Share this

ဦးအောင်သီဟ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၅)၏ မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူလယ်သမားများ၏ မြေယာလုပ်ပိုင်ခွင့်နှင့် အကျိုးစီးပွားကို ကာကွယ်ရေး၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ စနစ်တကျ ဝင်ရောက်နိုင်ရေး၊ တောင်သူများ၏ ဝင်ငွေတည်ငြိမ် တိုးတက်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့အတွက် ၂၀၂၀ ခုနှစ် Contract Farming လုပ်ထုံးလုပ်နည်းများကိုအခြေခံ၍ Contract Farming ဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းခြင်းနှင့် Agricultural Public Private Partnership စီမံကိန်းများကို ချိတ်ဆက်ဖော်ဆောင်ခြင်း၊ စိုက်ပျိုးရေးဒေတာစနစ် တည်ဆောက်ခြင်းတို့ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်သို့သော မူဝါဒ၊ ဥပဒေ၊ စီမံချက်နှင့် လက်တွေ့အကောင်အထည်ဖော်မည့် အစီအစဉ်များ ရှိ/မရှိ သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း

Friday, September 25, 2026 - 10:30
တတိယအကြိမ်အမျိုးသားလွှတ်တော်›ပုံမှန်အစည်းအဝေး›တတိယ ပုံမှန်အစည်းအဝေး›ကြယ်ပွင့်ပြမေးခွန်းများ

တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ တတိယနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်)

ရန်ကုန်တိုင်းဒေသကြီး ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၅) မှ ဦးအောင်သီဟ၊

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တောင်သူလယ်သမားများသည် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင်ဖန်တီးရေး၊ ပို့ကုန်တိုးတက်ရေးနှင့် နိုင်ငံခြားဝင်ငွေရရှိရေးတို့အတွက် အရေးပါသော အခြေခံအင်အားစုများ ဖြစ်ကြပါသည်။ သို့သော်လည်း လက်ရှိအခြေအနေတွင် တောင်သူလယ်သမားများသည် စိုက်ပျိုးစရိတ်မြင့်မားခြင်း၊ လယ်ယာလုပ်သားရှားပါးခြင်း၊ မျိုးကောင်းမျိုးသန့် မလုံလောက်ခြင်း၊ မြေဩဇာ၊ ပိုးသတ်ဆေးနှင့် စက်သုံးဆီဈေးနှုန်းမြင့်မားခြင်း၊ သီးနှံအထွက်နှုန်းနည်းပါးခြင်း၊ သီးနှံထွက်ချိန် ဈေးကောင်းမရခြင်း၊ သိုလှောင်ရုံနှင့် အအေးခန်းမလုံလောက်ခြင်း၊ ဈေးကွက်မတည်ငြိမ်ခြင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာ၀ဘေးအန္တရာယ်များကြောင့် ဆုံးရှုံးမှုများ ကြုံတွေ့ရလျက်ရှိပါသည်။

