Share this

ဦးသိန်းဇော်၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၈)၏ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ရှိသော စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သာယာဝတီ)တွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းလုံခြုံစွာဖြင့် ခေတ်မီနည်းပညာများကို စာတွေ့၊ လက်တွေ့ သင်ကြားနိုင်ရေးအတွက် လိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း

Friday, September 25, 2026 - 10:10
တတိယအကြိမ်အမျိုးသားလွှတ်တော်›ပုံမှန်အစည်းအဝေး›တတိယ ပုံမှန်အစည်းအဝေး›ကြယ်ပွင့်ပြမေးခွန်းများ

တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ တတိယနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်)

ပဲခူးတိုင်းဒေသကြီး ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၈) မှ ဦးသိန်းဇော်၊

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သာယာဝတီ) သည် ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၏ တောင်ဘက် (၁)မိုင်၊ (၄) ဖာလုံ၊ သာယာဝတီမြို့မှ (၃) မိုင် ၊ (၆) ဖာလုံ ၊ ရန်ကုန်မြို့မှ (၇၄)မိုင်၊ (၇) ဖာလုံကွာဝေးပြီး ရန်ကုန်-ပြည်ကားလမ်းဘေးတွင် တည်ရှိပါသည်။ စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) အဖြစ် ၁၉၈၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြေဧရိယာ (၁၀၈.၄၂) ဧက ကျယ်ဝန်းပါသည်။

စတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အချိန်အထိ စိုက်ပျိုးရေး ဒီပလိုမာဘွဲ့ရဦးရေ ကျား (၁,၇၅၂)ဦး ၊ မ (၁,၂၆၀) ဦး ၊ စုစုပေါင်း (၃,၀၁၂) ဦး ၊ မွေးမြူရေး ဒီပလိုမာဘွဲ့ရဦးရေ ကျား (၂၉)ဦး ၊ မ (၃၆)ဦး ၊ စုစုပေါင်း (၆၅) ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံတော်၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွင် လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်ခဲ့ပါသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (သာယာဝတီ)သို့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ တနင်္လာရီတိုင်းတို့မှ ကျောင်းသား/ကျောင်းသူများ လာရောက်ပညာသင်ယူနေကြပါသည်။ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး (သာယာဝတီ) မှ ကျောင်းသား/ ကျောင်းသူ (၃,၇၇) ဦး တက်ရောက်နေကြပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ထားဝယ်)မှ ကျောင်းသား/ ကျောင်းသူ (၈၅)ဦး ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ကျောက်တော်)မှ ကျောင်းသား/ကျောင်းသူ (၁၆)ဦးတို့ ပူးတွဲတက်ရောက်လျက်ရှိသည့်အတွက် စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၄၇၈)ဦး တက်ရောက်သင်ယူလျက်ရှိပါသည်။

ဆရာ/ဆရာမ အင်အားအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (သာယာဝတီ) မှ ဆရာ/ဆရာမအင်အား ( ၂၁ ) ဦး၊ ထားဝယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံမှ ဆရာ/ဆရာမ ( ၃ )ဦး၊ ကျောက်တော် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံမှ ( ၆ )ဦးဖြင့် သင်ကြားပေးလျက်ရှိပြီး ဝန်ထမ်းအင်အားအနေဖြင့် သာယာဝတီမှ ( ၄၀ ) ဦး ၊ ထားဝယ်မှ ( ၁၄ )ဦး ၊ ကျောက်တော်မှ ( ၈ ) ဦးတို့ဖြင့် သင်ကြားရေးလုပ်ငန်းများ ၊ ရုံးလုပ်ငန်းများ ၊ စီမံခန့်ခွဲရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ယခုအခါ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သာယာဝတီ)တွင်ရှိသော အဆောက်အဦးအချို့သည် အချိန်ကာလ ကြာမြင့်လာသည့်အတွက် ပျက်စီးနေခြင်း၊ ကျောင်းသား/ကျောင်းသူ ဦးရေများပြားတိုးတက်လာသည့်အတွက်လည်းကောင်း၊ ခေတ်မီသင်ကြားရေးနည်းစနစ်များအတွက်လည်းကောင်း၊ အဆောက်အဦလိုအပ်ချက်များရှိလာပါသည်။ ထို့ပြင် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းတစ်ခုနှင့်လျော်ညီသော ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းဝင်လုံခြုံရေးအတွက် ဆောင်ရွက်ပေးရမည့်လုပ်ငန်းများလည်းရှိနေပါသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သာယာဝတီ) တွင် ဆောင်ရွက်ပေးရန် လိုအပ်နေသော လိုအပ်ချက်များမှာ -

