
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ တတိယနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်)
ရန်ကုန်တိုင်းဒေသကြီး ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) မှ ဦးရဲရင့်စိုးညွှန့်၊
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ပေါက်ကူးကျေးရွာအုပ်စုရှိ မွေးနီရိုးချောင်းမှာ ချောင်းအတွင်း ခြုံနွယ်ပိတ်ပေါင်းများ ပိတ်ဆို့၍ ရေစီးရေလာ မကောင်းပါသဖြင့် တောင်သူလယ်သမားများ စပါးစိုက်ပျိုးရာတွင် အခက်အခဲဖြစ်ပေါ်နေကြောင်း ဒေသခံပြည်သူများမှ တင်ပြတောင်းဆိုလာပါသည်။ ပေါက်ကူးကျေးရွာအုပ်စုနှင့် လှပဒါးကျေးရွာအုပ်စုရှိ လယ်မြေဧက(၇၀၀)ကို ရေကြီးရေမြုပ်မှုအန္တာရာယ်မှ ကာကွယ်ပေးနိုင်ရန်အတွက် မွေးနီချောင်းအားပြန်လည်တူးဖော်ပေးရန်လိုအပ်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ “ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ပေါက်ကူးကျေးရွာအုပ်စုရှိ မွေးနီရိုးချောင်းအား ပြန်လည်တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို ပြန်ကြားပေးနိုင်ပါရန် ဥက္ကဋ္ဌကြီးမှတစ်ဆင့် လွှတ်တော်သို့မေးမြန်းတင်ပြအပ်ပါသည်ခင်ဗျာ။
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ တတိယနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်)
ရန်ကုန်တိုင်းဒေသကြီး ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) မှ ဦးရဲရင့်စိုးညွှန့်၊
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ခင်ဗျားမင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကျွန်တော်ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဖြစ်ပါတယ်။
အချက်အလက်များဖြင့် တင်ပြနိုင်ရန်အတွက် Power Point အသုံးပြုခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲရင့်စိုးညွန့်၏ ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စုရှိ မွေးနီရိုးချောင်းအား ပြန်လည်တူးဖော်ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်း ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားသွားမှာဖြစ်ပါတယ်။
မွေးနီရိုးချောင်းသည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ လှပဒါးကျေးရွာအုပ်စုနှင့် ပေါက်ကုန်းကျေးရွာအုပ်စုအတွင်းရှိ လယ်ယာမြေများတွင် မိုးရာသီရွာသွန်းသော ကွင်းရေများကို ထုတ်နုတ်ပေးသောရိုးဖြစ်ပြီး ဒွန်းတပဲ့ချောင်းအတွင်းသို့ စီးဝင်ပါတယ်။
အဆိုပါ မွေးနီရိုးချောင်းအား ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တူးဖော်ခဲ့ပြီး ပြန်လည်တူးဖော်ခြင်းမရှိခဲ့သည်မှာ (၅) နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည့်အတွက် သဲနုန်းများပို့ချကာ တိမ်ကောနေသောကြောင့် ပြန်လည်တူးဖော်မည်ဆိုပါက လှပဒါးကျေးရွာ အုပ်စုနှင့်ပေါက်ကုန်းကျေးရွာအုပ်စုအတွင်းရှိ လယ်ယာမြေဧရိယာ (၇၀၀) ဧကကို အကျိုးပြုနိုင်မည်ဖြစ်သည့်အပြင် လူနေအိမ်ခြေများ၊ သာသနိကအဆောက်အအုံများကိုလည်း မိုးရာသီတွင် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ မွေးနီရိုးချောင်းပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရန်အတွက် လျာထားတင်ပြခဲ့ရာ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ရန်ကုန်တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေခွဲဝေရရှိပြီးဖြစ်ပါသည်။
ယခုအချိန်တွင် လှပဒါးကျေးရွာအုပ်စုနှင့် ပေါက်ကုန်းကျေးရွာအုပ်စုများမှ လယ်ယာမြေများမှာ မိုးစပါးစိုက်ပျိုးထားလျက်ရှိသောကြောင့် စက်ယန္တရားများသွားလာရန် အခက်အခဲရှိပါသဖြင့် မိုးစပါးရိတ်သိမ်းပြီးချိန်တွင် မွေးနီရိုးချောင်းပြန်လည်တူးဖော်ခြင်းလုပ်ငန်းအား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်ပေါင်းစပ်၍ ရှင်းလင်းဖြေကြားအပ်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါတယ်