|
နောက်ဆက်တွဲ (င)
|
စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ
(ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ။)
၁၃၇၉ ခုနှစ်၊ လ ရက်
(၂၀၁၇ ခုနှစ်၊ လ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ (က) ဤဥပဒေကို စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေဟု ခေါ်တွင်စေရမည် ။
(ခ) ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်သော နေ့ရက်မှ စတင်အာဏာတည်စေရမည် ။
၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည် -
(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည် ။
(ခ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပညာရေးဝန်ကြီးဌာနကို ဆိုသည် ။
(ဂ) ကော်မတီ ဆိုသည်မှာ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကော်မတီကို ဆိုသည် ။
(ဃ) ဦးစီးဌာန ဆိုသည်မှာ ဝန်ကြီးဌာနက အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ် များ ဆောင်ရွက်ရန် တာဝန်ပေးအပ်သော ဦးစီးဌာနကို ဆိုသည် ။
(င) ညွှန်ကြားရေးမှူးချုပ် ဆိုသည်မှာ ဦးစီးဌာန၏ အကြီးအမှူးကို ဆိုသည် ။
(စ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ဆိုသည်မှာ ကိုယ်ပိုင်အသိဉာဏ်ဖြင့် ပြုလုပ်သော တီထွင် ဖန်တီးမှုများကို အကာအကွယ်ပေးရန် ဥပဒေအရပေးအပ်သည့် အခွင့်အရေးကို ဆိုသည်။ ယင်းစကားရပ်တွင် စာပေနှင့်အနုပညာမူပိုင်ခွင့်၊ တီထွင်မှုမူပိုင်ခွင့်၊ စက်မှု ဒီဇိုင်းမူပိုင်ခွင့်နှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်များလည်း ပါဝင်သည် ။
(ဆ) စက်မှုဒီဇိုင်း ဆိုသည်မှာ မျဉ်းကြောင်းများ၊ ကောက်ကြောင်းများ၊ အရောင်အသွေး များ၊ ပုံသဏ္ဌာန်၊ မျက်နှာပြင်အနေအထား၊ ယက်ထည်အသား၊ ထုတ်ကုန်ပစ္စည်း တို့၏ သွင်ပြင်လက္ခဏာများ သို့မဟုတ် ယင်းတို့၏ အလှအပအဆင်တန်ဆာ သို့မဟုတ် ယင်းတို့၏ သွင်ပြင်လက္ခဏာများနှင့် အလှအပအဆင်တန်ဆာတို့မှ ပေါ်ထွက်လာသော စက်မှုထုတ်ကုန် သို့မဟုတ် လက်မှုထုတ်ကုန်တစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်းတို့၏ အပြင်ပန်းပုံသဏ္ဌာန်ကို ဆိုသည် ။
(ဇ) ထုတ်ကုန် ဆိုသည်မှာ စက်မှုပစ္စည်း သို့မဟုတ် လက်မှုပစ္စည်းတစ်ခုခုကို ဆိုသည်။ ယင်းစကားရပ်တွင် အစိတ်အပိုင်းများစွာ ဆက်စပ်ပါဝင်သော စက်မှုပစ္စည်း သို့မဟုတ် လက်မှုပစ္စည်းတွင် တပ်ဆင်ရမည့် အစိတ်အပိုင်းများ၊ ရုပ်ပုံသင်္ကေတ များ၊ ပုံနှိပ်စာလုံးပုံသဏ္ဌာန်များ၊ ထုတ်ပိုးမှုနှင့် အပြင်အဆင်တို့ ပါဝင်သည်။ ယင်း စကားရပ်တွင် ကွန်ပျူတာ ပရိုဂရမ်များ မပါဝင် ။
