Share this

ဒေါ်မီမီကျော်ထွန်း၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)၏ ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ မိုင်းခွန်းကျေးရွာအုပ်စုနှင့် ဆက်သွယ်ထားသော လမ်းပိုင်း(၁၃)မိုင်ရှိပြီး ၎င်း(၁၃)မိုင်တွင် ကွန်ကရစ်လမ်း (၂)မိုင် (၇)ဖာလုံ၊ အမာခံလမ်း (၈)မိုင် (၁)ဖာလုံနှင့် မြေသားလမ်း (လမ်းမဖောက်ရသေး) (၂)မိုင်ရှိပြီး ကွန်ကရစ်ခင်းရန် ကျန်ရှိသောအပိုင်းအား ကွန်ကရစ်ဆက်လက်ခင်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

Monday, September 28, 2026 - 13:50
တတိယအကြိမ်အမျိုးသားလွှတ်တော်›ပုံမှန်အစည်းအဝေး›တတိယ ပုံမှန်အစည်းအဝေး›ကြယ်ပွင့်ပြမေးခွန်းများ

တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ စတုတ္ထနေ့(၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်)

ကချင်ပြည်နယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) မှ ဒေါ်မီမီကျော်ထွန်း၊

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

တနိုင်းမြို့နယ်၊ မိုင်းခွန်းကျေးရွာအုပ်စုတွင် အိမ်ခြေ (၇၅၃)၊ အိမ်ထောင်စု (၆၂၃)စု လူဦးရေစုစုပေါင်း (၄,၉၈၆) ဦး နေထိုင်ပြီး အများစုမှာ လယ်ယာလုပ်ကိုင်ကြပါသည်။ မိုင်းခွန်းကျေးရွာပတ်ဝန်းကျင်တွင် တနိုင်းမြို့မှ တောင်သူများနှင့် ကျေးရွာနေတောင်သူများ၏ လယ်ဧက စုစုပေါင်း (၆,၈၃၁)ဧကကို နှစ်စဉ်လုပ်ကိုင်လျက်ရှိပါသည်။

မိုင်းခွန်းကျေးရွာအုပ်စုသည် တနိုင်းမြို့နယ်၏ ၂၀၂၆ - ၂၀၂၇ ခုနှစ်တွင် တစ်မြို့နယ်လုံး ဆန်စပါးဖူလုံမှုကို အဓိကစိုက်ပျိုးသည့် ဒေသဖြစ်သောကြောင့် လမ်းပန်းဆက်သွယ်ရေးဟာ အဓိကဖြစ်သောကြောင့် ကျန်ရှိနေသော အမာခံလမ်း (၈)မိုင် (၁) ဖာလုံနှင့် မြေသားလမ်း (၂) မိုင်တို့အား အဆင့်မြှင့်ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသောကြောင့် မေးမြန်းရခြင်းဖြစ်ပါသည်။


တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ စတုတ္ထနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်)

ကချင်ပြည်နယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) မှ ဒေါ်မီမီကျော်ထွန်း၊

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍ 

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမျိုးမြင့် ၏ ဖြေကြားချက်

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ.....

ကျွန်တော့်အနေနဲ့ ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ဒေါ်မီမီကျော်ထွန်းမှ မေးမြန်းထားတဲ့ မေးခွန်းအား ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါသည်။

Power Point ဖြင့် ရှင်းလင်းတင်ပြခွင့်ပြုပါခင်ဗျာ.....

လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့် ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စုနှင့် ဆက်သွယ်ထားသောလမ်းပိုင်း တနိုင်း - မိုင်းခွန်လမ်း (တနိုင်းမြို့နယ်အပိုင်း) သည် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းပိုင်းဖြစ်ပြီး မိုင် ၀/၀ မှ ၁၃/၀ အထိ လမ်းအရှည် ၁၃ မိုင်ရှိပါသည်။

လက်ရှိလမ်းအခြေအနေမှာ -

ကွန်ကရစ်လမ်း ၂ မိုင် ၇ ဖာလုံ

 ကျောက်လမ်း ၁ ဖာလုံ

 အမာခံလမ်း ၈ မိုင်နှင့်

 မြေသားလမ်း ၂ မိုင် ဖြစ်ပါသည်။

ကချင်ပြည်နယ်အတွင်း လမ်းမိုင်ပေါင်း ၂,၆၃၅ မိုင် ၅ ဖာလုံရှိပြီး လက်ရှိအခြေအနေမှာ -

 ကတ္တရာ ကွန်ကရစ်လမ်း ၁၅၂ မိုင် ၁ ဖာလုံ

ကွန်ကရစ်လမ်း ၃၂၅ မိုင် ၂ ဖာလုံ

ကတ္တရာလမ်း ၇၃၅ မိုင် ၅ ဖာလုံ 

ကျောက်ခင်းလမ်း ၂၆၉ မိုင် ၁ ဖာလုံ

အမာခံလမ်း ၄၂၁ မိုင် ၂ ဖာလုံနှင့်

မြေသားလမ်း ၇၃၂ မိုင် ၂ ဖာလုံဖြစ်ပါသည်။

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ....

လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့် ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စုနှင့် ဆက်သွယ်ထားသောလမ်းပိုင်း ၁၃ မိုင်တွင် ကွန်ကရစ်ခင်းရန် ကျန်ရှိသော ၁၀ မိုင် ၁ ဖာလုံအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

လမ်းအဆင့်မြှင့်တင်နိုင်ရေးအတွက် -

ပထမအဆင့်အနေဖြင့် ၂၀၂၇ - ၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် မြေသားလမ်းအပိုင်း၏ မိုင်တိုင် ၁၁/၀ မှ ၁၁/၆ အတွင်း ၆ ဖာလုံအား ပြန်လည်ပြုပြင်ဖောက်လုပ်ခြင်းနှင့် အမာခံလမ်းခင်းခြင်းလုပ်ငန်း၊

ဒုတိယအဆင့်အနေဖြင့် ၂၀၂၈ - ၂၀၂၉ ဘဏ္ဍာရေးနှစ်မှစတင်၍ မြေသားလမ်းအပိုင်း၏ ကျန်ရှိနေသော ၁ မိုင် ၂ ဖာလုံအား ပြန်လည်ပြုပြင်ဖောက်လုပ်ခြင်းနှင့် အမာခံလမ်းခင်းခြင်း လုပ်ငန်းများဆောင်ရွက်ရန် ရန်ပုံငွေလျာထားသွားမည်ဖြစ်ပြီး၊

အမာခံလမ်းများအဖြစ် ဆောင်ရွက်ပြီးပါက ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေဆက်လက်လျာထားသွားမည်ဖြစ်ပါကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်၍ လေးစားစွာ ရှင်းလင်းဖြေကြားအပ်ပါသည်။

အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။