ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး
ဒုတိယနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၀ ပြည့်နှစ်၊ နယုန်လဆန်း ၁ ရက်
( ၂၀၁၈ ခုနှစ်၊ မေလ ၁၅ ရက် )
[ အင်္ဂါနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂၀၁၈ ခုနှစ်၊ မေလ ၁၅ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့်ဖြေကြားခြင်း အစီအစဉ် ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည် -
(က) ဦးငွန်ဟေး၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ချင်းပြည်နယ်၊ ဟားခါး မြို့နယ်၊ သီဖူလ်းကျေးရွာအုပ်စု ဟိုင်ရွန်းကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အသစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ဟိုင်ရွန်းကျေးရွာ ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် အုတ်ညှပ် တစ်ထပ်ကျောင်း ဆောင်သစ် ဆောက်လုပ်ရန်အတွက် ရန်ပုံငွေကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(တည်ဆောက်ရေး)ရန်ပုံငွေလျာထားချက်စာရင်း၌ မြို့နယ် ဦးစားပေး အစီအစဉ်အရ ထည့်သွင်းလျာထားပေးပြီးဖြစ်ကြောင်း ဖြေကြား သည်။
( ခ ) ဒေါ်သန်းသန်းအေး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ မကွေးတိုင်းဒေသကြီး၊ သရက်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းရှိ ဧရာဆောင်၊ စစ်တောင်းဆောင်၊ သံလွင်ကျောင်းဆောင်များ၏ ပျက်စီးယိုယွင်းနေသော နေရာ များကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြန်လည်ပြုပြင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ဧရာဆောင်နှင့် စစ်တောင်းဆောင် (၂)ဆောင်အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ၊ သာမန်အသုံးစရိတ်ဖြင့် အကြီးစားပြင်ဆင်ရန် စိစစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး သံလွင်ဆောင်အစား Steel Structure နှစ်ထပ် ကျောင်းဆောင်(၁)ဆောင်ကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေလျာထားချက်စာရင်းများ ဆောင်ရွက်ချိန်တွင် မြို့နယ်ဦးစားပေး အစီအစဉ်ဖြင့် စိစစ်လျာထားပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
( ဂ ) ဦးအောင်မျိုးလတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံဒီဂရီကောလိပ်ကို တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ဒေသခံ ကျောင်းသား၊ ကျောင်းသူများ လွယ်ကူစွာ ပညာသင်ကြားခွင့် ရရှိနိုင်ရန်အတွက် မြင်းခြံဒီဂရီကောလိပ်အား တက္ကသိုလ်အဆင့်သို့ တိုးမြှင့်သင့် သော်လည်း တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူ အရေအတွက် အပေါ်မူတည်၍ ကျောင်းသား၊ကျောင်းသူ အိပ်ဆောင်များ၊ စာသင်ဆောင်များ၊ သင်ကြားရေးဆရာ၊ ဆရာမများနှင့် ဝန်ထမ်းအင်အား ထပ်မံဖြည့်ဆည်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်းနှင့် ခွင့်ပြုဘဏ္ဍာငွေ၊ ဆရာ၊ ဆရာမ ခန့်ထားနိုင်မှု အခြေအနေအရ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ရန် ပြည်ထောင်စု အစိုးရအဖွဲ့ထံသို့ ခွင့်ပြုချက် တင်ပြတောင်းခံ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဖြေကြားသည်။
(ဃ) ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မွန်ပြည်နယ်၊ သထုံမြို့၊ ကွန်ပျူတာတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများ လုံခြုံရေး အတွက် ကျောင်းဝင်မုခ်ဦးနှင့် ကျောင်းရှေ့ဘက်မျက်နှာစာအား ခြံစည်းရိုး ကာရံပေးရန်နှင့် ကျောင်းသူများအတွက် ကျောင်းသူ (၃၀၀)ဆံ့ အဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ကွန်ပျူတာတက္ကသိုလ်(သထုံ)၏ ကျောင်းအဝင်မုခ်ဦး၊ ကျောင်းရှေ့ဘက် မျက်နှာစာအား ခြံစည်းရိုးခတ်ခြင်း၊ ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်၊ ထမင်းစားဆောင်၊ အဆောင်ဝင်လမ်း၊ အဝီစိတွင်း၊ ပြင်ပမီးသွယ်တန်းခြင်း အပါအဝင် တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ (၆)လ ဘတ်ဂျက် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြား သည်။
(င) ဦးမြမင်းဆွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ ပညာရေး ဝန်ကြီးဌာနအနေဖြင့် မူလတန်းကျောင်းအဖြစ် အဆင့်တိုးသတ်မှတ်ချက် များကို ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပညာရေး ဝန်ကြီးဌာန အနေဖြင့် ကျောင်းအဆင့် တိုးမြှင့်ခြင်းကို သတ်မှတ်မူများနှင့် အညီ အဆင့်တိုးမြှင့်ပေးပါကြောင်း နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွက် ကျောင်းအဆင့် တိုးမြှင့်ပေးခြင်းများ ဆောင်ရွက်ရန် စိစစ် လျာထားတင်ပြထားပြီး ကျောင်းအဆင့် တိုးမြှင့်ခြင်းဆိုင်ရာ သတ်မှတ်မူ များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
၃။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ ထားသော နိုင်ငံ့ဝန်ထမ်း ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော် က အတည်ပြုသည်။
၄။ ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)(ဥပဒေကြမ်းကော်မတီဝင်) က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာသမိုင်းအဖွဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားသည်။
၅။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာသမိုင်းအဖွဲ့ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
၆။ အစည်းအဝေးကို ၁၀၅၁ နာရီအချိန်တွင် ရပ်နားပြီး တတိယနေ့ အစည်းအဝေးကို ၁၆-၅-၂၀၁၈ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်