Share this

ဦးကျော်ကျော်လတ်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀)၏ CHUBB Life Myanmar Insurance Company နှင့်ပတ်သက်၍ ပြည်သူများ၏ အာမခံအခွင့်အရေးများ ဆုံးရှုံးနေမှုကို သက်ဆိုင်ရာဌာနများမှ မည်သို့စီမံဆောင်ရွက်ပေးလျက်ရှိသည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

Monday, September 28, 2026 - 14:07
တတိယအကြိမ်အမျိုးသားလွှတ်တော်›ပုံမှန်အစည်းအဝေး›တတိယ ပုံမှန်အစည်းအဝေး›ကြယ်ပွင့်ပြမေးခွန်းများ

တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ စတုတ္ထနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်)

ရန်ကုန်တိုင်းဒေသကြီး ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) မှ ဦးကျော်ကျော်လတ်၊

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

CHUBB Life မြန်မာနိုင်ငံရုံးခွဲ CHUBB Life Myanmar Insurance Limited ကို ၂၀၁၉ ခုနှစ်တွင် တရားဝင်ဖွင့်လှစ်ခဲ့ပြီး၊ အသက်အာမခံလုပ်ငန်းများကို ဝန်ဆောင်မှုပေးခဲ့ရာ သုံးစွဲသူ customer စုစုပေါင်း ၂၀,၀၀၀ ကျော်၏ အသက်အာမခံဆိုင်ရာများကို ဝန်ဆောင်ပေးခဲ့ပါသည်။ 

သို့သော် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် CHUBB Life Myanmar ၏ အသက်အာမခံဝန်ဆောင်မှုပေးခြင်းများအား ရပ်စဲလိုက်ပြီဖြစ်ကြောင်းကို အာမခံကိုယ်စားလှယ်များမှတဆင့် အာမခံထားရှိသူများက သိခဲ့ရပြီးနောက် အာမခံထားရှိသူများမှ ပုံမှန်ပေးသွင်းနေကြ အာမခံကြေးများကို ပေးသွင်းရန် CHUBB ဘက်မှ လက်ခံခဲ့ခြင်းမရှိတော့ပါ။ ထိုအချိန်မှ စတင်၍ ယနေ့ထိ (၆လထိတိုင်) CHUBB Life Myanmar ဘက်မှ အသက်အာမခံထားရှိသူများကို တရားဝင်ဆက်သွယ် အကြောင်းကြားခြင်းနှင့် တရားဝင်ထုတ်ပြန်ခြင်းများ(လုံးဝ)မရှိခဲ့ပါ။

ထို့ကြောင့် အသက်အာမခံထားရှိသူများအနေဖြင့် အသက်အာမခံ အကာအကွယ်ကင်းမဲ့စွာဖြင့် (၆)လခန့် နေနေရခြင်းနှင့် CHUBB Life Myanmar ထံမှ မည်သည့်တရားဝင်အကြောင်းကြားမှုကိုမှ မရရှိခြင်းစသည့် အခက်အခဲများကို ကြုံတွေ့နေရပြီး ပေးသွင်းထားသောငွေများအတွက် ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။

CHUBB Life Myanmar အနေဖြင့် တသက်တာဘဝလုံခြုံမှုအတွက် အသက်အာမခံကို ယုံကြည်စွာထားရှိသည့် Policy holder များ၏ယုံကြည်မှုကိုအလေးမထားဘဲ ယနေ့အချိန်ထိ မည်သို့စီစဉ်နေသည်ကိုလည်းကောင်း၊ မည်သို့ဆက်လက်ဆောင်ရွက်မည်ကိုလည်းကောင်း တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုမှုမပြုခြင်းသည် ပြည်သူလူထု၏ အာမခံလုပ်ငန်းနယ်ပယ်အပေါ်ထားရှိသောအမြင်ကို ဆိုးရွားစွာသက်ရောက်မှုများဖြစ်ပေါ်နေစေပါသည်။

သို့ဖြစ်ပါ၍ CHUBB Life Myanmar Insurance Company နှင့်ပတ်သက်၍ ပြည်သူများ၏ အာမခံအခွင့်အရေးများ ဆုံးရှုံးနေမှုကို သက်ဆိုင်ရာဌာနများမှ မည်သို့ စီမံဆောင်ရွက်ပေးလျက်ရှိသည်ကို သိရှိလိုပါကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းအပ်ပါသည်။


တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ စတုတ္ထနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်)

ရန်ကုန်တိုင်းဒေသကြီး ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) မှ ဦးကျော်ကျော်လတ်၊

