Share this

ဦးတင်မျိုးဇော်၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)၏ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မြေနုကျေးရွာအုပ်စု၊ မြေနုကျေးရွာသည် ရေလယ်ကျွန်းတွင် နေထိုင်ရသည့်အတွက် ရေဘေးဒုက္ခများရှောင်ရှားရန် ယခင်သတ်မှတ်ပေးထားသော ကုန်းမြေနေရာသို့ လူနေအိမ်များ ပြောင်းရွှေ့၍ အတည်တကျနေထိုင်နိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

Friday, September 25, 2026 - 10:00
တတိယအကြိမ်အမျိုးသားလွှတ်တော်›ပုံမှန်အစည်းအဝေး›တတိယ ပုံမှန်အစည်းအဝေး›ကြယ်ပွင့်ပြမေးခွန်းများ

တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ တတိယနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်)

မကွေးတိုင်းဒေသကြီး ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) မှ ဦးတင်မျိုးဇော်

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

မကွေးမြို့နယ်၊ မြေနုကျေးရွာအုပ်စု၊ မြေနုကျေးရွာသည် အိမ်ခြေ (၂၈၀)၊ အိမ်ထောင်စု (၃၄၀)၊ လူဦးရေ (၉၆၄)ဦးရှိသော ဧရာဝတီမြစ်၏ ရေလယ်ကျွန်းတွင်နေထိုင်သော ကျေးရွာဖြစ်ပါသည်။ ရာသီဥတုဆိုးဝါးသော မိုးများလွန်းသောကာလများတွင် လူနေအိမ်များ နှစ်စဉ်ရေနစ်မြုပ်ခြင်းနှင့် ကမ်းပြိုကျမှုတို့ကြောင့် မြေနုကျွန်းများပေါ်မှာ မှီခိုလုပ်ကိုင်၍ စားဝတ်နေရေးဆောင်ရွက်နေရပါသဖြင့် ဒုက္ခများရှိနေသော်လည်း ဆက်လက်နေထိုင်ခဲ့ရပါတယ်။

၂၀၀၈ ခုနှစ်၊ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရအဖွဲ့မှ ရေရှည်လူနေမှု၊ စီးပွားဘဝအဆောက်အဦများ တည်ဆောက်နိုင်ရေးအတွက် ပြောင်းရွှေ့နေနိုင်ရန် မကွေးမြို့နယ်အတွင်း မြင်ကွန်းကျေးရွာအုပ်စုရှိ သက်ရင်းတောကျေးရွာနှင့် သာယာကုန်းကျေးရွာအကြားတွင်ရှိသော သာယာကုန်းကွင်း၊ ကွင်းအမှတ် (၁၇၅၁)ကို စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ သို့သော်လည်း ဒေသခံပြည်သူအနည်းငယ်အချို့၏ အသိအမြင်လွှဲယူဆမှုအချို့ကြောင့် ပြောင်းရွှေ့နေထိုင်မှုများဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါ။

သို့သော် ယခုအချိန်အခါတွင် ရာသီဥတုဆိုးဝါးလွန်းလာခြင်း၊ မိုးများလွန်းလာခြင်းတို့ကြောင့် ယခင်ကာလများထက် သဘာဝဘေးအန္တရာယ်ရှိလာနိုင်ခြင်း၊ နှစ်စဉ်ရေနစ်မြုပ်ခြင်းနှင့် ကမ်းပြိုမှုတို့ကြောင့် မကြာခဏပြောင်းရွှေ့နေထိုင်သည့်အတွက် ကလေးသူငယ်၊ ကျောင်းသူကျောင်းသားများအတွက် စိုးရိမ်ပူပန်မှုများရှိနေရခြင်းတို့ကြောင့် ဒေသခံမိဘပြည်သူတို့သည် သူတို့၏ အနာဂတ်မျိုးဆက်သစ်များအတွက် ယခုလက်ရှိအခြေအနေထက် ပိုမိုခိုင်မာတဲ့ လူနေမှု၊ လူမှုစီးပွားဘဝနှင့်အဆောက်အဦများ တည်ဆောက်ထားရှိနိုင်ရေးအတွက် အားလုံးညီညီညွတ်ညွတ်ဖြင့် ယခင်သတ်မှတ်ပေးထားသော သာယာကုန်းကွင်းအမှတ်(၁၇၅၁)ပေါ်တွင် ပြောင်းရွှေ့နေထိုင်လိုကြောင်း သိရှိခဲ့ရပါသည်။

