
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ တတိယနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်)
ရန်ကုန်တိုင်းဒေသကြီး ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) မှ ဦးရဲရင့်စိုးညွှန့်၊
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် သမီးကလေးကျေးရွာအနီးရှိ လဂွမ်းပြင်ရေလှောင်တမံမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ရန်ကုန်မြို့တော်နေ ပြည်သူလူထုအတွက် သောက်သုံးရေနေ့စဉ် ရေဂါလန် သန်း(၄၀)ကို ပေးဝေလျက်ရှိပါသည်။
သောက်သုံးရေပေးဝေရာတွင် မြေသားမြောင်း (Open Channel)နှင့် သဘာဝချောင်းများမှတစ်ဆင့် အမှတ်(၂)လမ်းမကြီးနှင့် အမှတ်(၇) လမ်းမကြီး လမ်းဆုံးအနီးရှိ လဂွမ်းပြင်ရေသန့်စက်ရုံသို့ တစ်ရက်လျှင် ဂါလန်သန်း(၄၀)ခန့် ပေးပို့လျက်ရှိပါသည်။ လဂွမ်းပြင်တမံမှ မြေသားမြောင်းအရှည်(၉)မိုင်ကျော်နှင့် ခရိန်ချောင်းနှင့် ရှမ်းတဲကြီးချောင်းအလျား(၂၁)မိုင်ကျော်တို့မှတစ်ဆင့် ငမိုးရိပ်ချောင်းပေါ်ရှိ လဂွမ်းပြင်ရေသန့်စက်ရုံ၏ ရေယူအဆောက်အအုံသို့ ပေးပို့လျက်ရှိကြောင်းသိရှိရပါသည်။
ရေပေးပို့ရာတွင် ဆည်မြောင်း၏ တူးမြောင်းများအပြင် ခရိန်ချောင်းနှင့် ရှမ်းတဲကြီးချောင်းကဲ့သို့ သဘာဝချောင်းမြောင်းများမှတစ်ဆင့် လူနေကျေးရွာ/ရပ်ကွက်များ၊ ငါးကန်များ၊ စက်ရုံအလုပ်များကိုဖြတ်သန်း၍ လဂွမ်းပြင်ရေသန့်စက်ရုံသို့ ရေပေးဝေရသဖြင့် သောက်သုံးရေအဖြစ် ရေသန့်စင်ရာတွင် ကုန်ကျစရိတ်များပြားနိုင်ပါသည်။ အထူးသဖြင့် နွေရာသီစပါးစိုက်ပျိုးချိန်တွင် လယ်ကွင်းများမှ ပိုလျှံသည့်ရေများတွင် ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးအကြွင်းအကျန်များ ပါဝင်နိုင်ပြီး ရေကိုအသုံးပြုသူများ၏ ကျန်းမာရေးကို ထိခိုက်နိုင်ပါသဖြင့် တူးမြောင်းဖြင့် ရေယူမည့်အစား ရေပိုက်လိုင်းသွယ်တန်း၍ ရေယူပါက ပိုမိုသင့်လျော်မည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ လဂွမ်းပြင်ရေလှောင်တမံမှ လဂွမ်းပြင်ရေသန့်စက်ရုံသို့ ရေသွယ်ယူရာတွင် ပိုက်လိုင်းသွယ်တန်းပြီး ရေရယူမည့် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ် ရှိပါကမည်သည့်အချိန်တွင်ဆောင်ရွက်ပေးမည်နှင့် အစီမစဉ်မရှိပါကမည်သည့်အတွက်ကြောင့်ဖြစ်သည်ကို ပြန်ကြားပေးနိုင်ပါရန် ဥက္ကဋ္ဌကြီးမှတစ်ဆင့် လွှတ်တော်သို့ မေးမြန်းတင်ပြပါသည်ခင်ဗျာ။
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ တတိယနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်)
ရန်ကုန်တိုင်းဒေသကြီး ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) မှ ဦးရဲရင့်စိုးညွှန့်၊
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ခင်ဗျား။
မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကျွန်တော်ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဖြစ်ပါတယ်။
