Share this

ဦးခင်မောင်မြင့်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇)၏ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ ကျေးရွာအုပ်စု၊ ကောင်းဘို့ကျေးရွာတွင် တိုက်နယ်ဆေးရုံတစ်ရုံအား လာမည့် ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

Thursday, September 24, 2026 - 12:58
တတိယအကြိမ်အမျိုးသားလွှတ်တော်›ပုံမှန်အစည်းအဝေး›တတိယ ပုံမှန်အစည်းအဝေး›ကြယ်ပွင့်ပြမေးခွန်းများ

တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ ဒုတိယနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်)

ရှမ်းပြည်နယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) မှ ဦးခင်မောင်မြင့်၊

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စုသည် ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်များနှင့် ထိစပ်နေပြီး တောင်ပေါ်တွင် ပလောင်လူမျိုးများနေထိုင်ရန် လက်ဖက်၊ လိမ္မော်၊ ကော်ဖီ၊ ထောပတ် စသည့် တောင်ယာခြံလုပ်ငန်းလုပ်ကိုင်ပြီး တောင်အောက်ခြေပိုင်းတွင် ဓနု၊ ဗမာ စသည့် တိုင်းရင်းသားပြည်သူများ လယ်/ယာ၊ ရောင်းဝယ်လုပ်ငန်းလုပ်ကိုင်နေထိုင်ကြပြီး ကျေးရွာစုစုပေါင်း(၂၂)ရွာ၊ အိမ်ထောင်စု(၂၂,၇၂၉)စု နှင့် လူဦးရေ (၈,၈၆၂) ဦး နေထိုင်လျက်ရှိပါသည်။ ကောင်းဘို့ကျေးရွာနှင့်ဆက်စပ်လျက်ရှိသော အလယ်ချောင်ကျေးရွာအုပ်စုတွင်လည်း ဓနု၊ ပလောင်၊ ဗမာ   စသည့်တိုင်းရင်းသားများလည်းတောင်ပေါ်ကျေးရွာများနှင့် တောင်ခြေကျေးရွာများတွင် လယ်ယာလုပ်ငန်းကို အဓိကထား စိုက်ပျိုးလုပ်ကိုင်ကြပြီး ကျေးရွာ (၁၃)ရွာ၊ အိမ်ထောင်စု (၁,၃၆၇)စုနှင့် လူဦးရေ(၆,၀၂၅)ဦး နေထိုင်လျက်ရှိပါသည်။

၎င်းကျေးရွာအုပ်စု(၂)စုရှိ ကျေးရွာပေါင်း (၃၅)ရွာ၊ တိုင်းရင်းသားပေါင်းစုံ(၁၄,၈၈၇) ဦး ကျန်းမာရေးဆေးဝါးကုသစောင့်ရှောက်မှုများရရှိနိုင်ရေးအတွက် (၁၇-၅-၂၀၁၉)ရက်နေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ကျွန်တော် ဦးခင်မောင်မြင့်မှ ရပ်စောက်မြို့၊ ပြည်သူ့ဆေးရုံနှင့် (၁၆)မိုင်ဝေးကွာသော ကောင်းဘို့ကျေးရွာတွင် တိုက်နယ်ဆေးရုံဆောက်လုပ်ရန် မြေအလှူရှင်မိသားစုလည်း လှူဒါန်းပြီးဖြစ်ပါ၍ တိုက်နယ်ဆေးရုံ (၁)ရုံ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့ပြီး သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာနမှလည်း ဆရာဝန်အပါအဝင် ဝန်ထမ်းဖွဲ့စည်းပုံအပြည့်ဖြင့် ခန့်ထားရန် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြား ချက် ကတိကဝတ် ရရှိခဲ့ပြီးဖြစ်ပါသည်။ သို့သော်လည်း ယနေ့အချိန်ထိ တိုက်နယ်ဆေးရုံ ဆောက်လုပ်ပေးနိုင်ခဲ့ခြင်းမရှိသေးပါ။

သို့ဖြစ်ပါ၍ ရပ်စောက်မြို့ ပြည်သူ့ဆေးရုံနှင့် (၁၆)မိုင်ကွာဝေးသော ကောင်းဘို့ကျေးရွာအုပ်စု၊ ကောင်းဘို့ကျေးရွာတွင် ဆေးရုံဆောက်လုပ်ရန် မြေနေရာလည်းရှိပြီး ဖြစ်ပါ၍ တိုက်နယ်ဆေးရုံအဖြစ် ဖွဲ့စည်းခွင့်ပြုချက်ရထားပြီး ဖြစ်သောကြောင့် ကောင်းဘို့တိုက်နယ်ဆေးရုံ(၁)ရုံကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးနိုင်ခြင်းရှိ/မရှိအမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ကိုယ်စားလေးစားစွာဖြင့် တင်ပြမေးမြန်းအပ်ပါသည်။


တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ ဒုတိယနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်)

ရှမ်းပြည်နယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) မှ ဦးခင်မောင်မြင့်၊

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍

ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ၏ ဖြေကြားချက်

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်‌တော်ကတော့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ဖြစ်ပါတယ်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု၊ ကောင်ဘို့ကျေးရွာတွင် တိုက်နယ်ဆေးရုံတစ်ရုံအား လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီမစဉ်ရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့် ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ဦးခင်မောင်မြင့်၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့တိုက်နယ်ဆေးရုံအားကျန်းမာရေးဝန်ကြီးဌာန၏ (၂၂-၄-၂၀၂၀) ရက်စွဲအမှတ်၊ ကမဘ/ ဃ-ထွေ/ ၁၁၇ဖြင့် (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ဖွင့်လှစ်ခွင့်ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ကောင်းဘို့တိုက်နယ်ဆေးရုံ တည်ဆောက်ရန်အတွက် အလှူရှင်များမှ ကွင်းအမှတ်(၄)၊ ကောင်းဘို့မြောက်ဦးပိုင်အမှတ်(၇၂/၁၁၈) မြေဧရိယာ (၃.၁၃)ဧကအား လှူဒန်းခဲ့သော်လည်း ၎င်းမြေဧရိယာအနက် (၂.၇၂)ဧကသည် ယာမြေဖြစ်ပြီး(၀.၄၁)ဧကသည် လယ်မြေဖြစ်နေသောကြောင့် လယ်မြေ၊ ယာမြေမှ အခြားနည်းသုံးစွဲခွင့်ရရှိရေးအတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီသို့ (၁၉-၁-၂၀၂၆) ရက်နေ့တွင် တင်ပြထားပြီး ဖြစ်ပါတယ်။ လယ်ယာမြေ အခြားနည်းသုံးစွဲခွင့်ရရှိပါက ရပ်စောက်မြို့နယ်၊ ကောင်းဘို့တိုက်နယ်ဆေးရုံအဆောက်အဦများအား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ လျာထားဆောက်လုပ်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။