
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ စတုတ္ထနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်)
ရှမ်းပြည်နယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) မှ ဦးခင်မောင်မြင့်၊
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် မားသဲကျေးရွာအုပ်စုတွင်ရှိသော ကျေးရွာများ မြို့နှင့်ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အဓိကဆက်သွယ်သွားလာရသော ဗထူးမြို့လမ်းခွဲမှ ငါးပင်ရွာသစ်- ငါးပင်ရွာ- တောင်ကြီးရွာ-လယ်မားရွာ- ရေဦးရွာ- တောင်စဉ်မြောင်ရွာ- မုံပြင်ရွာ- ရေဖြူရွာ ကျေးရွာချင်းဆက်လမ်း (၁၉)မိုင်ရှိပါသည်။ ၎င်းကျေးရွာချင်းဆက်လမ်း ဗထူး- မုံပြင်သည် မြေသားအမာခံ ကျောက်ခင်းလမ်း (၁၈)မိုင်ဖောက်လုပ်ဆောင်ရွက်ပြီးသော်လည်း နှစ်ကာလကြာမြင့်ခဲ့ပြီဖြစ်ခြင်းကြောင့်လည်းကောင်း၊ ရာသီဥတုဖောက်ပြန်၍ မိုးများခြင်းကြောင့် ၎င်းလမ်းပိုင်းများပျက်စီးခဲ့ပြီး မိုးတွင်းကာလများတွင် သွားလာရခက်ခဲမှုများ ဖြစ်ပေါ်နေကြောင်းသိရှိရပါသည်။ ၎င်းလမ်းပိုင်းသည် ကျေးရွာအုပ်စုတွင်းမှာရှိသော အခြားသောကျေးရွာများနှင့်လည်း အဓိကဆက်သွယ်သွားလာရသောလမ်းပိုင်းဖြစ်ပြီး မားသဲကျေးရွာအုပ်စုရှိကျေးရွာများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများအတွက် အကျိုးပြုသည့် အဓိကလမ်းပိုင်းဖြစ်ပါသည်။ မားသဲအုပ်စု၏ အစွန်ဆုံးဖုံပြင်ကျေးရွာ ရေဖြူကျေးရွာများနှင့်ဆက်စပ်နေသော နန်းလွဲကျေးရွာအုပ်စု မယ်စလီ၊ အုန်းခရိုင်ကျေးရွာများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ဆက်သွယ်သွားလာမှုကိုလည်း ချိတ်ဆက်ဆောင်ရွက်ပေးနိုင်သည့်လမ်းဖြစ်ပါသည်။ ၎င်းလမ်း ဗထူးလမ်းခွဲမှ မုံပြင်-ရေဖြူကျေးရွာများအထိ လမ်းပိုင်းများကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းအားဖြင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပါသည်။ မုံပြင်-ရေဖြူ (၁)မိုင်ကို မြေသားအမာခံကျောက်ခင်းလမ်းဆောင်ရွက်ပေးရန်နှင့် ဗထူး- မုံပြင်လမ်း(၁၈)မိုင် မြေသားအမာခံရှိပြီးအပိုင်းများနှင့် ပျက်စီးနေသော ကျောက်အမာခံရှိပြီးအပိုင်းများကို ကတ္တရာလမ်းအပြင် ဆောင်ရွက်ပေးနိုင်ရန်လိုအပ်နေပါသည်။
သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် မားသဲကျေးရွာအုပ်စုရှိ ကျေးရွာအများစုဆက်သွယ်သွားလာသည့် ဗထူး-မုံပြင်လမ်း (၁၈) မိုင်ကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခြင်းရှိ/မရှိနှင့် မုံပြင်-ရေဖြူလမ်း (၁)ကို မြေသားအမာခံ ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ဒေသခံပြည်သူများ၏ကိုယ်စား လေးစားစွာဖြင့်တင်ပြမေးမြန်းအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ စတုတ္ထနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်)
ရှမ်းပြည်နယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) မှ ဦးခင်မောင်မြင့်၊
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမျိုးမြင့် ၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး၊ ဒုတိယဥက္ကဋ္ဌနှင့်တကွ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ....