သို့ဖြစ်ပါ၍ ကျွန်တော်၏ မဲဆန္ဒနယ်မြေဖြစ်တဲ့ မကွေးမြို့နယ်၊ မြေနုကျေးရွာအုပ်စု၊ မြေနုကျေးရွာကို ယခင်သတ်မှတ်ပေးထားသော ကုန်းမြေနေရာသို့ပြောင်းရွှေ့၍ အတည်တကျနေထိုင်နိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ ကို သိရှိလိုပါသဖြင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးခွန်းမေးမြန်း၍ လေးစားစွာ တင်ပြအပ်ပါတယ်။ 


တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ တတိယနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်)

မကွေးတိုင်းဒေသကြီး ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) မှ ဦးတင်မျိုးဇော်

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း ၏ ဖြေကြားချက်

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များခင်ဗျား- မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါကြောင်းနှင့် ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ကျွန်တော်ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား အချက်အလက်များနှင့် တင်ပြနိုင်ရန်အတွက် Power Point အသုံးပြုခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။

မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးတင်မျိုးဇော်၏ “မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မြေနုကျေးရွာအုပ်စု၊ မြေနုကျေးရွာသည် ရေလယ်ကျွန်းတွင်နေထိုင်ရသည့်အတွက် ရေဘေးဒုက္ခများရှောင်ရှားရန် ယခင်သတ်မှတ်ပေးထားသော ကုန်းမြေနေရာသို့ လူနေအိမ်များပြောင်းရွှေ့၍ အတည်တကျနေထိုင်နိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း ” ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဖြေကြားအပ်ပါသည်။

မြေနုကျေးရွာသည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မြေနုကျေးရွာအုပ်စုတွင်ရှိပြီး အဆိုပါမြေနုကျေးရွာတွင် အိမ်ခြေ(၂၆၂)အိမ်၊ အိမ်ထောင်စု(၃၅၀)စု၊ လူဦးရေ (၉၉၀)ဦးရှိပြီး၊ မကွေးမြို့၏အရှေ့တောင်ဘက် ( ၁၁ )မိုင်ခန့်အကွာ၊ ဧရာဝတီမြစ်အတွင်းတည်ရှိသော ကျေးရွာဖြစ်ပါသည်။

မြေနုကျေးရွာသည် နှစ်စဉ်ဧရာဝတီမြစ်ရေတိုးလာသည့်အခါတိုင်း ကျေးရွာရှိ ရွာသူရွာသားများသည် နီးစပ်ရာကျေးရွာများဖြစ်သည့် မကွေးမြို့နယ်၊ မြင်ကွန်းကျေးရွာအုပ်စု၊ မြင်ကွန်းကျေးရွာ၊ မင်းဘူးမြို့နယ်၊ ရွာပုလဲကျေးရွာအုပ်စု၊ မကျီးပင်ကျေးရွာနှင့် ရွာသစ်ကျေးရွာများသို့ ခေတ္တပြောင်းရွှေ့နေထိုင်လေ့ရှိကြပါသည်။

နှစ်စဉ်နှစ်တိုင်း ဧရာဝတီမြစ်ရေဝင်ရောက်သော်လည်း အချို့မြစ်ရေကြီးသော နှစ်များတွင်သာ မြေနုကျေးရွာတစ်ရွာလုံး ရေဝင်ရောက်သဖြင့် လူဦးရေအားလုံးကို ရွှေ့ပြောင်းပေးခဲ့ရပြီး၊ တစ်ရွာလုံးရေမဝင်ရောက်သည့်နှစ်များတွင် ကျေးရွာသူကျေးရွာသားများအားလုံးကို ပြောင်းရွှေ့ရန် မလိုအပ်ပါကြောင်း၊ ဧရာဝတီမြစ်ရေတက်လျှင် ခန့်မှန်းကြာချိန် (၁၅)ရက်ခန့် ကြာတတ်ပြီး နေအိမ်အချို့ ၏ တစ်စိတ်တစ်ပိုင်းသာ ထိခိုက်မှုရှိပါသည်။

ထိုသို့ ဧရာဝတီမြစ်ရေတိုးဝင်ရောက်မှုကြောင့် ရေဘေးဒုက္ခခံစားနေရသည့် အိမ်ခြေ၊ အိမ်ထောင်စု၊ လူဦးရေအလိုက်ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ထောက်ပံ့ကူညီမှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

