ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး
၂၃ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်
၁၃၇၉ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်
( ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက် )
[အင်္ဂါနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန် တွင် စတင်ကျင်းပပါသည်။
မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -
(က) ဦးအောင်ကျော်စိုး၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)၏ ကယားပြည်နယ်၊ ပြည်နယ်တရားလွှတ်တော် (Hight Court)ရုံးကို လာမည့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဘတ်ဂျက်၌ ထည့်သွင်းရေးဆွဲ၍ အသစ်ထပ်မံတည်ဆောက် ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ တရားသူကြီး ဦးမြင့်အောင် က ကယားပြည်နယ် တရားလွှတ်တော် (High Court) ရုံးကို လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ဘတ်ဂျက်၌ ထည့်သွင်းရေးဆွဲ၍ အသစ်ထပ်မံ တည်ဆောက်ပေးရန် အစီအစဉ် မရှိကြောင်း ဖြေကြားပါသည်။
( ခ ) ဦးစိုင်းသန်းနိုင်၊ ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၅)၏လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကို ပြဋ္ဌာန်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့် က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် က ဆိုင်းငံ့ထားရန် သဘောတူအတည်ပြုခဲ့သည်ကို အလေးဂရုပြု လျက် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ပိုမိုကောင်းမွန်ပြည့်စုံစေရေးအတွက် ဆက်လက်ပြင်ဆင် ညှိနှိုင်းပြုစု ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားပါသည်။
( ဂ ) ဒေါ်လွီးဇာ၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ကယားပြည်နယ်၊ ဖရူဆိုမြို့မှ ဒိုးပရယ်ရွာအထိကို ကတ္တရာလမ်းအဖြစ်လည်းကောင်း၊ ဒိုးပရယ်ရွာမှ လျားဒူရွာ အထိကို ကျောက်ချောလမ်းအဖြစ်လည်းကောင်း အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ် က ဖရူဆိုမှ ဒိုးပရယ်ရွာအထိ (၄/၃)မိုင် ကတ္တရာခင်းခြင်း လုပ်ငန်း အား၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဒုတိယ(၁၂)လတွင် အဆိုပြုလျာထား တင်ပြပြီးဖြစ်သဖြင့် ရန်ပုံငွေခွင့်ပြုမှုအပေါ် မူတည်၍ စီမံဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် ဒိုးပရယ်ရွာမှ လျားဒူရွာအထိ ကျောက်လမ်း အဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် လိုအပ်သောလုပ်ငန်းများကို ကယားပြည်နယ် အစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလ ထိ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်နယ်) ရန်ပုံငွေတွင် အဆိုပြုလျာထား တင်ပြထားပါကြောင်း ဖြေကြားပါသည်။
(ဃ) ဦးဇော်မင်းလတ်(ခ)ဦးကိုလတ်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ နန်းတိုင်းကျေးရွာအုပ်စု၊ တောင်လား ကျေးရွာအုပ်စုနှင့် တောင်ကွဲ ကျေးရွာအုပ်စု(၃)ခုကို ဆက်သွယ် ဖောက်လုပ်ထားသော နန်းတိုင်း - တောင်လား - တောင်ကွဲ ကျေးလက်လမ်း ၁၅ မိုင် ၄ ဖာလုံကို ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ / မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ် က ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ၎င်းလမ်း(၁၅/၄)မိုင်အနက်(၂/၇)မိုင်အား ကတ္တရာလမ်းအဖြစ် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တွင် (၃/၀)မိုင် ကတ္တရာလမ်းခင်းခြင်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ဆက်လက်လျာထားဆောင်ရွက်ပေးရန် စီစဉ်ထားပါ ကြောင်းနှင့် ကျန်ရှိသည့် လမ်းပိုင်း(၉/၅)မိုင်ကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆက်လက် အဆင့် မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားပါသည်။
ဥပဒေကြမ်းဆွေးနွေးခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း
၃။ အမျိုးဇာတ် ပျက်ယွင်းခြင်းမှ ဖယ်ရှားသည့် အက်ဥပဒေ(The Caste Disabilities Removal Act) ကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဦးစိုးသိန်း(ခ)ဦးမောင်စိုး၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)က ဆွေးနွေး ပါသည်။
၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က အမျိုးဇာတ် ပျက်ယွင်းခြင်းမှ ဖယ်ရှားသည့် အက်ဥပဒေ (The Caste Disabilities Removal Act) ကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာဆောင်ရွက်ရန် ဆုံးဖြတ်ပါသည်။
၅။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများကို ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာခြင်းအား အမျိုးသား လွှတ်တော်သို့ အသိပေးတင်ပြပြီး ယင်းနည်းဥပဒေများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက ပြင်ဆင်လိုသည့် နည်းဥပဒေ၊ နည်းဥပဒေခွဲအလိုက် အသေးစိတ်ဖော်ပြ လက်မှတ်ရေးထိုးပြီး ၆-၃-၂၀၁၈(အင်္ဂါနေ့)ထက် နောက်မကျစေဘဲ အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာပါသည်။
၆။ အစည်းအဝေးကို ၁၀:၄၁ နာရီ အချိန်တွင် ရပ်နားပြီး ၂၄ ရက်မြောက်နေ့ အစည်းအဝေးကို ၅-၃-၂၀၁၈ ရက်နေ့(တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
အမျိုးသားလွှတ်တော်