(၁) Green House (၄) လုံး ပြုပြင်ပေးရန် (ဟင်းသီးဟင်းရွက်စိုက်ခင်းများ သင်ကြားရေးတွင် အသုံးပြုရန် ဖြစ်ပါသည်။)

(၂) ICT ခန်းမ အမိုးပြုပြင်ပေးရန် (ကွန်ပျူတာနှင့် နည်းပညာဆိုင်ရာ သင်ကြားသောခန်းမ အမိုးပျက်စီးနေ၍ ဖြစ်ပါသည်။)

( ၃ ) အမျိုးသမီးဆောင် ရေချိုးကန် (ကျောင်းသူများ၏ ယာယီရေချိုးကန်များကို အစားထိုးဆောင်ရွက်ပေးရန် ဖြစ်ပါသည်။)

( ၄ ) စုရုံးခန်းမ ( ၁၆၀ ပေ ၊ ၄၀ ပေ၊ ၁၅ ပေ ) ( ၁ ) လုံး (ကျောင်း၏ သင်ကြားရေးလုပ်ငန်းများ၊ လက်တွေ့၊ အားကစားနှင့်အနုပညာ လုပ်ငန်းများ ဆောင်ရွက်ရန်ဖြစ်ပါသည်။)

(၅) နည်းပြဆောင် ၈ ခန်းတွဲ (၂ ) ထပ် ( ၁ ) လုံး(သင်ကြားရေးနည်းပြ ၊ ဝန်ထမ်းများနေထိုင်ရန် ဖြစ်ပါသည်။)

( ၆ ) အမျိုးသားဆောင် သန့်စင်ခန်း ( ၄ ) ခန်းတွဲ ( ၁ ) လုံး (ကျောင်းသားများအတွက် သန့်စင်ခန်းအသုံးပြုရန် ဖြစ်ပါသည်။)

( ၇ ) ကျောင်းသားများ ထမင်းချက်ဆောင် အမိုးပြုပြင်ပေးရန် (ထမင်းချက်ဆောင်အမိုးများသည် အပေါက်များဖြစ်နေပြီး မိုးယိုနေသည့် အတွက် ပြုပြင်ပေးရန် ဖြစ်ပါသည်။)

( ၈ ) ကျောင်းအဝင်လမ်း ကွန်ကရစ်ခင်းခြင်း(ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးအတွက် ဖြစ်ပါသည်။)

( ၉ ) ကျောင်းခြံစည်းရိုး ဆက်လက်ကာရံခြင်း ( ၁၈၀၀ - ပေ) (ကျောင်းဝန်းလုံခြုံရေးအတွက် ဖြစ်ပါသည်။)

(၁၀) မော်တော်ယာဉ် ( ၁ ) စီး (လက်ရှိ ရှိနေသော မော်တော်ယာဉ်များသည် ကျောင်းတည်ဆောက်စဉ်ကာလရှိခဲ့သည့် T - 2000 အမျိုးအစား ( ၁ ) စီး MAZDA Jeep ( ၁ ) စီးတို့သည် ပျက်စီးယိုယွင်းနေပြီး ပြုပြင်ရန်ခက်ခဲနေသည့်အတွက် ကျောင်းလုပ်ငန်းများနှင့် ကျောင်းသား/ကျောင်းသူများ၏ ကျန်းမာရေးကိစ္စများအတွက် အသုံးပြုရန်မော်တော်ယာဉ်တစ်စီးလိုအပ်ခြင်း ဖြစ်ပါသည်။)