မြေနုကျေးရွာရှိ ဒေသခံပြည်သူများနှင့် ၁၈-၈-၂၀၂၆ ရက်နေ့၊ မြေနုကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်း၌ ခေါ်ယူတွေ့ဆုံမေးမြန်းခဲ့ရာတွင်လည်း မြေနုကျေးရွာသည် နှစ်စဉ် ဧရာဝတီမြစ်ရေ ဝင်ရောက်သည့်ဒဏ်ကို အကြိမ်ကြိမ်ခံစားရသည့်အတွက် လက်ရှိနေထိုင်ရာရွာမြေမှ အခြားမြေနေရာတစ်ခုသို့ ကျေးရွာပြောင်းရွှေ့လိုကြောင်း၊ ကျေးရွာပြောင်းရွှေ့ခွင့်ရရှိသည့်အခါတွင်လည်း ၎င်းတို့ လုပ်ကိုင်စားသောက်နေသည့် မြေနုကျွန်းလုပ်စားမြေဧရိယာ( ၄၁ဝ )ဧကခန့်ကိုလည်း ပြည်လည်လုပ်ကိုင်စားသောက်ခွင့်များရရှိလိုပါကြောင်း စသည်ဖြင့် လက်မှတ်ရေးထိုးမှတ်တမ်းများနှင့်အတူ ဒေသခံပြည်သူများမှ ၎င်းတို့၏ ဆန္ဒသဘောထားများကို တင်ပြလာခဲ့သည်ကိုစိစစ်တွေ့ရှိရပါကြောင်း၊

မြေနုကျေးရွာရှိ အိမ်ခြေ( ၂၆၂ )အိမ်အား ရေဘေးဒုက္ခရှောင်ရှားရန်အတွက် မကွေးမြို့နယ်၊ မြင်ကွန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၇၅၁)ရှိ သက်ရင်းတောကျေးရွာနှင့် သာယာကုန်းကျေးရွာအကြားရှိ တောင်သူပေါင်း(၂၄)ဦး၊ ဦးပိုင်ပေါင်း(၃၁)ဦးပိုင်၊ ယာမြေဧရိယာ(၆၁)ဧကခန့်ရှိသည့် မြေနေရာဖြစ်ပြီး အဆိုပါမြေနေရာသည် တောင်သူများ နှစ်စဉ်ယာသီးနှံများဖြစ်သည့် နှမ်းသီးနှံအား စိုက်ပျိုးပြီး ပဲစဉ်းငုံသီးနှံအားညှပ်၍ စိုက်ပျိုးကြရာ ပထမတစ်သီးနှမ်းသီးနှံရိတ်သိမ်းပြီးပါက ပဲစဉ်းငုံသီးနှံအကြားတွင် ပဲမျိုးစုံကိုထပ်မံစိုက်ပျိုးသော မြေနေရာများဖြစ်သဖြင့် သက်ဆိုင်ရာ တောင်သူများနှင့် ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စဖြစ်ကြောင်း တွေ့ရှိရပါသည်။

မြေနုကျေးရွာ ပြောင်းရွှေ့နေရာချထားနိုင်ရေးအတွက် ယခင် ၂ဝဝ၈ ခုနှစ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးလှရှောင်မှ မကွေးမြို့နယ်၊ မြင်ကွန်းကျေးရွာအုပ်စု၊ သက်ရင်းတောကျေးရွာနှင့် သာယာကုန်းကျေးရွာတို့အကြားရှိ ကွင်းအမှတ်(၁၇၅၁)၊ သာယာကုန်းကွင်းအတွင်းရှိ ယခုမြေနေရာအား လျာထားဆောင်ရွက်ခဲ့ကြောင်းကို စုံစမ်းသိရှိရပါသည်။

အဆိုပါ လျာထားမြေဧရိယာများသည် ၂၀၀၈ ခုနှစ်မတိုင်မီကတည်းက တောင်သူများအစဉ်တစိုက် စိုက်ပျိုးလုပ်ကိုင်လာခဲ့သည့် ယာမြေများဖြစ်ပြီး နှစ်စဉ်မြေခွန်စည်းကြပ်ခဲ့သည့် မြေဧရိယာများဖြစ်ကြောင်း၊ အဆိုပါစိုက်ပျိုးယာမြေများအား ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေပြဋ္ဌာန်းပြီးနောက် လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များ ထုတ်ပေးနိုင်ရေးဆောင်ရွက်ခဲ့ရာ မကွေးခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ၂၆-၉-၂၀၁၃ ရက်စွဲပါစာအမှတ်၊ ၁၁၈/လယ-မယ(၂၀၁၃)ဖြင့် တောင်သူ (၂၀)ဦး၊ ဦးပိုင်(၂၅)ခု၊ မြေဧရိယာ(၅၆.၂၂ )ဧကကိုလည်းကောင်း၊ မကွေးခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ၂၉-၁၀-၂၀၁၃ ရက်စွဲပါစာအမှတ်၊ ၁၄၄/ လယ-မယ(၂၀၁၃)ဖြင့် တောင်သူ(၄)ဦး၊ ဦးပိုင်(၆)ခု၊ မြေဧရိယာ( ၄.၇၃ )ဧက ကိုလည်းကောင်း၊ စုစုပေါင်း တောင်သူ(၂၄)ဦး၊ ဦးပိုင်ပေါင်း(၃၁)ခု၊ ယာမြေဧရိယာ (၆ဝ.၉၅ )ဧကကို လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များကို ထုတ်ပေးထားရှိခဲ့ပြီးဖြစ်ပါကြောင်း၊

