တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ ဒုတိယနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်)
မွန်ပြည်နယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) မှ ဒေါ်ယဉ်မင်းထိုက်
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်သည် ယခင်က သထုံခရိုင်ထဲတွင် ပါဝင်ဖွဲ့စည်းထားပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ (၃၀.၄.၂၀၂၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၂၉/၂၀၂၂ ဖြင့် ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ် (၂)မြို့နယ်အား ကျိုက်ထိုခရိုင်ဟူ၍ (၃၀.၄.၂၀၂၂) ရက်နေ့မှစတင်၍ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
ကျိုက်ထိုခရိုင်သည် ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်ဟူ၍ မြို့နယ်(၂) မြို့နယ်၊ သိမ်ဇရပ်မြို့ (၁) မြို့၊ ရပ်ကွက် (၁၅) ရပ်ကွက်၊ ကျေးရွာအုပ်စု(၈၄) အုပ်စုနှင့် ကျေးရွာ (၂၈၈) ရွာဖြင့် ဖွဲ့စည်းထားသောခရိုင်ဖြစ်ပါသည်။ လူဦးရေ လေးသိန်းခြောက်ထောင်ကျော် နေထိုင်ကြပါသည်။
ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကျိုက်ထိုခရိုင်တွင် ခုတင်(၅၀) ဆံ့ ပြည်သူ့ဆေးရုံ (၂) ရုံ၊ (၁၆) ခုတင်ဆံ့ အစိုးရဆေးရုံ (၆) ရုံနှင့် (၁၆) ခုတင်ဆံ့ ပုဂ္ဂလိကဆေးရုံ(၁) ရုံဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါသည်။ သို့ရာတွင် အရေးပေါ်လူနာများ လွှဲပြောင်းဆေးကုသမှု လိုအပ်သည့်အခါ အနီးဆုံးမြို့ကြီးများဖြစ်သည့် ပဲခူးမြို့နှင့် သထုံမြို့ရှိပြည်သူ့ဆေးရုံကြီးများသို့ သွားရောက်ဆေးကုသမှုခံယူကြရပါသည်။
သို့ဖြစ်ပါ၍ မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ခုတင် (၅၀) ဆံ့ပြည်သူ့ဆေးရုံအား ခရိုင်အင်္ဂါရပ်နှင့် ညီညွတ်သည့် ခုတင် (၁၀၀)ဆံ့ ပြည်သူ့ဆေးရုံအဖြစ်သို့ အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုသောကြောင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် လေးစားစွာ မေးမြန်းတင်ပြအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ ဒုတိယနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်)
မွန်ပြည်နယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) မှ ဒေါ်ယဉ်မင်းထိုက်၊
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ဖြစ်ပါတယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံအား ခရိုင်အင်္ဂါရပ်နှင့်ညီညွတ်သည့် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံအဖြစ်သို့ အဆင့်မြှင့်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဒေါ်ယဉ်မင်းထိုက်၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ခုတင်(၅၀)ဆံ့ ကျိုက်ထိုမြို့၊ ပြည်သူ့ဆေးရုံ၊ သိမ်ဇရပ်(ကျောက်ညှပ်)တိုက်နယ်ဆေးရုံနှင့် ကင်းမွန်ချောင်းတိုက်နယ်ဆေးရုံ၊ စုစုပေါင်းဆေးရုံ(၃)ရုံ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန(၁)ခု၊ တိုက်နယ်ကျန်းမာရေးဌာန(၁)ခု၊ ကျေးလက်ကျန်းမာရေးဌာန(၆)ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ(၂၉)ခုတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါသည်။ ကျိုက်ထိုမြို့၊ ပြည်သူ့ဆေးရုံသည် ခုတင်(၁၀၀)ဆံ့ သထုံမြို့၊ ပြည်သူ့ဆေးရုံနှင့်လည်းကောင်း၊ ခုတင်(၅၀၀)ဆံ့ ပဲခူးမြို့၊ ပြည်သူ့ဆေးရုံကြီးနှင့်လည်းကောင်း မော်တော်ကားဖြင့် (၁)နာရီခန့်သာ သွားရပါသည်။
ကျိုက်ထိုမြို့၊ ပြည်သူ့ဆေးရုံသည်(၃)နှစ်စာအနေဖြင့် တစ်ရက်ပျမ်းမျှ အတွင်းလူနာဦးရေ(၃၃) ဦးရှိပြီး လုပ်ထုံးလုပ်နည်းအရ ခွင့်ပြုခုတင်အသုံးပြုမှုရာခိုင်နှုန်းပြည့်မီရန် လိုအပ်လျက်ရှိပါသဖြင့် လတ်တလော ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံသို့ တိုးမြှင့်ရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားအပ်ပါသည်။
အားလုံးကိုကျေးဇူးတင်ပါတယ်။