးမှုအတွက် ရန်ပုံငွေကျပ်သန်း (၂၅၀)ပေးချေခဲ့ပြီး (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်ကာလမှစ၍ တင်ဒါအောင်မြင်သည့်ကုမ္ပဏီမှ “ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းများ အဆမတန်ကွာလာမှုကြောင့် လုပ်ငန်းများဆက်လက် ဆောင်ရွက်နိုင်ခြင်းမရှိပါသဖြင့်" လုပ်ငန်းပြန်လည်အပ်နှံခဲ့ပါသောကြောင့် မြေပြင်ကွင်းဆင်း စစ်ဆေး၍ ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းနှင့် ပေးချေသည့်ရန်ပုံငွေကိုက်ညီမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များဆောင်ရွက်ခဲ့ပါတယ်။ ရန်ပုံငွေပေးချေထားမှုနှင့် မြေပြင်ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းကိုက်ညီမှုရှိပါသဖြင့် မူလတာဝန်ယူဆောင်ရွက်ခဲ့သော ဧရာနဂါးကုမ္ပဏီနှင့် (၂၁-၈-၂၀၂၅)ရက်နေ့မှစ၍ နှစ်ဦးသဘောတူစာချုပ် ရပ်စဲခြင်းနှင့် လုပ်ငန်းအာမခံငွေသိမ်းဆည်းခြင်းဆောင်ရွက်ပြီး ကျန်ရှိသောလုပ်ငန်းအစိတ်အပိုင်းများအား အပြီးသတ်ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လုပ်ငန်းအပ်နှံနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ညှိနှိုင်းပေးပို့ခဲ့ခြင်းအပေါ် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ “အဆိုပါလုပ်ငန်းမှာ နယ်မြေအခြေအနေအရ ဆောင်ရွက်ရန်အခက်အခဲရှိပါသဖြင့် လုပ်ငန်းလက်ခံဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်း" ပြန်ကြားချက်အရ(၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၄၉၆.၇၄၀)သန်းအား နိုင်ငံတော်သို့ ပြန်လည်အပ်နှံခဲ့ရခြင်းဖြစ်ပါတယ်။

အဆိုပါလုပ်ငန်းအား အပြီးသတ်ဆောင်ရွက်နိုင်ရေးအတွက် (၂၀၂၇-၂၀၂၈) ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့(တောင်ကြီး)တို့နှင့်ညှိနှိုင်း၍ လုပ်ငန်းပြီးစီးရေးအတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ပုံငွေထပ်မံလိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပေါင်းစပ်ညှိနှိုင်း၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးစီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။

အားလုးကို ကျေးဇူးတင်ပါတယ်။