ထို့ကြောင့် တောင်သူများသည် ထုတ်လုပ်မှုအန္တရာယ်နှင့် ဈေးကွက်အန္တရာယ်ကို တစ်ပြိုင်နက်ရင်ဆိုင်နေရပြီး စိုက်ပျိုးရေးလုပ်ငန်းမှ ဝင်ငွေတည်ငြိမ်မှုမရရှိသည့် အခြေအနေများဖြစ်ပေါ်လျက်ရှိပါသည်။ စိုက်ပျိုးစရိတ်မြင့်တက်နေချိန်တွင် သီးနှံထွက်ချိန်ဈေးနှုန်းကျဆင်းပါက တောင်သူများအနေဖြင့် အကြွေးတင်ခြင်း၊ အရှုံးပေါ်ခြင်းနှင့် လယ်ယာလုပ်ငန်းအပေါ် စိတ်အားထက်သန်မှု လျော့နည်းလာခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါသည်။ ဤအခြေအနေကိုဖြေရှင်းရန် အစိုးရ၏ မူဝါဒအကာအကွယ်၊ တောင်သူများ၏ မြေယာနှင့် လုပ်အား၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ အရင်းအနှီး၊ နည်းပညာ၊ စက်ကိရိယာ၊ သိုလှောင်ရေးနှင့် ဈေးကွက်ချိတ်ဆက်မှုတို့ကို ပေါင်းစပ်အသုံးချရမည်ဖြစ်ပါသည်။ ထိုသို့ပေါင်းစပ်နိုင်မည့် အကောင်းဆုံးစနစ်မှာ Contract Farming နှင့် AgriculturalPublic-Private Partnership စနစ်ဖြစ်ပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကန်ထရိုက်လယ်ယာစနစ်ဆောင်ရွက်ရာ၌ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများကို အမိန့်ကြော်ငြာစာအမှတ် ၁၆/၂၀၂၀ ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါလုပ်ထုံးလုပ်နည်းများတွင် တောင်သူများက လိုက်နာရမည့်အချက်များ၊ ကုမ္ပဏီ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များက လိုက်နာရမည့်အချက်များနှင့် ဌာနဆိုင်ရာများက ကြားနေအဖြစ် ကြီးကြပ်ညှိနှိုင်းရမည့်အချက်များကို ဖော်ပြထားပါသည်။ ထိုလုပ်ထုံးလုပ်နည်းများသည် Contract Farming စနစ်အတွက် အခြေခံမူဘောင်တစ်ရပ်ဖြစ်သော်လည်း လက်တွေ့တွင် ဥပဒေအဆင့်မဟုတ်သေးသည့်အတွက် တောင်သူများ၏ အခွင့်အရေးကာကွယ်ရေး၊ ကုမ္ပဏီများ၏တာဝန်ခံမှု၊ အငြင်းပွားမှုဖြေရှင်းရေး၊ အာမခံဈေးနှုန်းသတ်မှတ်ရေး၊ သီးနှံအာမခံစနစ်ချိတ်ဆက်ရေးနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ ရေရှည်ဝင်ရောက်နိုင်ရေးတို့တွင် ပိုမိုခိုင်မာသော ဥပဒေမူဘောင်လိုအပ်နေဆဲဖြစ်ကြောင်း တွေ့ရှိရပါသည်။

Contract Farming စနစ်သည် တောင်သူများ၏ မြေယာပိုင်ဆိုင်ခွင့်ကို လွှဲပြောင်းပေးရမည့်စနစ်မဟုတ်ဘဲ တောင်သူများ၏ မြေယာလုပ်ပိုင်ခွင့်ကို ဆက်လက်ထားရှိပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ အရင်းအနှီး၊ နည်းပညာ၊ မျိုးစေ့၊ သွင်းအားစု၊ စက်မှုလယ်ယာကိရိယာ၊ သိုလှောင်ရေးနှင့် ဈေးကွက်ချိတ်ဆက်မှုများကို ပူးပေါင်းအသုံးချသည့်စနစ်ဖြစ်ပါသည်။ ထိုသို့စနစ်တကျဆောင်ရွက်နိုင်ပါက တောင်သူများသည် စိုက်ပျိုးစရိတ်လျော့နည်းခြင်း၊ မျိုးကောင်းမျိုးသန့်ရရှိခြင်း၊ နည်းပညာရရှိခြင်း၊ ခေတ်မီစက်မှုလယ်ယာကိရိယာများ အသုံးပြုနိုင်ခြင်း၊ သီးနှံအထွက်နှုန်းတိုးတက်ခြင်း၊ ဈေးကွက်အာမခံချက်ရရှိခြင်းနှင့် ဝင်ငွေတည်ငြိမ်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ပါသည်။

ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက်လည်း အရည်အသွေးကောင်းမွန်ပြီး ပမာဏတည်ငြိမ်သော ကုန်ကြမ်းများရရှိနိုင်ခြင်း၊ Processing Plant များ၊ သိုလှောင်ရုံများ၊ အအေးခန်းများနှင့် ပို့ကုန်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ခြင်း၊ ပြည်တွင်းပြည်ပဈေးကွက်များသို့ ထုတ်ကုန်တင်ပို့နိုင်ခြင်းတို့ကြောင့် အကျိုးရှိနိုင်ပါသည်။ နိုင်ငံတော်အတွက်လည်း စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်ခြင်း၊ စားနပ်ရိက္ခာဖူလုံမှုခိုင်မာလာခြင်း၊ ကျေးလက်ဒေသအလုပ်အကိုင် ဖန်တီးနိုင်ခြင်း၊ ပို့ကုန်ဝင်ငွေတိုးတက်ခြင်း၊ နိုင်ငံခြားငွေဝင်ငွေတိုးတက်ခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍကို ရိုးရာစိုက်ပျိုးရေးမှခေတ်မီတန်ဖိုးမြှင့် စိုက်ပျိုးရေးစနစ်သို့ ပြောင်းလဲနိုင်ခြင်းတို့ ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ဤစနစ်သည် တောင်သူ၊ ပုဂ္ဂလိကနှင့် နိုင်ငံတော် သုံးဖက်စလုံးအတွက် အကျိုးရှိစေမည့် Win-Win-Win Model ဖြစ်လာနိုင်ပါသည်။ Contract Farming စနစ်ကို ပိုမိုထိရောက်စေရန်ဆက်လက်ဆောင်ရွက်သင့်သည့် အရေးကြီးသောအချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ပထမအနေဖြင့် ၂၀၂၀ ခုနှစ် လုပ်ထုံးလုပ်နည်းများကိုအခြေခံ၍ Contract Farming ဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းသင့်ပါသည်။ ဥပဒေအဖြစ်ပြဋ္ဌာန်းနိုင်ပါက တောင်သူများနှင့် ကုမ္ပဏီများအကြား စာချုပ်အကောင်အထည်ဖော်မှုပိုမိုခိုင်မာလာပြီး စာချုပ်ဖောက်ဖျက်မှုများအတွက်တာဝန်ခံမှုနှင့် တာဝန်ယူမှုကို တိကျစွာ သတ်မှတ်နိုင်မည် ဖြစ်ပါသည်။

ဒုတိယအနေဖြင့် Standard Contract Template ကို သတ်မှတ်သင့်ပါသည်။ စာချုပ်တွင် စိုက်ဧက၊ သီးနှံအမျိုးအစား၊ မျိုးစေ့နှင့်သွင်းအားစုပံ့ပိုးမှု၊ နည်းပညာပံ့ပိုးမှု၊ ထုတ်လုပ်ရမည့်ပမာဏ၊ အရည်အသွေးစံနှုန်း၊ ဝယ်ယူမည့်ဈေးနှုန်း၊ အနည်းဆုံးအာမခံဈေးနှုန်း၊ အမြတ်ခွဲဝေမှု၊ငွေပေးချေမှုကာလ၊ စာချုပ်သက်တမ်းနှင့် အငြင်းပွားမှုဖြေရှင်းရေးစနစ်တို့ကို မဖြစ်မနေဖော်ပြသင့်ပါသည်။

တတိယအနေဖြင့် အာမခံဈေးနှုန်း သို့မဟုတ် Guaranteed Minimum Price ကို ထည့်သွင်းသင့်ပါသည်။ သီးနှံထွက်ချိန်တွင် ဈေးနှုန်းကျဆင်းသွားပါက တောင်သူများ အရှုံးမပေါ်စေရန် အနည်းဆုံး ဝယ်ယူဈေးနှုန်းကို ကြိုတင်သတ်မှတ်ထားသင့်ပါသည်။ ဈေးကွက်ဈေးနှုန်းမြင့်တက်ပါကလည်း တောင်သူများသင့်တင့်မျှတသော အကျိုးခံစားခွင့်ရရှိစေရန် Price Adjustment Mechanism တစ်ရပ် ထည့်သွင်းသင့်ပါသည်။

စတုတ္ထအနေဖြင့် တောင်သူများ၏ မြေယာလုပ်ပိုင်ခွင့်နှင့်ပိုင်ဆိုင်ခွင့်ကို ဥပဒေအရကာကွယ်ပေးသင့်ပါသည်။ . Contract Farming သည် မြေယာရောင်းချခြင်း၊ မြေယာလွှဲပြောင်းခြင်း သို့မဟုတ် မြေယာဆုံးရှုံးစေခြင်းမဖြစ်စေရန် ဥပဒေတွင် တိတိကျကျ ပြဋ္ဌာန်းသင့်ပါသည်။ 

