
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ တတိယနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်)
ရန်ကုန်တိုင်းဒေသကြီး ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) မှ ဦးရဲရင့်စိုးညွှန့်၊
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ ဥက္ကံမြို့ရှိ ခရုချောင်းရိုးတူးဖော်ခြင်းနှင့် ခရုချောင်းရေတံခါး (၅'× ၁၂)(၃ပေါက်)မှာ ဥက္ကံကံကုန်းကျေးရွာ အုပ်စုအတွင်းရှိ ခရုချောင်းရိုးသည် တဘူးလှ လက်ဝဲလက်တန် (၁)မြောင်း ရေသောက်လယ်ယာများမှ ပိုလျှံသောရေများအား ခရုချောင်းရိုးအတွင်းသို့ ခရုချောင်းရေထိန်းတံခါးဖြင့် ထိန်းညှိထုတ်လွှတ်ပြီး ခရုချောင်းရိုးမှ စီးဆင်းလာသောရေကို နွေစပါးစိုက်ခင်းများအတွက် ပြန်လည်အသုံးပြုလျက်ရှိပါသည်။ ခရုချောင်းရိုးအား မတူးဖော်သည်မှာ (၂၅)နှစ်ခန့်ရှိပြီဖြစ်သောကြောင့် ကျဉ်းမြောင်းတိမ်ကေလျက်ရှိပြီး မိုးစပါးနှင့် နွေစပါးစိုက်ခင်းများ ရေစီးရေလာမကောင်းသဖြင့် နှစ်စဉ်နှစ်တိုင်း ရေကြီးနစ်မြုပ်ခြင်းတို့ကြောင့် ဒေသခံတောင်သူများက တင်ပြတောင်းဆိုလာပါသည်။
ဥက္ကံကံကုန်းကျေးရွာအုပ်စုရှိ သိမ်ကုန်းကျေးရွာနှင့် ဥက္ကံကံကုန်းကျေးရွာရှိ လယ်ယာမြေဧက(၄၀၀)ခန့်အားနွေအခါတွင် စိုက်ပျိုးရေပေးဝေနိုင်မည်ဖြစ်ပြီး မိုးအခါတွင် ရေကြီးနစ်မြုပ်မှုမှကာကွယ်ပေးနိုင်ရန်အတွက် ခရုချောင်းရိုးအား ပြန်လည်တူးဖော်ပေးရန် လိုအပ်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ "ရန်ကုန်တိုင်းဒေသကြီး ၊ တိုက်ကြီးခရိုင်၊ ဥက္ကံမြို့ရှိ ခရုချောင်းရိုးတူးဖော်ခြင်းနှင့် ခရုချောင်းရေတံခါးအား ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ/ မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင်ဆောင်ရွက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို ပြန်ကြားပေးနိုင်ပါရန် ဥက္ကဋ္ဌကြီးမှတစ်ဆင့် လွှတ်တော်သို့မေးမြန်းတင်ပြအပ်ပါသည်ခင်ဗျာ။
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ တတိယနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်)
ရန်ကုန်တိုင်းဒေသကြီး ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) မှ ဦးရဲရင့်စိုးညွှန့်၊
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ခင်ဗျား မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကျွန်တော်ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဖြစ်ပါတယ်။