အထက်ဖော်ပြပါ လိုအပ်ချက်များတွင် လက်တလောဆောင်ရွက်ပေးရန် လိုအပ်သောလုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်ရန် လိုအပ်သောလုပ်ငန်းဟူ၍ စိစစ်ခွဲခြားပြီး ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးပါလျှင် ကျောင်းသား / ကျောင်းသူများ သင်ယူနိုင်မှု စွမ်းရန်ပိုမိုမြင့်မားလာပြီး သင်ကြားတက်မြောက်ထားသည့် ပညာရပ်များ၊ ခေတ်မှီစိုက်ပျိုးရေး၊ မွေးမြူရေးနည်းပညာများကို ကျေးရွာအဆင့်ထိ ပြန်လည်ဆင့်ပွားပညာပေးနိုင်ခြင်း၊ ဒေသအလိုက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍထုတ်ကုန်များမှ တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်စေရန်နှင့် လူနေမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ခြင်း၊ နိုင်ငံတော်၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ခြင်းဟူသော အကျိုးကျေးဇူးများကို ရရှိလာမည် ဖြစ်ပါသဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သာယာဝတီ) တွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းလုံခြုံစွာဖြင့် ခေတ်မှီနည်းပညာများကို စာတွေ့၊ လက်တွေ့သင်ကြားနိုင်ရေးအတွက် လိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းမေးမြန်းရခြင်း ဖြစ်ပါသည်။


တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ တတိယနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်)

ပဲခူးတိုင်းဒေသကြီး ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၈) မှ ဦးသိန်းဇော်၊

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း ၏ ဖြေကြားချက်

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား

မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါကြောင်းနှင့် ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့အပ်ပါတယ်။

ကျွန်တော်ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်ရဲ့ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ရှိသော စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သာယာဝတီ)တွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းလုံခြုံစွာဖြင့် ခေတ်မီနည်းပညာများကို စာတွေ့/လက်တွေ့သင်ကြားနိုင်ရေးအတွက် လိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဖြေကြားသွားမှာဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား အချက်အလက်များနှင့် တင်ပြနိုင်ရန်အတွက် PowerPoint အသုံးပြုခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။

နိုင်ငံတော်အတွက် လိုအပ်တဲ့ အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(၁၅) ကျောင်းထိ တိုးချဲ့ဖွင့်လှစ်ထားရှိပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (သာယာဝတီ)ကျောင်းကို ၂၀-၁၀-၁၉၈၆ တွင် ဖွင့်လှစ်ခဲ့ပါတယ်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(သာယာဝတီ)တွင် မွေးမြူရေးဒီပလိုမာ သင်တန်းကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစပြီးဖွင့်လှစ်ခဲ့ရာ လိုအပ်တဲ့ စာသင်ဆောင်၊ လက်တွေ့ဆောင်၊ အိပ်ဆောင်များ၊ သင်ကြားရေးအထောက်အကူပြု Mini Lab၊ မွေးမြူရေးတိရစ္ဆာန်များ (အသားစားနွား၊ နို့စားနွား၊ ဝက်၊ ဆိတ်၊ အသားတိုးကြက်၊ ဥစားကြက်၊ ငါး)၊ ခြံများကို ဖြည့်တင်းဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် မွေးမြူရေးဒီပလိုမာသင်တန်းအတွက် လိုအပ်သောဓာတ်ခွဲခန်း သုံးပစ္စည်းများကိုလည်း ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (၁၅)ကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ ကျောင်းအလိုက် စိုက်ပျိုးရေးဒီပလိုမာသင်တန်းသား (၂၆၂၄)ဦးနှင့် မွေးမြူရေးဒီပလိုမာသင်တန်းသား (၇၅)ဦး၊ စုစုပေါင်း (၂၆၉၉)ဦး တက်ရောက်လျက်ရှိပါတယ်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သာယာဝတီ)မှာ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ထားဝယ်နှင့် ကျောက်တော်)ကျောင်းတို့ကို တွဲဖက်ဖွင့်လှစ်ထားရှိပြီး ၂၀၂၅- ၂၀၂၆ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၄၇၈)ဦး တက်ရောက်လျက်ရှိပါတယ်။ 

စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သာယာဝတီ)တွင် သင်ကြားရေးဆရာ၊ ဆရာမ(၂၁)ဦး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ထားဝယ်)တွင် သင်ကြားရေး ဆရာ၊ ဆရာမ(၃)ဦး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ကျောက်တော်)တွင် သင်ကြားရေးဆရာ၊ ဆရာမ(၆)ဦး၊ စုစုပေါင်း (၃ဝ)ဦးရှိတဲ့အတွက် ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူအချိုးမှာ (၁:၁၆)ဖြစ်ပြီး သင်ကြားရေးမှာ ဆရာ၊ ဆရာမလုံလောက်စွာနဲ့ ခေတ်မီစိုက်ပျိုးရေးနှင့် မွေးမြူရေးနည်းပညာများကို စာတွေ့လက်တွေ့ထိရောက်စွာ သင်ကြားပို့ချပေးလျက်ရှိပါတယ်။ ကျောင်းသား၊ ကျောင်းသူများသင်ကြားရေးတွင် အဆင်ပြေစွာသင်ယူနိုင်ဖို့အတွက် တစ်ဦးတစ်လလျှင် (၃၀,၀၀၀) ကျပ်နှုန်းနဲ့ နိုင်ငံတော်မှ ပညာသင်ထောက်ပံ့ကြေးပံ့ပိုးပေးလျက်ရှိပါတယ်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သာယာဝတီ) ကျောင်းဖွင့်လှစ်ခဲ့တဲ့ကာလမှာ (၄၀)နှစ်ခန့် ကြာမြင့်နေပြီဖြစ်တဲ့အတွက် ကျောင်းရဲ့သင်ကြားရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာအဆောက်အဦများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပြုပြင်ထိန်းသိမ်းပေးခြင်း၊ အသစ်တည်ဆောက်ပေးခြင်းတို့ကို ဘဏ္ဍာရေးနှစ်အလိုက် ဘတ်ဂျက်ခွဲဝေချထားမှုအပေါ်မူတည်၍ ဦးစားပေးအစီအစဉ်များနဲ့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (သာယာဝတီ)တွင် ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေဖြင့် အဆောက်အဦအသစ် တည်ဆောက်ခြင်းလုပ်ငန်းအတွက် ကျပ် (၁၆၆၃.၃၄၇)သန်းနှင့် သာမန်အသုံးစရိတ်ရန်ပုံငွေဖြင့် အဆောက်အဦများပြုပြင်မွမ်းမံထိန်းသိမ်းခြင်းအတွက် ကျပ် (၃.၅) သန်းကိုလည်းကောင်း၊ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် သာမန်အသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့် အဆောက်အဦများပြုပြင်မွမ်းမံထိန်းသိမ်းခြင်းအတွက် ကျပ်(၁၄.၅၁၁)သန်းကိုလည်းကောင်း၊ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် သာမန်အသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့် အဆောက်အဦများပြုပြင်မွမ်းမံထိန်းသိမ်းခြင်းအတွက် ကျပ် (၀.၉၅၇) သန်းကိုလည်းကောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေဖြင့် အဆောက်အဦအသစ်တည်ဆောက်ခြင်း လုပ်ငန်းအတွက် ကျပ် (၂၉၅.၀၅)သန်း၊ သာမန်အသုံးစရိတ်ရန်ပုံငွေဖြင့် အဆောက်အဦများပြုပြင်မွမ်းမံထိန်းသိမ်းခြင်းအတွက် ကျပ် (၁.၂၆) သန်းကိုလည်းကောင်း သက်ဆိုင်ရာဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါတယ်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(သာယာဝတီ)တွင် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းဝင်းလုံခြုံရေးအတွက် ဆောင်ရွက်ပေးရန် လိုအပ်တဲ့ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဖြစ်တဲ့ Green House(၄)လုံးပြုပြင်ပေးရန်၊ ICT ခန်းမ အမိုးပြုပြင်ပေးရန်၊ အမျိုးသမီးဆောင်ရေချိုးကန်၊ အမျိုးသားဆောင်သန့်စင်ခန်း (၄)ခန်းတွဲ (၁)လုံးပြုပြင်ရန်နှင့် ကျောင်းသားများထမင်းချက်ဆောင် အမိုးပြုပြင်ပေးရန် စတဲ့တည်ဆောက်ရေးလုပ်ငန်း(၅)မျိုးအတွက် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ်အတွင်း သာမန်အသုံးစရိတ်ခေါင်းစဉ်မှ ကျပ်(၄၉.၄၀၄)သန်း ရန်ပုံငွေကျခံ၍ ပြင်ဆင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