ပဉ္စမအနေဖြင့် အငြင်းပွားမှုဖြေရှင်းရေးကော်မတီများကို တိကျစွာဖွဲ့စည်းသင့်ပါသည်။ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင် Contract Farming Dispute Resolution Committee များ ဖွဲ့စည်းပြီး တောင်သူများနှင့် ကုမ္ပဏီများအကြားဖြစ်ပေါ်နိုင်သည့် ဈေးနှုန်း၊ အရည်အသွေး၊ သွင်းအားစု၊ ငွေပေးချေမှုနှင့် စာချုပ်ဖောက်ဖျက်မှုဆိုင်ရာ အငြင်းပွားမှုများကို လျင်မြန်၊ ပွင့်လင်းမြင်သာပြီး တရားမျှတစွာ ဖြေရှင်းပေးသင့်ပါသည်။ 

ဆဋ္ဌမအနေဖြင့် သီးနှံအာမခံစနစ်ကို Contract Farming စနစ်နှင့် ချိတ်ဆက်သင့်ပါသည်။ ရာသီဥတုပြောင်းလဲမှု၊ ရေကြီးရေလျှံမှု၊ မိုးခေါင်မှု၊ လေမုန်တိုင်းနှင့် ပိုးမွှားရောဂါများကြောင့် သီးနှံဆုံးရှုံးမှုဖြစ်ပေါ်ပါက တောင်သူများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အကာအကွယ်ရရှိနိုင်ရန် Crop Insurance System ကို ကျယ်ပြန့်စွာ ဖော်ဆောင်သင့်ပါသည်။ 

သတ္တမအနေဖြင့် Agricultural PPP စီမံကိန်းများနှင့် ချိတ်ဆက်ဆောင်ရွက်သင့်ပါသည်။ အစိုးရအနေဖြင့် ဆည်မြောင်း၊ လမ်း၊ လျှပ်စစ်၊ စိုက်ပျိုးရေးသုတေသန၊ စံချိန်စံညွှန်းနှင့် ဈေးကွက်သတင်းအချက်အလက်များကို ပံ့ပိုးပေးပြီး ပုဂ္ဂလိကကဏ္ဍအနေဖြင့် ရင်းနှီးမြှုပ်နှံမှု၊ စက်ကိရိယာ၊ သိုလှောင်ရေး၊ အအေးခန်း၊ ကုန်ချောထုတ်လုပ်ရေးနှင့် ပြည်တွင်းပြည်ပဈေးကွက်ချိတ်ဆက်မှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ 

၂၀၂၀ ခုနှစ် Contract Farming လုပ်ထုံးလုပ်နည်းများသည် ကန်ထရိုက်လယ်ယာစနစ်အတွက် အခြေခံမူဘောင်တစ်ရပ်ဖြစ်သော်လည်း မြန်မာ့စိုက်ပျိုးရေးကဏ္ဍကို ခေတ်မီစွာပြုပြင် ပြောင်းလဲနိုင်ရန်အတွက် ယင်းကို ဥပဒေအဆင့်သို့မြှင့်တင်ရန် လိုအပ်မည်ဖြစ်ပါသည်။ Contract Farming ဥပဒေတစ်ရပ်ပြဋ္ဌာန်းခြင်း၊ စာချုပ်စံနမူနာသတ်မှတ်ခြင်း၊ အာမခံဈေးနှုန်းထည့်သွင်းခြင်း၊ တောင်သူမြေယာပိုင်ဆိုင်ခွင့်ကို အကာအကွယ်ပေးခြင်း၊ အငြင်းပွားမှုဖြေရှင်းရေး ကော်မတီများဖွဲ့စည်းခြင်း၊ သီးနှံအာမခံစနစ်နှင့် Agricultural PPP စီမံကိန်းများကို ချိတ်ဆက်ခြင်း၊ စိုက်ပျိုးရေးဒေတာစနစ် တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါက တောင်သူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် နိုင်ငံတော်အတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ပါသည်။ 