ကျွန်တော်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ဦးခင်မောင်မြင့်မှ မေးမြန်းထားသည့် မေးခွန်းအား ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါသည်။
Power Point ဖြင့် ရှင်းလင်းတင်ပြခွင့်ပြုပါခင်ဗျာ
- လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့် အဆိုပါလမ်းသည် ရွှေညောင် - ရပ်စောက် - အင်တော - ကျောက်ဂူ - နောင်ချို လမ်းမကြီးပေါ်ရှိ ဗထူးမြို့မှ မုံပြင်ရွာ၊ ရေဖြူရွာတို့သို့ ဆက်သွယ်ထားသောလမ်းဖြစ်ပါသည်။
- မေးခွန်းပါ လမ်းအရှည် ၁၉ မိုင်အနက် ဗထူးလမ်းခွဲမှ ရေဖြူရွာအထိ လမ်းအရှည် ၁၅ မိုင် ၂ ဖာလုံသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းပိုင်းတွင်ပါဝင်ပြီး ကျန်လမ်းပိုင်း လမ်းအရှည် ၃ မိုင် ၆ ဖာလုံခန့်သည် လတ်တလော လမ်းမှတ်တမ်းစာရင်းတွင် ပါဝင်ခြင်း မရှိသေးသည့်အတွက် လမ်းသိမ်းသွင်းခြင်းလုပ်ငန်းစဉ်ကို ဦးစွာဆောင်ရွက်ရမည် ဖြစ်ပါသည်။
- လက်ရှိလမ်းအခြေအနေမှာ
-ကျောက်လမ်း ၁၂ မိုင် ၆ ဖာလုံ၊
- မြေလမ်း ၂ မိုင် ၄ ဖာလုံ၊
စုစုပေါင်း ၁၅ မိုင် ၂ ဖာလုံဖြစ်ပါသည်။
- ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း လမ်းမိုင်ပေါင်း ၃,၄၁၀ မိုင် ၃ ဖာလုံရှိပြီး လက်ရှိလမ်းအခြေအနေမှာ -
- ကတ္တရာကွန်ကရစ်(AC)လမ်း ၇၃ မိုင် ၁ ဖာလုံ
- ကွန်ကရစ်လမ်း ၃၂ မိုင် ၆ ဖာလုံ
- ကတ္တရာလမ်း ၂,၁၄၃ မိုင် ၄ ဖာလုံ
- ကျောက်ခင်းလမ်း ၂၂၅ မိုင် ၁ ဖာလုံ
- အမာခံလမ်း ၁၁၇ မိုင် ၇ ဖာလုံ
- မြေလမ်း ၆၅၉ မိုင်နှင့်
- ဆိုင်ကယ်လမ်း ၁၅၉ မိုင်ဖြစ်ပါသည်။
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ.....
ဗထူးလမ်းခွဲမှ ရေဖြူရွာအထိလမ်းပိုင်း လမ်းအရှည် ၁၅ မိုင် ၂ ဖာလုံအနက်မှ ကျောက်ခင်းလမ်းအဖြစ်ဆောင်ရွက်ရန် ကျန်ရှိသော မြေလမ်း ၂ မိုင် ၄ ဖာလုံကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လျာထားသွားမည်ဖြစ်ပြီး ဆက်လက်၍ ကျောက်ခင်းလမ်းအပိုင်းများအား ကတ္တရာလမ်းအဖြစ်သို့ အဆင့်မြှင့်တင်နိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်၍ နှစ်အလိုက်လျာထားသွားမည်ဖြစ်ပါကြောင်း လေးစားစွာ ရှင်းလင်းဖြေကြားအပ်ပါသည်။
အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။