ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး
၂၂ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်
၁၃၇၉ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်
( ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက် )
[သောကြာနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန် တွင် စတင်ကျင်းပပါသည်။
မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -
(က) ဦးယောနာ၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ဆော့လော်မြို့နယ် အတွင်းရှိ ဂျော်မောအုပ်စု ယက်ယော်ကျေးရွာ၊ ပရှဲအုပ်စု ဝဆုတ်ကျေးရွာ၊ ယော်ဂျောအုပ်စု ယော်ဂျောကျေးရွာနှင့် ဂျာရန်အုပ်စု ဖောင်းဂျာကျေးရွာ တို့တွင် ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ဂျော်မော အုပ်စု၊ ယက်ယော် ကျေးရွာနှင့် ယော်ဂျောအုပ်စု၊ ယော်ဂျောကျေးရွာတွင် ကျေးလက် ကျန်းမာရေးဌာနခွဲ ဖွဲ့စည်းပုံခွင့်ပြုမိန့် ရရှိရေးအတွက် (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်တွင် အမျိုးသားကျန်းမာရေး စီမံကိန်းနှင့်ညှိနှိုင်း၍ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန) များသို့ လည်းကောင်းပေးပို့ပြီး သဘောထားမှတ်ချက်များ တောင်းခံ၍ ပြန်ကြားချက်(ထောက်ခံချက်)ရရှိလျှင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြ၍ ခွင့်ပြုချက်ရရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး သို့ ဆက်လက်တင်ပြ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ဝဆုတ် ကျေးရွာနှင့် ဖောင်းဂျာကျေးရွာတို့အား ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ လွှမ်းခြုံပေးနိုင်ပါသောကြောင့် ကျေးလက်ကျန်းမာရေးဌာနခွဲ လတ်တလောတွင် ဖွင့်လှစ်ရန် မလိုအပ် သေးပါကြောင်း ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ မှတ်ချက်ပြု ထားသောကြောင့် အစီအစဉ် မရှိသေးကြောင်း ဖြေကြားပါသည်။
( ခ ) ဦးချစ်ထွေး၊မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)၏ မကွေးတိုင်း ဒေသကြီး၊ မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနခွဲကို ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး က မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြေပြင်သာ ကျေးလက်ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာနအဖြစ် သို့ အဆင့်တိုးမြှင့် ဖွင့်လှစ်သင့်ပါကြောင်း ထောက်ခံတင်ပြထားပါသဖြင့် (၂၀၁၈-၂၀၁၉)ဘဏ္ဍာရေးနှစ်တွင် အမျိုးသားကျန်းမာရေးစီမံကိန်းနှင့် ညှိနှိုင်း၍ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန) များသို့လည်းကောင်း ပေးပို့ပြီး သဘောထားမှတ်ချက်များ တောင်းခံ၍ ပြန်ကြားချက် (ထောက်ခံချက်)ရရှိလျှင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြ၍ ခွင့်ပြုချက် ရရှိပါက ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးသို့ ဆက်လက်တင်ပြဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
( ဂ ) ဦးမောင်ကျော်ဇံ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ကမ်းရိုးတန်း ဒေသ ရခိုင် ပြည်နယ်အတွက် ဆေးကုရေယာဉ် “Swimming Doctor” အနည်းဆုံး(၁)စီးခန့် (သို့မဟုတ်)လုံလောက်စွာချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် ဖွင့်လှစ်ထားရှိပြီးဖြစ်သော ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများ၌ ကျွမ်းကျင်ဝန်ထမ်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ စက်ပစ္စည်းကိရိယာများ ဖြည့်ဆည်း၍ အရည်အသွေး ပြည့်မီစွာ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်နှင့် ရွေ့လျားဆေးကုသမှုများ လိုအပ် သလိုဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ရခိုင်ပြည် နယ်အတွင်း ပုဂ္ဂလိကအဖွဲ့အစည်းများမှ Swimming Doctors သင်္ဘောအစီအစဉ်ကို ဆောင်ရွက် မည်ဆိုပါက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ စိစစ် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
(ဃ) ဦးမျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ လျှပ်စစ်မီးကို ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူသုံးစွဲနေရသော ရေးမြို့နယ်အတွင်းရှိ ပြည်သူများကို မဟာဓာတ်အားလိုင်း မရောက်ရှိသေးမီစပ်ကြား ကုန်ကျစရိတ် အထိုက်အလျောက် သက်သာမှုရှိစေရန် နိုင်ငံတော်မှ မည်ကဲ့သို့ ယာယီထောက်ပံ့ကူညီမှုပေးနိုင်မည်ကို သိရှိလိုခြင်းနှင့် စီစဉ်ဆောင်ရွက်လျက်ရှိသော မဟာဓာတ်အားလိုင်း စီမံကိန်းသည် မည်သည့် ဘဏ္ဍာရေးနှစ်တွင် ရေးမြို့နယ်သို့ ရောက်ရှိမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က ရေးမြို့နယ်အတွင်း ကျေးရွာများ အတွက် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှစက်တင်ဘာလအထိ)တွင် ရန်ပုံငွေ ကျပ် ၁၂၇၄.၁ သန်းကို ထည့်သွင်းလျာထားမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ရန် (၂) နှစ်ခန့် ကြာမြင့်မည်ဖြစ်သဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဓာတ်အား စတင်ပို့လွှတ်ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း၊ ဓာတ်အားခွဲရုံများ တည်ဆောက် ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် (၅)နှစ်စီမံကိန်းတွင် ထည့်သွင်း လျာထားပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေရရှိမှု အပေါ်မူတည်ကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ဓာတ်အားခွဲရုံများမှ တစ်ဆင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ဓာတ်အား ဖြန့်ဖြူးမည့် ၁၁ ကေဗွီ ဓာတ်အားလိုင်းများနှင့် ၁၁/၀.၄ ကေဗွီ ဓာတ်အားခွဲရုံနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ တည်ဆောက်ခြင်းအား မွန်ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် လျာထားဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဖြေကြားပါသည်။
( င ) ဦးကျော်ကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ်ရှိ စက်သား - အလယ်ချောင်း - ဇီးပင်ကြီး - နတ်ချောင်း ကျေးရွာချင်းဆက် လမ်းကို ကျောက်ခင်းလမ်းအဖြစ် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိသိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ စက်သား - အလယ်ချောင်း- ဇီးပင်ကြီး -နတ်ချောင်းကျေးရွာချင်းဆက်လမ်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး Gazette အဖြစ် အတည်ပြုသိမ်းသွင်းပြီးပါက ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေ ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ရာသီမရွေး သွားလာနိုင်သော လမ်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
အစီရင်ခံစာဖတ်ကြားခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း
၃။ ဒေါ်ကျိန်ငိုက်မန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၇) (ဥပဒေကြမ်းကော်မတီ ဝင်) က ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ ကို ဖတ်ကြားရှင်းလင်းပါသည်။
၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ် ဖော်ပြလက်မှတ်ရေးထိုးပြီး၂၈-၂-၂၀၁၈ (ဗုဒ္ဓဟူးနေ့)ထက် နောက်မကျစေဘဲ အမျိုးသား လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။
၅။ အစည်းအဝေးကို ၁၁:၀၀ နာရီ အချိန်တွင် ရပ်နားပြီး ၂၃ ရက်မြောက်နေ့ အစည်းအဝေးကို ၂၇-၂-၂၀၁၈ ရက်နေ့(အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
အမျိုးသားလွှတ်တော်