သို့ဖြစ်ပါ၍ “ မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူ လယ်သမားများ၏ မြေယာလုပ်ပိုင်ခွင့်နှင့် အကျိုးစီးပွားကို ကာကွယ်ရေး၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု များ စနစ်တကျဝင်ရောက်နိုင်ရေး၊ တောင်သူများ၏ ဝင်ငွေတည်ငြိမ်တိုးတက်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့အတွက် ၂၀၂၀ ခုနှစ် Contract Farming လုပ်ထုံးလုပ်နည်းများကို အခြေခံ၍ Contract Farming ဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းခြင်းနှင့် Agricultural Public-Private Partnership စီမံကိန်းများကို ချိတ်ဆက်ဖော်ဆောင်ခြင်း၊ စိုက်ပျိုးရေးဒေတာစနစ် တည်ဆောက်ခြင်းတို့ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်သို့သော မူဝါဒ၊ ဥပဒေ၊ စီမံချက်နှင့် လက်တွေ့ အကောင်အထည်ဖော်မည့် အစီအစဉ်များ ရှိ/မရှိ သိရှိလိုပါကြောင်း” လေးစားစွာဖြင့် မေးမြန်းအပ်ပါသည်။


တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ တတိယနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်)

ရန်ကုန်တိုင်းဒေသကြီး ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၅) မှ ဦးအောင်သီဟ၊

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း ၏ ဖြေကြားချက်

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား

မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါကြောင်းနှင့် ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့အပ်ပါတယ်။

ကျွန်တော်ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သီဟမှ မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူလယ်သမားများ၏ မြေယာလုပ်ပိုင်ခွင့်နှင့် အကျိုးစီးပွားကိုကာကွယ်ရေး၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ စနစ်တကျဝင်ရောက်နိုင်ရေး၊ တောင်သူများ၏ ဝင်ငွေတည်ငြိမ်တိုးတက်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့အတွက် ၂၀၂၀ ခုနှစ် Contract Farming လုပ်ထုံးလုပ်နည်း များကိုအခြေခံ၍ Contract Farming ဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းခြင်းနှင့် Agricultural Public Private Partnership စီမံကိန်းများကို ချိတ်ဆက်ဖော်ဆောင်ခြင်း၊ စိုက်ပျိုးရေးဒေတာစနစ် တည်ဆောက်ခြင်းတို့ကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်သို့သော မူဝါဒ၊ ဥပဒေ၊ စီမံချက်နှင့်လက်တွေ့အကောင်အထည်ဖော်မည့် အစီအစဉ်များရှိ/မရှိ သိရှိလိုခြင်း ကြယ်ပွင့်ပြမေးခွန်းနဲ့ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆွေးနွေးဖြေကြားသွားမှာဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား အချက်အလက်များနှင့်တင်ပြနိုင်ရန်အတွက် PowerPoint အသုံးပြုခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပုဒ်မ ၂၉(ခ)အရ ကန်ထရိုက်လယ်ယာစနစ်ဆောင်ရွက်ရာတွင် လိုက်နာရမည့်လုပ်ထုံးလုပ်နည်းများကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ၃၁-၁-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၆/၂၀၂၀)ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

အဆိုပါ အမိန့်ကြော်ငြာစာတွင် ကန်ထရိုက်လယ်ယာစနစ်ဆောင်ရွက်ရာ၌တောင်သူများမှ လိုက်နာဆောင်ရွက်ရမည့်အချက်(၉)ချက်၊ ကုမ္ပဏီ သို့မဟုတ် ပုဂ္ဂလိကလုပ်ငန်းရှင် သို့မဟုတ် အသင်းအဖွဲ့များက လိုက်နာဆောင်ရွက်ရမည့်အချက် (၁၁)ချက်နှင့် ဌာနဆိုင်ရာများမှ လိုက်နာဆောင်ရွက်ရမည့်အချက် (၉)ချက်အားလုပ်ထုံးလုပ်နည်းများအဖြစ် ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ဌာနဆိုင်ရာများအနေနဲ့လိုက်နာဆောင်ရွက်ရမည့်အချက် (၉)ချက်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

အမိန့်ကြော်ငြာစာအမှတ် ၁၆/ ၂၀၂၀ အပေါ် အခြေခံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူကြီးကြပ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက အနီးကပ်ကြီးကြပ်ပြီး အစုအဖွဲ့(၃)ဖွဲ့နဲ့ အဓိကဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ  အစီအစဉ်သည် ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ထုတ်လုပ်သူနှင့် ဝယ်ယူသူအကြား ကြိုတင်ညှိနှိုင်းပြီးမှ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ထုတ်လုပ်သူက မိမိပိုင်တဲ့လယ်ယာမြေမှာ သီးနှံများစိုက်ပျိုးထုတ်လုပ်ပြီး ရယူခဲ့တဲ့ သွင်းအားစုတန်ဖိုး (ချေးငွေ)နဲ့ညီမျှတဲ့ သီးနှံကိုဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူအစုအဖွဲ့သို့ ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ပါတယ်။

အဲဒီလိုဆောင်ရွက်ရာမှာ ငွေကျပ် (၂၃၀)ဘီလီယံသုံးစွဲပြီး နွေစပါး၊ မိုးစပါးသီးနှံများတွင် လည်းကောင်း၊ ငွေကျပ် (၅၆.၃၁) ဘီလီယံနဲ့ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) သီးနှံများတွင်လည်းကောင်း၊ ပြည်ပတင်ပို့မည့် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone - REZ) စီမံကိန်းအား ငွေကျပ် (၈၆.၀၅၀) ဘီလီယံဖြင့်လည်းကောင်း အရင်းမပျောက် မတည်ငွေပုံစံဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။

အာဆီယံဒေသတွင်းနိုင်ငံများနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများရဲ့ ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်မှုအခြေအနေကို လေ့လာရာမှာ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ အမေရိကန်နှင့် နယ်သာလန်နိုင်ငံများတွင် ContractFarming ဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းခြင်းမရှိဘဲ အမိန့်၊ ညွှန်ကြားချက်များနဲ့ ဆောင်ရွက်ကြောင်း တွေ့ရှိရပါတယ်။

ထိုင်းနိုင်ငံမှာ The Thai Contract Farming Promotion And Development Act အား ၂၀၁၇ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တာကိုတွေ့ရှိရပြီး အိန္ဒိယနိုင်ငံတွင် Agricultural Produce Market Committee (APMC) Act, 2003 နှင့် Model Contract Farming Act (2018) တို့ဖြင့် ဆောင်ရွက်ခဲ့ပြီး The Central Contract Farming Act အား ၂၀၂၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့ကြောင်းတွေ့ရှိရပါတယ်။

အဆိုပါဥပဒေအပေါ် ၂၀၂၁ ခုနှစ်တွင် ဥပဒေရှုထောင့်မှ သုတေသနပြုလေ့လာတွေ့ရှိချက် သုတေသနစာတမ်းအရ- 

ဥပဒေကြောင်းဆိုင်ရာအထောက်အပံ့နဲ့ စာချုပ်ပါအကာအကွယ်ပေးမှုများသည် တောင်သူများ၊ စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးလုပ်ကိုင်သူများနှင့်ဆက်စပ်ကဏ္ဍများအကြား ထုတ်လုပ်မှုပမာဏ၊ ကုန်ထုတ်စွမ်းအားနှင့် ဝန်ဆောင်မှုဆိုင်ရာ စွမ်းဆောင်ရည်များကို ပူးပေါင်းမြှင့်တင်ပေးနိုင်ခြင်း၊ တောင်သူများ၏ ဝင်ငွေတည်ငြိမ်မှုကို ဖန်တီးပေးနိုင်ခြင်း၊အငြင်းပွားမှုဖြေရှင်းသည့်လုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်ခြင်း စတဲ့ အားသာချက်များကို တွေ့ရှိရပါတယ်။

အားနည်းချက်များအနေနဲ့ကတော့- 

တောင်သူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား သတင်းအချက်အလက်မညီမျှမှု (Data/ Information Asymmetry) ကြောင့် တောင်သူများအနေဖြင့် စာချုပ်ပါ အသေးစိတ်အချက်အလက်များ၊ စံချိန်စံညွှန်းမူဘောင်များ၊ လျော်ကြေးငွေသတ်မှတ်ချက်များ၊ အရည်အသွေးဆိုင်ရာစံနှုန်းများ၊ သွင်းအားစုများနှင့် ကုန်ကျစရိတ်တွက်ချက်ပုံအသေးစိတ် စသည်တို့ကို သေချာစွာသိရှိနားလည်ခွင့် ဆုံးရှုံးရခြင်း၊ 