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၏  ဖြေကြားချက်

လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ကျွန်တော်ကတော့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဟန်ဝင်းအောင် ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၂)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လတ်၏ “CHUBB Life Myanmar Insurance Company နှင့်ပတ်သက်၍ ပြည်သူများ၏အာမခံအခွင့်အရေးများဆုံးရှုံးနေမှုကို သက်ဆိုင်ရာဌာနများမှ မည်သို့စီမံဆောင်ရွက်ပေးလျက်ရှိသည်ကို သိရှိလိုခြင်း” မေးခွန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဖြေကြားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေကို ၁၉၉၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်နည်းဥပဒေများကို ၁၉၉၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါတယ်။

၂၀၁၃ ခုနှစ် မတိုင်မီက မြန်မာနိုင်ငံ အာမခံဈေးကွက်အတွင်း နိုင်ငံပိုင်အာမခံလုပ်ငန်းတစ်ခုတည်းသာရှိရာမှ အာမခံကဏ္ဍတွင် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများတိုးတက်လာစေရန်ရည်ရွယ်၍ “မြန်မာနိုင်ငံအာမခံဈေးကွက် လွတ်လပ်ခွင့်ပြုခြင်းလုပ်ငန်းစဉ် ပထမအဆင့်” အနေဖြင့် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က ၂၀၁၃ ခုနှစ်တွင် ပြည်တွင်းပုဂ္ဂလိကအာမခံကုမ္ပဏီ (၁၁) ခု ကို လိုင်စင်ပေးအပ်ခဲ့ပါတယ်။

“မြန်မာနိုင်ငံအာမခံဈေးကွက် လွတ်လပ်ခွင့်ပြုခြင်းလုပ်ငန်းစဉ် ဒုတိယအဆင့်”အနေဖြင့် အာမခံဈေးကွက်အတွင်း ပုဂ္ဂလိကကဏ္ဍမှ ပိုမိုဝင်ရောက်လုပ်ကိုင်ခွင့်ပြုသည့် လုပ်ငန်းစဉ်ကို ဆက်လက်အရှိန်မြှင့်နိုင်ရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်နိုင်စေရန်ရည်ရွယ်၍ နိုင်ငံခြားအာမခံကုမ္ပဏီများအတွက် မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်ခွင့်ပြုရန် "အာမခံလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံချက်နှင့် လမ်းပြမြေပုံ" ကို ၂၀၁၇ ခုနှစ်တွင် ရေးဆွဲခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခဲ့ပါတယ်။

အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံအာမခံလုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရန်အတွက် နိုင်ငံခြားရာနှုန်းပြည့်ပိုင် အသက်အာမခံကုမ္ပဏီ၊ ပြည်တွင်းဖက်စပ်အသက်အာမခံကုမ္ပဏီနှင့် ပြည်တွင်းဖက်စပ် အထွေထွေအာမခံကုမ္ပဏီများအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest - EOI) နှင့် အဆိုပြုလျှောက်လွှာ (Request for Proposal - RFP) များအား တင်သွင်းနိုင်ကြောင်း ၂-၁-၂၀၁၉ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထုတ်ပြန်ကြေညာချက်အရ ၁-၃-၂၀၁၉ ရက်နေ့တွင်RFP တင်သွင်းလာသည့် နိုင်ငံခြားရာနှုန်းပြည့်ပိုင် အသက်အာမခံကုမ္ပဏီများတွင် Chubb Life Myanmar Insurance Company အပါအဝင် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီရေးဆွဲထားသည့် လိုင်စင်ရွေးချယ်စိစစ်ခြင်းစံနှုန်းများနှင့်ကိုက်ညီသော နိုင်ငံခြားရာနှုန်းပြည့်ပိုင် အသက်အာမခံကုမ္ပဏီ (၅)ခု (AA ၊ CHUBB ၊ Daichi ၊ Manulife နှင့် Prudential) စာရင်းကို ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်(၇/၂၀၁၉) ခွင့်ပြုချက်ဖြင့် ၅-၄-၂၀၁၉ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါ နိုင်ငံခြားရာနှုန်းပြည့်ပိုင် အသက်အာမခံကုမ္ပဏီ (၅)ခု ၊ နိုင်ငံခြားနှင့် ပြည်တွင်းဖက်စပ် အသက်အာမခံကုမ္ပဏီ (၃)ခုနှင့် ဖက်စပ်အထွေထွေအာမခံ ကုမ္ပဏီ (၃) ခု၊ စုစုပေါင်း (၁၁)ခုကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့တွင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ပေးအပ်ခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံ အာမခံဈေးကွက်တွင် နိုင်ငံသားပိုင် အသက်အာမခံကုမ္ပဏီ (၉)ခု၊ နိုင်ငံသားပိုင် အထွေထွေအာမခံကုမ္ပဏီ (၆)ခု၊ နိုင်ငံခြားရာနှုန်းပြည့်ပိုင် အသက်အာမခံကုမ္ပဏီ (၅)ခု၊ ဖက်စပ်အသက်အာမခံကုမ္ပဏီ (၃)ခု၊ ဖက်စပ်အထွေထွေအာမခံကုမ္ပဏီ (၃)ခု၊ စုစုပေါင်း အာမခံကုမ္ပဏီ (၂၆) ခုနှင့် နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းတို့မှ အသက်နှင့်အထွေထွေအာမခံဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါတယ်။

