ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး
၂၈ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်
၁၃၇၉ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက်
( ၂၀၁၈ ခုနှစ်၊ မတ်လ ၁၄ ရက် )
[ဗုဒ္ဓဟူးနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၂၈ ရက် မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင် ကျင်းပပါသည်။
မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည် -
(က) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်ရှိ စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်)တွင် စုဝေးခန်းမဆောင်တစ်ဆောင်နှင့် ဝန်ထမ်းအိမ်ရာ(၂)ထပ် RC(၄)ခန်းပါ အဆောက်အအုံ တစ်ဆောင်တို့ကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်)အတွက် စုဝေးခန်းမ ဆောင် (၁)ဆောင်နှင့် ဝန်ထမ်းအိမ်ရာ (၂)ထပ်ဆောင် (၄)ခန်းတွဲ အဆောက်အဦ(၁)လုံးတို့အတွက် ကျောက်တော်ကျောင်း၏ လိုအပ်ချက် နှင့်အညီ လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်(အောက်တိုဘာလမှ စက်တင်ဘာလထိ)ရန်ပုံငွေတွင် ထည့်သွင်း လျာထားတင်ပြပြီး ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ တည်ဆောက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဖြေကြားပါသည်။
( ခ ) ဦးကျော်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ မြန်မာ တိုင်းရင်းသား လုပ်ငန်းရှင်များအတွက် ပြည်တွင်း၌ ပုဂ္ဂလိကဘဏ်များ တည်ထောင် ဖွင့်လှစ် နိုင်ရန် မူဝါဒများ မည်သို့ချမှတ်ထားသည်ကို သိရှိလိုခြင်းနှင့် လက်ရှိအစိုးရ လက်ထက် ပြည်တွင်း ပုဂ္ဂလိကဘဏ်များ တည်ထောင် လုပ်ကိုင်ခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ နှင့် ပုဂ္ဂလိကဘဏ်များမှ လယ်ယာကဏ္ဍ၊ SME ကဏ္ဍများသို့ ချေးငွေထုတ်ချေးမှု အခြေအနေကို ရာခိုင်နှုန်းနှင့်တကွ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း က ဘဏ်သစ်များ ဖွင့်လှစ်ခွင့်ပြုခြင်းကို လောလောဆယ် ရပ်ဆိုင်းထားပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာကုန်ထိ စာရင်းများ အရ ပုဂ္ဂလိကဘဏ်များမှ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍသို့ ထုတ်ချေး ငွေပေါင်းမှာ ကျပ် ၃၁၉.၂၂၈ ဘီလီယံဖြစ်ပြီး၊ ပုဂ္ဂလိက ကဏ္ဍသို့ ထုတ်ချေး ငွေစုစုပေါင်း၏ ၁.၇၃% ရှိပါကြောင်း၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ(SME)သို့ ထုတ်ချေးငွေပေါင်းမှာ ကျပ် ၈၆၈.၇၃၃ ဘီလီယံ ဖြစ်ပြီး၊ ပုဂ္ဂလိကကဏ္ဍသို့ ထုတ်ချေးငွေစုစုပေါင်း၏ ၄.၇၁% ရှိပါ ကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အစိုးရပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ် များမှ စာရင်းများကို ပေါင်းစု၍ ဖြေကြားပါသည်။
အစီရင်ခံစာများ ဖတ်ကြားခြင်း၊ အဆုံးအဖြတ်များရယူခြင်းနှင့် အမည်စာရင်းများ တင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၃။ ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)(ဥပဒေကြမ်း ကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြုပြီး ပေးပို့လာသော အမျိုးဇာတ်ပျက်ယွင်းခြင်းမှ ဖယ်ရှားသည့် အက်ဥပဒေ (The Caste Disabilities Removal Act) ကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်း
ပါသည်။
၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မရှိ အတည် ပြုပြီး ပေးပို့လာသော အမျိုးဇာတ်ပျက်ယွင်းခြင်းမှ ဖယ်ရှားသည့် အက်ဥပဒေ (The Caste Disabilities Removal Act) ကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
၅။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများဆိုင်ရာ ဥပဒေ ကြမ်းကို တစ်ပိုဒ်ချင်းစီ အလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
၆။ ဦးစိုးဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)(တောင်သူလယ်သမားရေးရာ ကော်မတီ၊ အတွင်းရေးမှူး) က တောင်သူလယ်သမားရေးရာကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာကို လည်းကောင်း၊ ဒေါ်မြတ်သီတာထွန်း၊ မွန်ပြည်နယ် မဲဆန္ဒ နယ်အမှတ်(၅) (လွှတ်တော်အခွင့်အရေး ကော်မတီဝင်) က လွှတ်တော် အခွင့်အရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လည်းကောင်း၊ ဦးမျိုးထပ် (ခ)ဆလိုင်းမျိုးထိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂) (နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီဝင်)က နိုင်ငံသား များ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကိုလည်းကောင်း၊ ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁) (ပညာရေးမြှင့်တင်မှုကော်မတီဝင်) က ပညာရေး မြှင့်တင်မှုကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကိုလည်းကောင်း အမျိုးသား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းပါသည်။
၇။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က တောင်သူလယ်သမားရေးရာကော်မတီ၏ အစီရင်ခံစာ၊ လွှတ်တော်အခွင့်အရေးကော်မတီ၏ အစီရင်ခံစာ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာ၊ ပညာရေးမြှင့်တင်မှုကော်မတီ၏ အစီရင်ခံစာများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် ယနေ့ (၁၆၀၀) နာရီ နောက်ဆုံးထား၍ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းများ တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။
၈။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်း ထားသော အခြားကော်မတီ (၁၂)ခု၏ သက်တမ်း တိုးမြှင့်ခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြပါသည်။
၉။ အစည်းအဝေးကို ၁၂၀၄ နာရီ အချိန်တွင် ရပ်နားပြီး ၂၉ ရက်မြောက်နေ့ အစည်းအဝေးကို ၁၆-၃-၂၀၁၈ ရက်နေ့(သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
အမျိုးသားလွှတ်တော်