ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး
ပထမနေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်
၁၃၇၉ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက်
( ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် )
[ တနင်္လာနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဥ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည် -
(က) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်၊ ဝဲကြီးေဒါင့်ကျေးရွာနှင့် ရွှေပြည်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း တို့တွင် (၂၀၀ x ၃၀ x ၂၅)ပေ နှစ်ထပ် RC ကျောင်းဆောင်သစ် တစ်ဆောင်စီကို ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့်စပ်လျဥ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က ပညာရေးဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝဲကြီးေဒါင့် ကျေးရွာနှင့် ရွှေပြည်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့တွင်(၁၈၀x၃၀) ပေ (၁)ထပ်ဆောင် တစ်ဆောင်စီ အသစ်ဆောက်လုပ်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(တည်ဆောက်ရေး)ရန်ပုံငွေ လျာထားချက်စာရင်းတွင် မြို့နယ်ဦးစားပေး အစီအစဥ်အရ ထည့်သွင်းလျာထားပြီးဖြစ်ပါကြောင်း ဖြေကြား ပါသည်။
( ခ ) ဦးချစ်ထွေး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)၏ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့၊ ကွက်သစ်ရပ်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းအတွက် (၁၄၀x၃၀)ပေ RC နှစ်ထပ်ကျောင်းဆောင်သစ်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တွင် လျာထားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့၊ ကွက်သစ်ရပ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် လိုအပ်သော သိပ္ပံဆောင်၊ စာကြည့်တိုက်နှင့် စာသင်ခန်းအဖြစ် အသုံးပြုနိုင်ရန် (၆၀x၃၀)ပေ (၁)ထပ်ဆောင်အသစ် ဆောက်လုပ်ရန်အတွက် လိုအပ်သော ရန်ပုံငွေကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(တည်ဆောက်ရေး)၊ ရန်ပုံငွေလျာထားချက်စာရင်းတွင် မြို့နယ်ဦးစားပေး အစီအစဥ်အရ ထည့်သွင်း လျာထားပြီးြဖစ်ပါကြောင်း ြေဖကြားပါသည်။
( ဂ ) ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် ကျေးလက်ဒေသ ပညာသင်ကြားရေး အခန်းကဏ္ဍ အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က ဟိုပန်မြို့နယ်၊ မုန်းဟွမ်(ဝ)ကျေးရွာ အခြေခံပညာမူလတန်းကျောင်း(ခွဲ)နှင့် မုန်းကွန်(ရှမ်း)ကျေးရွာ အခြေခံပညာမူလတန်းကျောင်း(ခွဲ)တို့မှာ ကျောင်းဆောင် သစ်များ ဆောက်လုပ်ပေးရမည့် အခြေအနေထက် ဦးစားပေးဆောင်ရွက်ရမည့် ကျောင်းများ ရှိနေသည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရောက်ရှိမှသာ မြို့နယ် ဦးစားပေးအစီအစဥ်အရ စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဟင်းနား ကျေးရွာတွင် ပညာရေးဝန်ကြီးဌာန၏ အမည်ပေါက် နိုင်ငံတော်ပိုင် ဖြစ်သည့် အသိအမှတ်ပြုကျောင်း ဖွင့်လှစ်ထားရှိခြင်း မရှိသေးသည့်အတွက် ကျောင်းဆောင် ဆောက်လုပ်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ဖြေကြားပါသည်။
(ဃ) ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီ မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)များတွင် (၄၀၀ x ၂၅၀)ပေ ကျောင်းအားကစားကွင်း/ဘောလုံးကွင်းများ လာမည့်ဘဏ္ဍာရေးနှစ်များတွင် တူးဖော်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာနတို့၏ ပေါင်းစပ် ဖြေကြားမှုအရ ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း အခြားကျန်ရှိသည့် အခြေခံ ပညာအထက်တန်းကျောင်းများနှင့် အခြေခံပညာအလယ်တန်းကျောင်းများအတွက် ဘောလုံးကွင်းများ ဖော်ထုတ်နိုင်ရေးနှင့်ပတ်သက်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွက် ရန်ပုံငွေစိစစ်လျှော့ချမှုအရ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ပြန်ကြားလာမှုအပေါ် ပေါင်းစပ်ရှင်းလင်း ဖြေကြားပါသည်။
(င) ဦးခင်မောင်လတ်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ရခိုင်ပြည်နယ်၊ ရသေ့ တောင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) ကိုယ်စားလှယ် နေရာ အတွက် ရွေးကောက်ပွဲပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးအောင်မြင့် က လစ်လပ် မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၈ ခုနှစ်အတွင်း ကျင်းပ ပြုလုပ်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
အတည်ပြုခြင်း
၃။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန််လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းမှု မရှိသဖြင့် ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်း
၄။ ဥပဒေကြမ်းကော်မတီဝင်၊ ဦးအောင်ကြည်ညွန့်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပါသည်။
အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း
၅။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ် ဖော်ပြလက်မှတ်ရေးထိုး၍ ၁၈-၁-၂၀၁၈ (ကြာသပတေးနေ့)ထက် နောက်မကျဘဲ အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည် စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။
၆။ အစည်းအဝေးကို နေ့လယ် ၁၁း၀၀ နာရီအချိန်တွင် ရပ်နားပါသည်။ ဒုတိယနေ့ အစည်း အဝေးကို ၁၇-၁-၂၀၁၈ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပရန် လျာထားပါသည်။
အမျိုးသားလွှတ်တော်