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များ ထုတ်ပေးထားရှိပြီးဖြစ်သောလျာထားမြေဧရိယာများတွင် တောင်သူများမှ နှစ်စဉ်ရာသီသီးနှံများကို စိုက်ပျိုးခဲ့ကြပြီး ၂၀၂၆-၂၀၂၇ ခုနှစ် စိုက်ပျိုးရေးရာသီတွင်လည်း လုပ်ပိုင်ခွင့်ရတောင်သူများမှ ရာသီသီးနှံများဖြစ်သည့် နှမ်း၊ မြေပဲ၊ ပဲစဉ်းငုံ စသည့် ရာသီသီးနှံများ စိုက်ပျိုးထားရှိပါကြောင်း၊

ဒေသခံတောင်သူများမှ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော လယ်ယာမြေများအား ကျေးရွာမြေအဖြစ် အသုံးပြုလိုပါက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေယာလျော်ကြေး၊ နစ်နာကြေးများကိုပေးချေရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မူလမြေယာလုပ်ပိုင်ခွင့်ရရှိထားသူများနှင့်ညှိနှိုင်းပြီး မူလမြေယာလုပ်ပိုင်ခွင့်ရရှိထားသူများ၏ သဘောတူညီခွင့်ပြုချက်ရရှိလာပါက မြေယာလျော်ကြေး၊ နစ်နာကြေးများပေးချေပြီး အဆိုပါပေးချေမှုပြီးစီးပါက ရွာမြေအဖြစ် အသုံးပြုခွင့်ရရှိနိုင်ရေးအတွက် လယ်ယာမြေအခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့်ရရှိရေးကို ဆက်လက်လျှောက်ထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

ထိုသို့ ကျေးရွာမြေအဖြစ် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့်ရရှိပြီးပါက ကျေးရွာမြေအဖြစ် အသုံးပြုခွင့်ရရှိနိုင်ရေးအတွက် ကျေးရွာနယ်နိမိတ် ပြင်ဆင်ဆောင်ရွက်နိုင်ရေးကို ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၅၄ နှင့်အညီ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ နိုင်ငံတော်သမ္မတထံသို့ ထောက်ခံတင်ပြ၍ လမ်းညွှန်မှုခံယူကာ ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အဆိုပါမြေနုကျေးရွာရှိ ဒေသခံပြည်သူများအနေဖြင့် ဧရာဝတီမြစ်ရေဝင်ရောက်သည့်ဒဏ်ကို နှစ်စဉ်ခံစားနေရပါသော်လည်း မြစ်ရေပြန်ကျသွားသည့်အခါ ပေါ်ထွန်းလာသည့် မြေနုကျွန်းမြေများအပေါ်၌ ၎င်းတို့၏ စားဝတ်နေရေးအတွက် နှစ်စဉ်နှစ်တိုင်းအမှီသဟဲပြု၍ စိုက်ပျိုးလုပ်ကိုင်စားသောက်နေထိုင်လျက်ရှိသည့်အတွက် မြေနုကျေးရွာနေ ပြည်သူများအနေဖြင့် ၎င်းတို့နေထိုင်ရာရွာမြေမှ အခြားမြေနေရာတစ်ခုသို့ ကျေးရွာပြောင်းရွှေ့လိုသည့်အပြင် ကျေးရွာပြောင်းရွှေ့ခွင့်ရရှိသည့်အခါတွင်လည်း ၎င်းတို့လုပ်ကိုင်စားသောက်နေသည့် မြေနုကျွန်းလုပ်စားမြေဧရိယာ (၄၁၀)ဧကခန့်ကိုလည်း ပြန်လည်လုပ်ကိုင်စားသောက်ခွင့်များရရှိလိုပါကြောင်းဖြင့် ၎င်းတို့၏ ဆန္ဒသဘောထားများကို တင်ပြထားရှိသော်လည်း မြေနုကျွန်းမြေစိုက်ပျိုးလုပ်ကိုင်မှုနှင့်စပ်လျဉ်း၍ “၂၀၁၂ခုနှစ် လယ်ယာမြေနည်းဥပဒေအခန်း(၁၂)ပါ မြေနုကျွန်း မြေလုပ်ပိုင်ခွင့်ချထားခြင်း” ပြဋ္ဌာန်းချက်များနှင့် အညီ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားအပ်ပါသည်။

အားလုံးကိုကျေးဇူးတင်ရှိပါသည်။