ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး
၁၂ ရက်မြောက်နေ့ အစီအစဉ်
[ ၅ - ၂ - ၂၀၁၈ ]( တနင်္လာနေ့ ) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်း ကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် ၁၂ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။
၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -
(က) ဦးကျော်ကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းစက်မှုဇုန်သည် ပထမအကြိမ် လွှတ်တော်သက်တမ်းကာလကပင် စတင်ခဲ့ရာ ယနေ့အချိန်ထိဆိုလျှင် (၆)နှစ်ခန့်မျှ ကြာမြင့်ပြီးဖြစ်၍ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှု အခြေအနေ၊ ပြီးစီးမှုအခြေအနေ များနှင့် နောက်နှစ်မည်မျှကြာကြာ လုပ်ဆောင်ရမည့် အခြေအနေများကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ခ ) ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့တွင် သန့်ရှင်းသော သောက်သုံးရေတစ်နှစ်ပတ်လုံး လုံလောက်စွာရရှိရေးအတွက် ခမောင်းချောင်းလျှိုပိတ်ဆည်(တပ်တောင်ဆည်)မှ ရေများကို ပိုက်များဖြင့် စနစ်တကျသွယ်တန်းပေးပြီး တပ်တောင်မြို့အား ရေပေးဝေရေးအတွက် လာမည့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် သောက်သုံးရေ လုံလောက်စွာ မရရှိသေးသော တခြားမြို့များကိုလည်း သောက်သုံးရေ ဖြန့်ဖြူးနိုင်ရန် အတွက် လျှိုပိတ်ဆည်များ သို့မဟုတ် တခြားသော ရေသိုလှောင်သည့် နည်းစနစ်များဖြင့် ရေပေးဝေရန် အစီအစဉ် ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ဂ ) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်အတွင်း သရီချောင်းနယ်မြေဖြစ်သည့် ကျားနင်းကန်၊ လိပ်မ၊ စိန်ခြုံ၊ ကျခပ်ပြင်ကျေးရွာဟောင်း၊ ကျခပ်ပြင်ကျေးရွာသစ်နှင့် စဖိုသားကျေးရွာများသို့ 11.KV လျှပ်စစ်လိုင်းများသွယ်တန်းပြီး (400)ဗို့အားလိုင်းများဖြင့် ကျေးရွာ များ မီးလင်းရေးအတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဃ) ဦးဖေတင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ အစိုးရအောင်ဘာလေထီ ဆုငွေများ ထုတ်ယူရာတွင် အနည်းဆုံးတန်ဖိုးငွေကျပ် သောင်းဂဏန်းမှ အများဆုံး ငွေကျပ် ငါးသိန်း သို့မဟုတ် ငွေကျပ် ဆယ်သိန်းအထိကို သက်ဆိုင်ရာ အခွန်ဦးစီး ဌာနမှတစ်ဆင့် ထုတ်ယူစေပြီး ကျန်ဆုမဲကြီး များအား ပုံမှန်ထုတ်ပေးနေကျ နည်းလမ်းများအတိုင်း ငွေထုတ်ပေးသည့် စနစ်ကို ဆုကြေးနည်း ထုတ်ယူသူများအတွက် ဖြေလျှော့ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊
( င ) ဦးမြမင်းဆွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီမှ မြို့ဝင်မြို့ထွက် များတွင် ငွေကောက်ခံရေးစခန်းများ ဖွင့်လှစ်၍ ငွေကောက်ခံနေခြင်းကို ရပ်ဆိုင်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။
၆။ ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ကျေးရွာတစ်ရွာ ထုတ်ကုန် တစ်ခု ONE VILLAGE ONE PRODUCT(OVOP) ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာ (RURAL DEVELOPMENT STRATEGY) အစီအစဉ်အား ဆင်းရဲသော ပြည်နယ်နှင့် တိုင်းများအား ဦးစားပေးလျက် သက်ဆိုင်ရာဝန်ကြီးဌာနများတွင် ဘဏ္ဍာငွေတစ်ရပ် ထည့်သွင်းရေးဆွဲကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို တင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့် မသင့် အဆုံးအဖြတ် ရယူခြင်း။
၇။ အဆိုကို အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်ပါက ယင်းအဆိုကို လက်ခံဆွေးနွေးရန် မရှိကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။
(သို့မဟုတ်)
အဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ပါက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။
၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၂ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၃ ရက်မြောက်နေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။