အချက်အလက်များဖြင့် တင်ပြနိုင်ရန်အတွက် Power Point အသုံးပြုခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲရင့်စိုးညွန့်၏ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ ဥက္ကံမြို့ရှိ ခရုချောင်းရိုးတူးဖော်ခြင်းနှင့် ခရုချောင်းရေတံခါးအား ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ/ မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်း ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားသွားမှာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ ဥက္ကံမြို့ရှိ ခရုချောင်းရိုးသည် ရင်းတိုက်လေးပင်ကျေးရွာအုပ်စု လယ်ယာမြေများမှ စတင်မြစ်ဖျားခံပြီး အရှေ့ဘက်ရှိ ချောင်းကျိုးကျေးရွာ၊ ရင်းတိုက်လေးပင်ကျေးရွာ၊ ရေငုတ်ဝဲကျေးရွာ၊ ရေတွင်းကုန်းကျေးရွာ၊ သိမ်ကုန်းကျေးရွာ၊ ဥက္ကံ-ကံကုန်းကျေးရွာ၊ မအူခုံကျေးရွာ၊ ငှက်ဆိုးအိုင်ကျေးရွာနှင့် ပန်းဆွဲကျေးရွာများရှိ လယ်မြေများကို ဖြတ်သန်းစီးဆင်းလာကာ ရေသိုးချောင်းမှတစ်ဆင့် လှိုင်မြစ်အတွင်းစီးဝင်သော ရိုးတစ်ခုဖြစ်ပြီး ချောင်းရိုးတစ်လျှောက်တွင် သစ်ပင်ခြုံနွယ်များ ပေါက်ရောက်ကာ သဲနုန်းပို့ချတိမ်ကောနေပါသဖြင့် တူးဖော်ပေးရန် လိုအပ်လျက်ရှိပါတယ်။
ခရုချောင်းရိုးပေါ်တွင် တည်ဆောက်ထားသော ခရုချောင်းရေတံခါးမှာလည်း နှစ်ကာလကြာမြင့်ပြီဖြစ်သဖြင့် ရေတံခါးဂီယာဘောက်နှင့် ရေတံခါးရွက်များ ယိုယွင်းပျက်စီးနေသောကြောင့် ပြုပြင်ပေးရမှာ ဖြစ်ပါတယ်။
အဆိုပါ ခရုချောင်းရိုးအား တူးဖော်ပေးခြင်းဖြင့် မိုးရာသီတွင် အထက်ပါကျေးရွာများရှိ လယ်ယာမြေများကို ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးနိုင်မည်ဖြစ်သည့်အပြင် နွေစပါးစိုက်ပျိုးရာတွင် တဘူးလှဆည်ရေသောက်စနစ် လက်ဝဲလက်တန် (၁) မြောင်းရေသောက်လယ်ယာမြေများမှ စွန့်ပစ်လိုက်သော ပိုလျှံရေများကို ခရုချောင်းရိုးပေါ်ရှိ ခရုချောင်းရေတံခါးတွင် ထိန်းညှိသိုလှောင်မြှင့်တင်ပြီး ချောင်းရိုးအတွင်း စီးဆင်းနေသောရေကို ထပ်ဆင့်အသုံးချ၍ ရန်ကုန်-ပြည် ကားလမ်း အနောက်ဘက်ရှိ လယ်ယာမြေဧရိယာ (၄၀၀) ဧကအား နွေစပါးစိုက်ပျိုးရေး လုံလောက်စွာ ပေးဝေနိုင်မှာဖြစ်ပါတယ်။
ခရုချောင်းရိုး တူးဖော်ခြင်းနှင့် ခရုချောင်းရေတံခါးပြုပြင်ခြင်းလုပ်ငန်း တည်နေရာပြမြေပုံအား တင်ပြအပ်ပါတယ်။
သို့ဖြစ်ပါ၍ ခရုချောင်းရိုး တူးဖော်ခြင်းနှင့် ခရုချောင်းရေတံခါးပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် လျာထားတင်ပြခဲ့ရာ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွ ခွဲဝေရရှိခဲ့ပြီး ရက် (၁၀၀)စီမံချက်ကာလတွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပါကြောင်း၊ ခရုချောင်းရိုး တူးဖော်ခြင်းလုပ်ငန်းနှင့် ခရုချောင်းရေတံခါးပြန်လည်ပြုပြင်ခြင်း လုပ်ငန်းတို့၏ ဆောင်ရွက်ပြီးစီးမှုမှတ်တမ်းဓါတ်ပုံများနှင့်အတူ တင်ပြပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်ပေါင်းစပ်၍ ရှင်းလင်းဖြေကြားအပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်