တောင်သူများမထိန်းချုပ်နိုင်သည့် သဘာဝဘေးအန္တရာယ်များစတဲ့ မလွန်ဆန်နိုင်သော ဖြစ်ရပ်များ (Force Majeure) ပေါ်ပေါက်မှုအပေါ် တောင်သူများက သီးသန့်တာဝန်ယူထမ်းဆောင်နေရပြီး စာချုပ်များသည် မိတ်ဖက်ပြုဆောင်ရွက်မှုဆိုင်ရာ တရားမျှတမှု ကင်းမဲ့နေတဲ့အပြင် ပွင့်လင်းမြင်သာမှုအားနည်းနေခြင်း၊

အကျိုးအမြတ်ခွဲဝေမှုသည် တောင်သူများဘက်တွင် မညီမမျှဖြစ်နေပြီး ၎င်းတို့ ပြန်လည်ရရှိသည့်ဝင်ငွေမှာ နှိုင်းယှဉ်ချက်အရ လွန်စွာနည်းပါးခြင်း၊ 

စိုက်ပျိုးရေးဆိုင်ရာ အငြင်းပွားမှုများဖြစ်ပွားပါက တောင်သူများအတွက်ဥပဒေကြောင်းဆိုင်ရာနှင့် အကာအကွယ်ပေးမှုများအားနည်းခြင်း စသည်တို့ကို တွေ့ရှိရပါတယ်။

လေ့လာတွေ့ရှိချက်များအရ တောင်သူတစ်ဦးချင်းနှင့် စိုက်ပျိုးရေးစီးပွားရေး လုပ်ငန်းရှင်တို့အကြား စာချုပ်ချုပ်ဆိုဆောင်ရွက်ခြင်းထက် စိုက်ပျိုးထုတ်လုပ်သူ တောင်သူသမဝါယမ အသင်းများဖွဲ့စည်းပြီးအသင်းမှ စိုက်ပျိုးရေးစီးပွားရေး လုပ်ငန်းရှင်များနှင့် ဆက်သွယ်ဆောင်ရွက်မှုများအား ၂၀၂၀ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည့် ကန်ထရိုက်လယ်ယာစနစ်ဆောင်ရွက်ရာတွင် လိုက်နာရမည့်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သင့်ကြောင်းကိုလည်း တွေ့ရှိရပါတယ်။

အလားတူ အိန္ဒိယနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့တဲ့ The Central Contract Farming Act ဟာ အားနည်းချက်များ၊ အငြင်းပွားဖွယ်ရာများပေါ်ပေါက်ခဲ့ပြီး တောင်သူများ၏ ပြင်းထန်သောကန့်ကွက်ဆန္ဒပြမှုများကြောင့် ၂၀၂၁ခုနှစ် ဒီဇင်ဘာလတွင် အိန္ဒိယပါလီမန်မှ ပြန်လည်ရုပ်သိမ်းခဲ့ရတာကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။

ယနေ့ မြန်မာနိုင်ငံအနေနဲ့ ကန်ထရိုက်လယ်ယာစနစ် လက်တွေ့ကျင့်သုံးဆောင်ရွက်ရမှာ သီးနှံ(၆)မျိုးအတွက်သာ ဆောင်ရွက်နိုင်သေးပြီး သီးနှံအလိုက် စိုက်ဧရိယာအပေါ်လွှမ်းခြုံနိုင်မှုမှာ ကြံသီးနှံမှအပ လွန်စွာနည်းပါးလျက်ရှိတာကို တွေ့ရှိရမှာဖြစ်ပါတယ်။

အမိန့်ကြော်ငြာစာအမှတ် ၁၆/၂၀၂၀ ပါ Contract Farming လုပ်ထုံးလုပ်နည်းများနှင့် လက်တွေ့အကောင်အထည်ဖော်မှု အတွေ့အကြုံများအရ ပိုမိုခိုင်မာတဲ့ စနစ်တစ်ရပ် ဖော်ဆောင်ရာမှာ သီးနှံအာမခံဈေးနှုန်းသတ်မှတ်မှု၊ သီးနှံအာမခံစနစ်ကျင့်သုံးမှု၊ ဒစ်ဂျစ်တယ် စိုက်ပျိုးရေးဒေတာစနစ်နှင့် Traceability ဖော်ဆောင်ခြင်းလုပ်ငန်းများကို ထည့်သွင်းဆောင်ရွက်သွားရန်လိုအပ်မှုကိုလည်း တွေ့ရှိရပါတယ်။