(၃.၅) သန်းကို လည်းကောင်း၊ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် သာမန်အသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့် အဆောက်အဦများ ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းအတွက် ကျပ် (၁၄.၅၁၁)သန်းကိုလည်းကောင်း၊ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် သာမန်အသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့် အဆောက်အဦများပြုပြင်မွမ်းမံထိန်းသိမ်းခြင်းအတွက် ကျပ် (၀.၉၅၇) သန်းကိုလည်းကောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေဖြင့် အဆောက်အဦအသစ်တည်ဆောက်ခြင်း လုပ်ငန်းအတွက် ကျပ် (၂၉၅.၀၅)သန်း၊ သာမန်အသုံးစရိတ်ရန်ပုံငွေဖြင့် အဆောက်အဦများ ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းအတွက် ကျပ် (၁.၂၆)သန်းကိုလည်းကောင်း သက်ဆိုင်ရာဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါတယ်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သာယာဝတီ)တွင် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းဝင်းလုံခြုံရေးအတွက် ဆောင်ရွက်ပေးရန် လိုအပ်တဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဖြစ်တဲ့ Green House (၄)လုံး ပြုပြင်ပေးရန်၊ ICT ခန်းမအမိုးပြုပြင်ပေးရန်၊ အမျိုးသမီးဆောင်ရေချိုးကန်၊ အမျိုးသားဆောင်သန့်စင်ခန်း (၄)ခန်းတွဲ (၁)လုံး ပြုပြင်ရန်နှင့် ကျောင်းသားများထမင်းချက်ဆောင် အမိုးပြုပြင်ပေးရန် စတဲ့ တည်ဆောက်ရေးလုပ်ငန်း(၅)မျိုးအတွက် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း သာမန်အသုံးစရိတ်ခေါင်းစဉ်မှ ကျပ်(၄၉.၄၀၄)သန်း ရန်ပုံငွေကျခံ၍ ပြင်ဆင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းအတွက် ထပ်မံလိုအပ်တဲ့ စုရုံးခန်းမ(၁)လုံး၊ နည်းပြဆောင် (၈)ခန်းတွဲ (၂)ထပ် (၁)လုံး၊ ကျောင်းအဝင်လမ်းကွန်ကရစ်ခင်းခြင်းနှင့် ကျောင်းခြံစည်းရိုး (၁၈၀၀ ပေ) ဆက်လက်ကာရံခြင်း စတဲ့ တည်ဆောက်ရေးလုပ်ငန်း(၄)မျိုး ဆောင်ရွက်နိုင်ရန် ကျပ်(၄၁၂၄.၈၀၀)သန်းအား သက်ဆိုင်ရာဘဏ္ဍာရေး နှစ်အလိုက် ရန်ပုံငွေလျာထားတင်ပြတောင်းခံခြင်းဆောင်ရွက်ပြီး ခွင့်ပြုရန်ပုံငွေ ရရှိပါက အဆိုပါလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သာယာဝတီ)ရှိ T-2000 မော်တော်ယာဉ် (၁)စီးနှင့် Mazda Jeep (၁)စီးတို့မှာ ယာဉ်အို၊ ယာဉ်ဟောင်းများအဖြစ် သတ်မှတ်ထားရှိပြီးဖြစ်၍ နိုင်ငံတော်သို့ပြန်လည်အပ်နှံခြင်း၊ အစားထိုးတောင်းခံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ အဆိုပါလုပ်ငန်းစဉ်များ ဆောင်ရွက်နေစဉ်ကာလအတွင်း ကျောင်းလုပ်ငန်းများနှင့် ကျောင်းသား/ ကျောင်းသူများ၏ ကျန်းမာရေးကိစ္စများတွင် အသုံးပြုရန် Toyota Grand HiAce မော်တော်ယာဉ် (၁)စီးအား အစားထိုးပြီး ယာယီအသုံးပြုနိုင်ရန် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ပွင့်ဖြူ၊ သာယာဝတီ၊ သထုံနှင့် ဟဲဟိုး) စတဲ့ (၄) ကျောင်းအား စိုက်ပျိုးရေးနှင့် မွေးမြူရေးဒီဂရီကောလိပ်အဆင့်သို့ တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း လမ်းညွှန်ထားရှိပါတယ်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သာယာဝတီ)အား စိုက်ပျိုးရေးနှင့် မွေးမြူရေးဒီဂရီကောလိပ်အဆင့်သို့ တိုးမြှင့်နိုင်ရေးအတွက် ၂၀၂၇ – ၂၀၂၈ ဘဏ္ဍာနှစ်တွင် လိုအပ်တဲ့ဆောက်လုပ်ရေး(၇)ခုအတွက် ရန်ပုံငွေ ထည့်သွင်းလျာထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ရှိတဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သာယာဝတီ)တွင် ကျောင်းသား၊ ကျောင်းသူများအေးချမ်းလုံခြုံစွာဖြင့် ခေတ်မီနည်းပညာများကို စာတွေ့လက်တွေ့သင်ကြားနိုင်ရန်အတွက် လစဉ်ပညာသင်ထောက်ပံ့ကြေး (၃၀၀၀၀)ကျပ် ပေးအပ်ချီးမြှင့်ခြင်း၊ Toyota Grand HiAce မော်တော်ယာဉ်(၁)စီး စီစဉ်ဆောင်ရွက်ပေးခြင်း၊ တည်ဆောက်ရေးလုပ်ငန်း(၅)ခုကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ်ရန်ပုံငွေမှ ပြုပြင်ပေးခြင်း၊ ထပ်မံလိုအပ်သည့်တည်ဆောက်ရေးလုပ်ငန်း (၄)ခုအတွက် ဘဏ္ဍာရေးနှစ်အလိုက် ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေ တင်ပြတောင်းခံပြီး ခွင့်ပြုဘဏ္ဍာငွေရရှိအပေါ်မူတည်ပြီး ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ မေးမြန်းမှုနဲ့စပ်လျဉ်းပြီး အဆောက်အဦများပြုပြင်မွမ်းမံထိန်းသိမ်းခြင်းနှင့် အဆောက်အဦအသစ်တည်ဆောက်ခြင်းများအား ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေတင်ပြတောင်းခံဆောင်ရွက်သွားမှာဖြစ်ပါကြောင်းနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (သာယာဝတီ)အား စိုက်ပျိုးရေးနှင့်မွေးမြူရေးဒီဂရီကောလိပ်အဆင့်သို့ အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် အဆောက်အဦအသစ်များတည်ဆောက်ခြင်း၊ လက်ရှိရှိပြီး အဆောက်အဦများအားပြုပြင်ခြင်း၊ လမ်းများဖောက်လုပ်ခြင်းအပါအဝင် အခြေခံလိုအပ်ချက်များအား ထည့်သွင်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ဖြေကြားအပ်ပါတယ်။