ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး
စတုတ္ထနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၈ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်
(၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်)
[ တနင်္လာနေ့ ]
၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ နေ့လယ် ၁၃:၃၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း
၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၂၀၉)ဦး ရှိပြီး (၂၀၁)ဦး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၄၂ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။
ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း
၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ (၂၀၉)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ(၈)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူ မရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ) အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၄။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-
( က ) ဦးခင်မောင်မြင့်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ မားသဲကျေးရွာအုပ်စုရှိ ကျေးရွာ အများစု ဆက်သွယ်သွားလာသည့် ဗထူး - မုံပြင်လမ်း (၁၈)မိုင်ကို ကတ္တရာလမ်း အဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် မုံပြင် - ရေဖြူလမ်း (၁)မိုင်ကို မြေသားအမာခံကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးသန့် က ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လျာထားသွားမည်ဖြစ်ပါကြောင်းနှင့် ကျောက်ခင်းလမ်းအပိုင်းများအား ကတ္တရာလမ်းအဖြစ်သို့ အဆင့်မြှင့်တင်နိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်၍ နှစ်အလိုက် လျာထားသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
( ခ ) ဒေါ်မာလာဆန်း၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ၏ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၏ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးတို့အတွက် အောင်ပန်းမြို့တွင် မြို့ရှောင်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးသန့် က အောင်ပန်းမြို့ရှောင်လမ်းအား လယ်ယာမြေထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း ကြိုတင်လေ့လာမှု ဆောင်ရွက်ပြီးပါက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်၍ ရှင်းလင်းဖြေကြားပါသည်။
( ဂ ) ဒေါ်မီမီကျော်ထွန်း၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၄) ၏ ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ မိုင်းခွန်းကျေးရွာ အုပ်စုနှင့် ဆက်သွယ်ထားသော လမ်းပိုင်း(၁၃)မိုင်ရှိပြီး ၎င်း(၁၃)မိုင်တွင် ကွန်ကရစ်လမ်း (၂)မိုင် (၇)ဖာလုံ၊ အမာခံလမ်း (၈)မိုင် (၁)ဖာလုံနှင့် မြေသားလမ်း (လမ်းမဖောက်ရသေး) (၂)မိုင်ရှိပြီး ကွန်ကရစ်ခင်းရန် ကျန်ရှိသောအပိုင်းအား ကွန်ကရစ်ဆက်လက်ခင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးသန့် က ကွန်ကရစ်ခင်းရန် ကျန်ရှိသောအပိုင်းအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြင်ဆင် ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လမ်းအဆင့်မြှင့်တင်နိုင်ရေးအတွက် ပထမအဆင့်အနေဖြင့် ၂၀၂၇- ၂၀၂၈ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း ပြန်လည်ပြုပြင်ဖောက်လုပ်ခြင်းနှင့် အမာခံလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေလျာထား သွားမည်ဖြစ်ပါကြောင်းနှင့် အမာခံလမ်းများအဖြစ် ဆောင်ရွက်ပြီးပါက ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေဆက်လက်လျာထားသွားမည်ဖြစ်ပါကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်၍ ရှင်းလင်း ဖြေကြားပါသည်။
(ဃ) ဒေါ်မီမီကျော်ထွန်း၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ၏ ၂၀၂၆ခုနှစ်၊ ပြည်ထောင်စုအခွန်ဥပဒေပါ ရည်ရွယ်ချက်များနှင့် အညီ နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေများ စနစ်တကျစုဆောင်းရရှိရေး၊ ဒေသအတွင်းရှိ စီးပွားရေးလုပ်ငန်းများအား အဆင်ပြေချောမွေ့စွာ အခွန်ပေးဆောင် နိုင်ရေးနှင့် ခရိုင်အဆင့်ဒေသအဖြစ် အုပ်ချုပ်ရေးနှင့်ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်း များ ပိုမိုထိရောက်လာစေရေးတို့အတွက် တနိုင်းမြို့နယ်တွင် အခွန်ဦးစီးဌာနရုံး တည်ဆောက်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေး နှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် က တနိုင်းမြို့နယ်၏ အခွန်စည်းကြပ်ထိုက်သော ပုဂ္ဂိုလ်တို့အခြေအနေအရ တနိုင်းမြို့နယ်တွင် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ဖွင့်လှစ်ရန် လတ်တလောအနေဖြင့် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
( င ) ဦးကျော်ကျော်လတ်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) ၏ CHUBB Life Myanmar Insurance Company နှင့် ပတ်သက်၍ ပြည်သူများ၏ အာမခံအခွင့်အရေးများဆုံးရှုံးနေမှုကို သက်ဆိုင်ရာဌာနများမှ မည်သို့စီမံဆောင်ရွက်ပေးလျက်ရှိသည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် က အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် Chubb Life Myanmar Insurance Company ထံမှ အာမခံဝယ်ယူထားသည့် ပြည်သူများ၏ အာမခံအခွင့်အရေး များ ဆုံးရှုံးမှုမရှိစေရေးအတွက် Chubb Life Myanmar Insurance Company အာမခံပေါ်လစီရှင်များကို လက်ခံရယူမည့်ကုမ္ပဏီမှ စိစစ်မှုလုပ်ငန်းစဉ် (Due Diligence) ပြီးစီးချိန်တွင် အာမခံအမျိုးအစားအပေါ်မူတည်ပြီး သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်မည့်အခြေအနေများကိုလည်း အဆိုပါကုမ္ပဏီ၏ အသက်အာမခံ ပေါ်လစီရှင်များထံသို့ “အသိပေးကြေညာချက်” ထုတ်ပြန်ပေးသွားမည်ဖြစ်ပါ ကြောင်းနှင့် အဆိုပါကုမ္ပဏီကိုလည်း “အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ” ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
အဆိုဆက်လက်ဆွေးနွေးခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း
၅။ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) ဒေါ်ခင်ဆွေ က ပြည်ပမှ မြန်မာနိုင်ငံအတွင်း အာမခံလုပ်ငန်းများ ရပ်ဆိုင်း/ထွက်ခွာသည့်အခါ အာမခံထားသူ ပြည်သူများ၏ ရပိုင်ခွင့်များ မဆုံးရှုံးစေရန် အာမခံကာကွယ်ရေးရန်ပုံငွေ (Insurance Guarantee Fund) တည်ထောင်ရေးနှင့် လွှဲပြောင်းကာကွယ်ရေးစနစ် ဥပဒေ/နည်းဥပဒေပြဋ္ဌာန်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ခြင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၆)ဦးက ဆက်လက်ဆွေးနွေးပါသည်။
၆။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် က ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့် ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။
၇။ အစည်းအဝေးကို ၁၅:၄၈ နာရီအချိန်တွင် ရပ်နားပြီး ပဉ္စမနေ့အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက် (ကြာသပတေးနေ့) တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
အမျိုးသားလွှတ်တော်