အချက်အလက်များဖြင့် တင်ပြနိုင်ရန်အတွက် Power Point အသုံးပြုခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲရင့်စိုးညွန့်၏ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ သမီးကလေးကျေးရွာအနီးရှိ လဂွမ်းပြင်ရေလှောင်တမံမှ လဂွမ်းပြင်ရေသန့်စက်ရုံသို့ ရေသွယ်ယူရာတွင် ပိုက်လိုင်းသွယ်တန်းပြီး ရေရယူမည့်အစီအစဉ် ရှိ/ မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်း ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ဖြေကြားသွားမှာဖြစ်ပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်းရေးဆွဲထားသော ရန်ကုန်မြို့ရေပေးဝေရေးစနစ်ဆိုင်ရာ မဟာဗျူဟာစီမံကိန်းအစီရင်ခံစာ 2040 Master Plan အရ ရန်ကုန်မြို့ရေပေးဝေရေးစနစ်အား အဆင့်မြှင့်တင်နိုင်ရန်ရည်ရွယ်၍ လဂွမ်းပြင် ရေပေးဝေရေးစီမံကိန်းကို ၂၀၁၃ ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ မတ်လတွင် လုပ်ငန်းများအားလုံး အောင်မြင်စွာ ပြီးစီးခဲ့ပြီး ရေသန့်စင်ပေးဝေနိုင်ခဲ့ပါတယ်။
လဂွမ်းပြင်ရေပေးဝေရေးစီမံကိန်း ပထမအဆင့်အနေဖြင့် လဂွမ်းပြင်ရေလှောင်တမံမှရေကို အလျား (၁၀.၈) မိုင်ခန့်ရှိ လဂွမ်းပြင်မြေသားရေပေးမြောင်းမကြီးမှတစ်ဆင့် ခရိန်ချောင်းရေတံခါး၏ အထက်ဘက်ချောင်းတစ်လျှောက် အလျား (၆.၃၅) မိုင်ခန့်ကိုလည်းကောင်း၊ ထိုမှတစ်ဆင့် ရှမ်းတဲကြီးချောင်းအတွင်း အလျား (၁၂.၅) မိုင်ခန့်နှင့် ငမိုးရိပ်ချောင်းအတွင်းအလျား (၁.၃၅) မိုင်ခန့်ကိုလည်းကောင်း၊ စုစုပေါင်း အလျား(၃၁) မိုင်ခန့်ကို Raw water အနေဖြင့် ဖြတ်သန်းစီးဆင်းပြီးနောက် အမှတ်(၇)လမ်းမကြီးဘေး စိတ်ကျန်းမာရေးဆေးရုံအနီးရှိ ရေတွန်းစက်ရုံသို့ ပို့ဆောင်ပေးပါတယ်။ ထို့နောက် ရေတွန်းစက်ရုံမှတစ်ဆင့် အလျား (၃) မိုင်ခန့်၊ အချင်း (၄၀) လက်မ HDPE ပိုက်လိုင်း (၂) လိုင်းအား အမှတ် (၇) လမ်းမကြီးဘေးတစ်လျှောက်သွယ်တန်းပြီး တစ်ရက်လျှင် ရေဂါလန် (၄၀) သန်းခန့်ကို လဂွမ်းပြင်ရေသန့်စင်စက်ရုံသို့ ပေးပို့လျက်ရှိပါတယ်။ သန့်စင်ပြီးသောက်သုံးရေများကို ဒဂုံမြို့သစ်မြို့နယ် (၄)မြို့နယ်၊ သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့အပြင် သီလဝါအထူးစီးပွားရေးဇုန်တို့ကို ဖြန့်ဖြူးပေးဝေလျက်ရှိပါတယ်။
လဂွမ်းပြင်ရေလှောင်တမံမှ လက်ရှိရေသွယ်ယူနေသည့် လမ်းကြောင်းပြမြေပုံအား တင်ပြအပ်ပါတယ်။
လဂွမ်းပြင်ရေလှောင်တမံမှရေကို မြေသားရေပေးမြောင်းများ၊ ချောင်းများမှ အဆင့်ဆင့်ရယူခြင်းထက် ရေပို့ပိုက်လိုင်းမကြီးများဖြင့် သွယ်တန်းရယူပါက အရည်အသွေး ပိုမိုကောင်းမွန်သော သောက်သုံးရေများကို ရရှိနိုင်မှာဖြစ်ပါတယ်။
ထို့ကြောင့် လဂွမ်းပြင်ရေပေးဝေရေးစီမံကိန်း ဒုတိယအဆင့်အား အကောင်အထည်ဖော်ဆောင်ရွက်၍ ထပ်တိုးရေဂါလန် (၄၀) သန်းကို လဂွမ်းပြင်ရေလှောင်တမံမှထပ်မံတိုးမြှင့်ရယူကာ ရေပို့ပိုက်လိုင်းကြီးများဖြင့် သွယ်တန်းရယူနိုင်ရန် ရေရှည်စီမံကိန်များရေးဆွဲထားပါတယ်။
လဂွမ်းပြင်ရေလှောင်တမံမှ လဂွမ်းပြင်ရေသန့်စက်ရုံသို့ ရေပို့ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက ရေလှောင်တမံမှ တူးမြောင်းမကြီးတစ်လျှောက်၊ ထိုမှတစ်ဆင့် ရဲမွန်တပ်မြို့နှင့် ဇရပ်ကွင်းစက်မှုဇုန်တို့ကို ဖြတ်သန်းကာ အမှတ် (၁) လမ်းမကြီးတစ်လျှောက်၊ ထိုမှတစ်ဆင့် အမှတ်(၂)လမ်းမကြီးတစ်လျှောက် သွယ်တန်းရန်အတွက် လမ်းကြောင်းလျာထားပြီး မူလရေဂါလန် (၄၀) သန်း၊ ထပ်တိုးရေဂါလန် (၄၀) သန်း၊ နေ့စဉ် စုစုပေါင်းရေဂါလန် (၈၀) သန်း ရယူနိုင်မှာဖြစ်ပါတယ်။ အချင်း (၈၀)လက်မရှိ ပိုက်လိုင်းအား အလျား (၂၆)မိုင်ခန့် သွယ်တန်းရမည်ဖြစ်ကာ ကုန်ကျစရိတ်များပြားသဖြင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့် ရန်ပုံငွေ ပူးပေါင်းကူညီမှုများ ရယူ၍သော်လည်းကောင်း၊ ODA Loan ချေးငွေရယူ၍သော်လည်းကောင်း၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေတွင် တင်ပြတောင်းခံ၍ နှစ်ရှည်စီမံကိန်းအဖြစ်သော်လည်းကောင်း လုပ်ငန်းအဆင့်အလိုက် ပိုင်းခြားသတ်မှတ်ပြီး အကောင်အထည် ဖော်ဆောင်ရွက်သွားရန် လျာထားလျက်ရှိပါတယ်။ လဂွမ်းပြင်ရေလှောင်တမံမှ ပိုက်လိုင်းဖြင့် ရေသွယ်ယူမည့်လမ်းကြောင်းပြမြေပုံအား တင်ပြအပ်ပါတယ်။
စီမံကိန်းမဆောင်ရွက်မီ ကျွမ်းကျင်ပညာရှင်များနှင့်ပူးပေါင်း၍ စီမံကိန်းအကြိုလုပ်ငန်းများဖြစ်သော စီမံကိန်းဆိုင်ရာ အခြေခံအချက်အလက်များ ကောက်ယူခြင်း၊ စီမံကိန်းဖြစ်နိုင်စွမ်းလေ့လာမှု (Feasibility Study) ဆောင်ရွက်ခြင်း၊ စီမံကိန်းကြောင့် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာသက်ရောက်မှုများမဖြစ်ပေါ်စေရန် Environmental Impact Assessment နှင့် Social Impact Assessment များပြုလုပ်ခြင်း၊ အသေးစိတ်ဒီဇိုင်းပုံစံများရေးဆွဲခြင်းနှင့် ခန့်မှန်းကုန်ကျစရိတ်များ တွက်ချက်ခြင်းစသည့်လုပ်ငန်းများကို အနည်းဆုံး (၂) နှစ်ခန့် အချိန်ယူဆောင်ရွက်ရမှာဖြစ်ပါတယ်။
ထိုသို့စီမံကိန်းဖြစ်မြောက်နိုင်စွမ်းလေ့လာရာတွင် Environmental Impact Assessment နှင့် Social Impact Assessment များ ကွင်းဆင်းဆောင်ရွက်ရာ၌ ရေပိုက်လိုင်းသွယ်တန်းမည့် လမ်းတစ်လျှောက်ရှိ မြို့ရွာများတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းမှု (Stakeholders Consultation) များ ပြုလုပ်ရာ၌ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏ ပူးပေါင်းကူညီမှုကို မဖြစ်မနေရယူဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။
သို့ဖြစ်ပါ၍ လဂွမ်းပြင်ရေလှောင်တမံမှရေကို လဂွမ်းပြင်ရေသန့်စင်စက်ရုံသို့ ပိုက်လိုင်းဖြင့် ရေသွယ်ရယူနိုင်ရန် ရှေးဦးစွာ စီမံကိန်းဖြစ်မြောက်နိုင်စွမ်းကို လေ့လာဆန်းစစ်၍ အင်ဂျင်နီယာဒီဇိုင်းပုံစံများနှင့် စီမံကိန်းကုန်ကျစရိတ်တွက်ချက်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး မြေပြင်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ ရေရှည်စီမံကိန်း (Long Term Plan) များ ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရေပေးဝေရေးဆိုင်ရာ စီမံကိန်းကြီးများ၏ သဘောသဘာဝသည် ကနဦး ရင်းနှီးမြှုပ်နှံမှု (Initial investment) ပမာဏများသည့်အပြင် စီမံကိန်းဆောင်ရွက်ပြီးစီးပါကလည်း စီမံကိန်းလည်ပတ်ရန်နှင့် ရေရှည်တည်တံ့စေရေးအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန် နှစ်စဉ်ဘဏ္ဍာငွေများစွာ အသုံးပြုနေရပါသဖြင့် ပြည်သူလူထုအနေဖြင့် ရေကိုစနစ်တကျချွေတာ၍ တန်ဖိုးထားသုံးစွဲကြရန် လိုအပ်ပါကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားအပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်