Share this

ဒသမနေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် (၁.၂.၂၀၁၈)

Wednesday, February 28, 2018 - 11:45
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

ြပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး

ဒသမနေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် 

 

၁၃၇၉ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်

( ၂၀၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက် )

[ကြာသပတေးနေ့]

 

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၀၁၈ ခုနှစ်၊  ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဥ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည် - 

(က)ဒေါက်တာဦးကြွယ်ကြွယ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ အလွန် အမင်းဆိုးရွားစွာ ပျက်စီးလျက်ရှိသည့် ငါးသရောက် - ဇဂျမ်း - တောင်သာလမ်း၊ ဇဂျမ်း - မြင်းခြံ ကားလမ်းနှင့် တောင်သာ - နွားထိုးကြီးလမ်း တို့ကို ဆယ့်နှစ်ရာသီ အသုံးပြုနိုင်သော ကတ္တရာ သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် အသစ်တည်ဆောက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က  ငါးသရောက် - ဇဂျမ်း - တောင်သာလမ်း၊ ဇဂျမ်း - မြင်းခြံ ကားလမ်းနှင့် တောင်သာ - နွားထိုးကြီးလမ်း တို့သည် လမ်းအဆင့် သတ်မှတ် ချက်အရ Class (A) တွင် ပါဝင်ပါသဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မတိုင်မီ ရာသီမရွေး သွားလာနိုင်သော လမ်းများအဖြစ် အဆင့်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

( ခ )ဒေါက်တာခွန်ဝင်းသောင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မိုးမောက် မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့အပိုင်တွင် မူလနေရာ၌ လက်ရှိအသုံးပြုရန် မလိုအပ်တော့ သည့် တာပိန် မြစ်ကူးကြိုးတံတား(မြို့သစ်)အဟောင်းအား မိုးလဲချောင်း ဖြတ်သန်း စီးဆင်းရာ သင့်တော်သည့် ကျေးရွာတစ်ခုခု၌ ပြောင်းရွှေ့တပ်ဆင်ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဥ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးကျော်လင်း က မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့တွင် တံတားအသစ် တစ်စင်း ဆောက်လုပ်ပြီးဖြစ်ပါသဖြင့် ယခု မလိုအပ်တော့သည့် တာပိန်မြစ်ကူး ကြိုးတံတား (အဟောင်း)အား မိုးမောက်မြို့နယ်အတွင်း မိုးလဲချောင်းတစ်လျှောက်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လမ်းများ၏ သင့်လျော်သည့် နေရာတစ်နေရာအား ရွေးချယ်၍ ပြောင်းရွှေ့တည်ဆောက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။

( ဂ )ဦးဇော်ဟိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ တနင်္သာရီတိုင်း ဒေသကြီး၊ တနင်္သာရီမြို့နယ်၊ မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်တို့ကို ဆက်သွယ် ပေးမည့် မင်းသန်း - မောင်းလှော် မြစ်ကူးတံတား (၁)စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးကျော်လင်း က တနင်္သာရီမြို့နယ်၊ မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်တို့ကို ဆက်သွယ်ပေးမည့် မင်းသန်း - မောင်းလှော်မြစ်ကူးတံတားသည် လမ်းအဆင့် သတ်မှတ်ချက်အရ Class (A) ဦးစားပေးအဆင့်(၁)တွင် ပါဝင်သည့် လမ်းပေါ်တွင် တည်ရှိပါသဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မတိုင်မီ ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍  အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။

(ဃ)ဒေါ်သန်းသန်းအေး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ မကွေးတိုင်း ဒေသကြီး၊ မင်းလှမြို့နယ်၊ ပနီချောင်းကူး (ရှမ်းတပ်) တံတားကို သံကူကွန်ကရစ် တံတားအဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြန်လည် ပြုပြင်တည်ဆောက် ပေးရန် အစီအစဉ် ရှိ/မရှိ  မေးခွန်းနှင့်စပ်လျဥ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က အဆိုပါ တံတားမှာ Class (A) ဦးစားပေးအဆင့်(၁) တွင် ပါဝင်သောလမ်းပေါ်တွင် တည်ရှိပါသဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မတိုင်မီ တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍  အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