လက်ရှိဆောင်ရွက်နေတဲ့ ကန်ထရိုက်လယ်ယာစနစ်အပေါ် ပြန်လည်သုံးသပ်ပြီး အားသာချက်များကိုတိုးပွားအောင် အားနည်းချက်များကို လျော့နည်းသွားအောင် အမိန့်၊ ညွှန်ကြားချက်များနဲ့ ဆောင်ရွက်ပြီး တောင်သူများ ကန်ထရိုက်လယ်ယာဆောင်ရွက်မှု အတွေ့အကြုံရင့်ကျက်လာပြီးမှသာ ပိုမိုခိုင်မာတိကျတဲ့ ဥပဒေတစ်ရပ်ပြဋ္ဌာန်းပြီး ဆောင်ရွက်သင့်တာကိုလည်း လက်တွေ့သုံးသပ်တွေ့ရှိရတာဖြစ်ပါတယ်။

စိုက်ပျိုးရေးဒေတာစနစ်တည်ဆောက်ခြင်းနဲ့စပ်လျဉ်းပြီး အမျိုးသားအဆင့်လမ်းပြမြေပုံဖြစ်သော စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (Agriculture  Development Strategy - ADS) (၂၀၂၆ - ၂၀၃၀)ကို စီမံအုပ်ချုပ်မှုကောင်းမွန်စေရေး၊ ထုတ်လုပ်မှုစွမ်းအားတိုးတက်ရေးနဲ့ ယှဉ်ပြိုင်နိုင်စွမ်းအားကောင်းမွန်စေရေးစသည့် အဓိကမဏ္ဍိုင် (၃)ရပ်အပေါ်အခြေပြုပြီး ထပ်ဆင့်ရလဒ် (၂၅)ခုနဲ့ချက်ချင်းရလဒ် (၂၂၆)ခုကို အကောင်အထည်ဖော်ရန် လျာထားရေးဆွဲထားရှိပါတယ်။

စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ (၂၀၂၆-၂၀၃၀)ရဲ့ အဓိကရည်မှန်းချက်ကတော့ လာမည့်ကာလအတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ၃ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန်နဲ့ တောင်သူလယ်သမားများ၏ ပျမ်းမျှဝင်ငွေကို ၅၀ ရာခိုင်နှုန်းအထိ တိုးတက်မြင့်မားလာစေရန်ဖြစ်ပါတယ်။

အဆိုပါရည်မှန်းချက်များကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် မျိုးကောင်းမျိုးသန့်များဖြန့်ဖြူးခြင်း၊ ခေတ်မီစက်မှုလယ်ယာစနစ်သို့ကူးပြောင်းခြင်း၊ ဒီဂျစ်တယ်နည်းပညာများကိုအသုံးပြုပြီး သတင်းအချက်အလက်များ ပံ့ပိုးပေးခြင်းနဲ့ ဘေးအန္တရာယ်ကင်းရှင်းသော အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ အကျိုးတူလယ်ယာစနစ် (Contract Farming) နှင့်ပတ်သက်၍ ဥပဒေတစ်ရပ်ပြဋ္ဌာန်းရန် မသင့်သေးသော်လည် လက်ရှိထုတ်ပြန်ထားသော လုပ်ထုံးလုပ်နည်းများဟာ သီးနှံများအားလုံးအတွက် ခြုံငုံရေးဆွဲထားသော SOPs ဖြစ်နေသောကြောင့် လိုအပ်ပါက ဆောင်ရွက်မည့်လုပ်ငန်းအပေါ်မူတည်၍ သီးနှံအလိုက် သီးခြားသတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများ ရေးဆွဲထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း၊ တောင်သူတစ်ဦးချင်း ကန်ထရိုက်စာချုပ်ချုပ်ဆိုခြင်းထက် တောင်သူသမဝါယမအသင်းများ၊ တောင်သူအစုအဖွဲ့များဖြင့် ကန်ထရိုက်စနစ်ဖြင့်ဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တောင်သူအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ဖြေကြားအပ်ပါတယ်။