Chubb Life Myanmar Insurance Company သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ယင်းတို့၏ သဘောဖြင့် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ပိတ်သိမ်းပြီး မြန်မာနိုင်ငံမှထွက်ခွာသွားခြင်းနှင့်စပ်လျဉ်း၍ Chubb Life Myanmar Insurance Company မှ အသက်အာမခံယ်ယူထားသည့် ပေါ်လစီရှင်များ ဆုံးရှုံးနစ်နာမှုမရှိစေရေး ရန်ကုန်မြို့၊ မြန်မာနိုင်ငံအာမခံအသင်း၌ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာနိုင်ငံအာမခံအသင်းနှင့် လိုင်စင်ရအသက်အာမခံကုမ္ပဏီများ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ “နိုင်ငံတကာရှိ အာမခံကုမ္ပဏီများ ဖျက်သိမ်းသည့်အခါ ဆောင်ရွက်သည့် နည်းလမ်းဖြစ်သော ယင်းကုမ္ပဏီမှ အာမခံဝယ်ယူထားသည့် အသက်အာမခံပေါ်လစီများကို မြန်မာနိုင်ငံအတွင်းရှိ အခြားအသက်အာမခံကုမ္ပဏီတစ်ခုခုသို့ လွှဲပြောင်းပေးနိုင်ရေး” ဆွေးနွေးဆောင်ရွက်ခဲ့ပါတယ်။

Chubb Life Myanmar Insurance Company ၏ ရရန်ရှိနှင့် ပေးရန်ရှိများအား လွှဲပြောင်းရယူမည့် အသက်အာမခံကုမ္ပဏီထံမှ စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ကို ဖိတ်ခေါ်ခဲ့ရာ နိုင်ငံခြားရာနှုန်းပြည့်ပိုင် အသက်အာမခံကုမ္ပဏီတစ်ခုက EOI ပေးပို့လာပါတယ်။

၎င်းတို့ တင်ပြထားသော EOI လုပ်ငန်းစဉ်နှင့် အချိန်ဇယားအတိုင်း Chubb Life Myanmar Insurance Company ၏ အသက်အာမခံပေါ်လစီများကို ဆန်းစစ်မှုများ ဆောင်ရွက်ပြီးဖြစ်ပါတယ်။

ဆက်လက်၍ အသက်အာမခံ ပေါ်လစီရှင်များအား စိစစ်မှုလုပ်ငန်းစဉ် (Due Diligence) ဆောင်ရွက်လျက်ရှိရာ ၉၀ ရာခိုင်နှုန်းခန့်စိစစ်ပြီးဖြစ်ပါတယ်။

အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် Chubb Life Myanmar Insurance Company ထံမှ အာမခံဝယ်ယူထားသည့် ပြည်သူများ၏ အာမခံအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေးအတွက် Chubb Life Myanmar Insurance Company အာမခံပေါ်လစီရှင်များကို လက်ခံရယူမည့်ကုမ္ပဏီမှ စိစစ်မှုလုပ်ငန်းစဉ် (Due Diligence) ပြီးစီးချိန်တွင် အာမခံအမျိုးအစားအပေါ်မူတည်ပြီး သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အဲဒီလို ဆောင်ရွက်မယ့် အခြေအနေများကိုလည်း Chubb Life Myanmar Insurance Company ၏ အသက်အာမခံပေါ်လစီရှင်များသို့ “အသိပေးကြေညာချက်” ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

Chubb Life Myanmar Insurance Company ကိုလည်း “အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ” ဆက်လက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။