( င ) ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ရခိုင်ပြည်နယ် မြောက်ပိုင်း တွင် ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးရာ၌ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရန် ပုဏ္ဏားကျွန်း - ပေါက်တော မြစ်ကူးတံတား တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က အဆိုပါ တံတားကြီးသည် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်နှင့် စစ်တောင်းမြစ်များပေါ်တွင် တည်ဆောက်သော တံတားများကဲ့သို့ မဟုတ်ဘဲ ဒီရေ အတက်အကျရှိသော ပင်လယ်ဝတွင် တည်ဆောက်ရမှာ ဖြစ်သည့်အတွက် လှိုင်းအလွန်ကြီးမားပြီး ပြည်တွင်းရေကြောင်း နှစ်ထပ်သင်္ဘောများ စစ်တွေမြို့မှ ပုဏ္ဏားကျွန်းမြို့ - ြေမာက်ဦးမြို့ - ကျောက်တော်မြို့သို့ နေ့စဥ်သွားလာလျက်ရှိ သဖြင့် ရေလမ်း ကင်းလွတ်အမြင့်အပါအဝင် Foundation အထိ မီတာ (၁၀၀)ခန့် တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ လက်ရှိမြန်မာနိုင်ငံတွင် တည်ဆောက်နေသော တံတားကြီးများမှာ အသုံးပြုနေသည့် စက်ယာဥ်/ယန္တရားများနှင့် လုံလောက်မှု မရှိ၍ အဆင့်မြင့် စက်ယာဥ်/ယန္တရားများ လိုအပ်လာမှာဖြစ်သည့်အပြင် ငွေကြေး ပိုင်းဆိုင်ရာ ကုန်ကျမှုမြင့်မားသည့်အတွက် ရန်ပုံငွေအကန့်အသတ်လည်းရှိမှာ ဖြစ်ပါကြောင်း၊  ရခိုင်ပြည်နယ်၏ အဓိက ဝင်ပေါက် လမ်းမကြီးများြဖစ်သော မင်းဘူး - အမ်း - စစ်တွေလမ်းနှင့် ငသိုင်းချောင်း - ဂွ - သံတွဲ လမ်းပေါ်ရှိ ယာယီ တံတားများအား အဆင့်မြှင့်တင်ြခင်း လုပ်ငန်းများကို ယခု(၅)နှစ် စီမံကိန်းကာလ အတွင်း ဦးစားပေးဆောင်ရွက်လျက်ရှိသဖြင့် လုပ်ငန်းပမာဏကြီးမားသော အဆိုပါ ကစ္ဆပနဒီ(ကုလားတန်)မြစ်ကူးတံတားအတွက် နိုင်ငံခြားအကူအညီများ တောင်းခံသွားမည်ဖြစ်ပြီး နိုင်ငံတကာအကူအညီ ရရှိမှုပေါ်မူတည်၍ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

( စ )ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မင်းဘူးမြို့နယ် တွင် အသစ်ပြန်လည် တည်ဆောက်ခဲ့သည့် ရေပူရိုးချောင်းတံတားနှင့် တံတား ချဉ်းကပ်လမ်း ဆောင်ရွက်ခြင်းတွင် လုပ်ငန်းပြီးစီးမှုနှင့် ကျွမ်းကျင်မှုဆိုင်ရာ အရည် အသွေး စစ်ဆေးရေး/ထိန်းသိမ်းရေး Work Done & Quality Control (WD/QC) အဖွဲ့များက စစ်ဆေးလက်ခံပြီးမှ တံတား ချဉ်းကပ်လမ်း ပြိုကျပျက်စီး မှုတွင် တာဝန်ရှိသူများကို မည်ကဲ့သို့ အရေးယူ ဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဥ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က အဆိုပါ ရေပူရိုးချောင်းတံတား တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက် ခဲ့သော ကုမ္ပဏီနှင့် တာဝန်ရှိသူများကို ယခင် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သလို စစ်ဆေးအရေးယူနိုင်ရန်အတွက် အကြောင်းကြားစာပေးပို့ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြာပါသည်။

စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းကို အသိပေးတင်ပြခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၃။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ ထားသော စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းကို အသိပေးတင်ပြပါသည်။

၄။ အမျိုးသားလွှတ်တော် က အတည်ပြုပြီး ပေးပို့ထားသော စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်း နှင့်စပ်လျဥ်း၍   ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက  ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲ အလိုက် အသေးစိတ်ဖော်ပြ လက်မှတ်ရေးထိုးပြီး ၆-၂-၂၀၁၈(အင်္ဂါနေ့)ထက် နောက်မကျဘဲ အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ ပါသည်။

 

ကိုယ်စားလှယ်တစ်ဦး ကွယ်လွန်သည့်အတွက် ဝမ်းနည်းကြောင်း အဆိုတင်သွင်းခြင်း၊ မှတ်တမ်း တင်ကြောင်း ဆုံးဖြတ်ြခင်းနှင့် အတည်ပြုခြင်း 

၅။ ဦးမင်းဦး၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)က ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါ်ရှီလာနန်တောင်(ခ)အမ်နန်တောင် ကွယ်လွန်သွားခြင်းအတွက် ဝမ်းနည်းကြောင်း အဆို တင်သွင်းပါသည်။ 

၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က အဆိုကို မှတ်တမ်းတင်ကြောင်း ဆုံးြဖတ်ပါသည်။ လွှတ်တော် သက်တမ်းအတွင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦး တစ်ယောက် ကွယ်လွန်ခဲ့ပါက အမျိုးသား လွှတ်တော်က လူမှုရေးအရ တစ်နေ့တာ နေ့တွက်စရိတ်ကို စုပေါင်းကူညီ ထောက်ပံ့ရန် လွှတ်တော်၏ သဘောထားရယူပြီး အတည်ပြုကြောင်း ကြေညာပါသည်။

၇။ အမျိုးသားလွှတ်တော် က ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ဒေါ်ရှီလာနန်တောင်(ခ)အမ်နန်တောင်သည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းဆောင်သည့်အချိန်မှစ၍ ကွယ်လွန်အနိစ္စရောက်သည့်တိုင်အောင် စိတ်ဓာတ် ခိုင်မာစွာဖြင့် နိုင်ငံတော်နှင့်ပြည်သူများအပေါ် တာ၀န်ကျေပွန်မှုများအတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက(၂)မိနစ် မတ်တပ်ရပ်၍ ငြိမ်သက်စွာနေခြင်းဖြင့် ဂုဏ်ပြုပါသည်။

၈။ အစည်းအဝေးကို  ၁၀း၅၆  နာရီ အချိန်တွင် ရပ်နားပါသည်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ၁၁ ရက်မြောက်နေ့ အစည်းအဝေးကို ၂-၂-၂၀၁၈ ရက်နေ့(သောကြာနေ့)တွင် ကျင်းပမည် ဖြစ်ကြောင်း ကြေညာပါသည်။

 

 

အမျိုးသားလွှတ်တော်