(ဈ) စက်မှုဒီဇိုင်းပိုင်ရှင် ဆိုသည်မှာ ဦးစီးဌာန၏ မှတ်ပုံတင်စာရင်းတွင် မှတ်ပုံတင် ထားသော စက်မှုဒီဇိုင်းပိုင်ရှင်အဖြစ် အသိအမှတ်ပြု မှတ်တမ်းတင်ခြင်းခံရသည့် ပုဂ္ဂိုလ် သို့မဟုတ် တရားဝင် ဖွဲ့စည်းထားသော အဖွဲ့အစည်းကို ဆိုသည် ။
(ည) ဖန်တီးသူ ဆိုသည်မှာ စက်မှုဒီဇိုင်းတစ်ခုခုအား ဖန်တီးသူကို ဆိုသည် ။
(ဋ) အခွင့်အရေးရရှိသူ ဆိုသည်မှာ စက်မှုဒီဇိုင်းပိုင်ရှင်နှင့် ယင်း၏ အခွင့်အရေးများကို တရားဝင်ခံစားခွင့်ရှိသော ပုဂ္ဂိုလ် သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်း ကို ဆိုသည် ။
(ဌ) အလုပ်ရှင် ဆိုသည်မှာ အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက်အရ နှစ်ဖက်သဘော တူညီသော အခကြေးငွေဖြင့် အလုပ်သမားတစ်ဦးကိုဖြစ်စေ၊ အများကိုဖြစ်စေ ငှားရမ်းလုပ်ကိုင်၍ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း စီမံကွပ်ကဲအုပ်ချုပ်ပြီး အလုပ်သမားအတွက် လုပ်ခပေးရန်၊ အလုပ်ခန့်ထားရန်နှင့် အလုပ်မှရပ်စဲရန် တာဝန်ရှိသူ တစ်ဦးဦး၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ရပ်ရပ်ကို ဆိုသည်။ ယင်းစကားရပ် တွင် အလုပ်ရှင်၏ တရားဝင်စီမံခန့်ခွဲမှုဆိုင်ရာ ကိုယ်စားလှယ်၊ ပုဂ္ဂလိကပိုင်လုပ်ငန်း တွင် အလုပ်ရှင်ကွယ်လွန်ပါက ယင်း၏ တရားဝင် အမွေဆက်ခံသူနှင့် အစုရှယ်ယာ တရားဝင်လက်ခံရရှိသူတို့လည်း ပါဝင်သည် ။
(ဍ) အလုပ်သမား ဆိုသည်မှာ မိမိ၏ ကာယအား၊ ဉာဏအားကို အသုံးပြု၍ လုပ်ကိုင် ရရှိသောလုပ်ခဖြင့် အသက်မွေးဝမ်းကျောင်းမှု ပြုနေရသူကို ဆိုသည်။ ယင်း စကားရပ် တွင် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ရပ်ရပ်၏ ဝန်ထမ်းများလည်း ပါဝင်သည် ။
(ဎ) အဖွဲ့ဝင်နိုင်ငံ ဆိုသည်မှာ နိုင်ငံတော်က အဖွဲ့ဝင်အဖြစ် ပါဝင်ထားသော အသိဉာဏ် ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ စာချုပ်များ သို့မဟုတ် သဘောတူညီချက် များ သို့မဟုတ် ယင်းတို့နှင့်သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ သို့မဟုတ် ဒေသဆိုင်ရာ အဖွဲ့အစည်းများ၏ အဖွဲ့ဝင်နိုင်ငံ တစ်ခုခုကို ဆိုသည် ။
(ဏ) တရားရုံး ဆိုသည်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များကို စစ်ဆေးစီရင်ရန် ဥပဒေအရ တည်ထောင်သော တရားရုံးကို ဆိုသည်။ ယင်းစကားရပ်တွင် ဤဥပဒေအရ တရားရုံးများ တည်ထောင်ခြင်းမပြုမီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာနှင့် လုပ်ပိုင်ခွင့် များ အပ်နှင်းထားသည့် တရားရုံးများလည်း ပါဝင်သည် ။
(တ) မှတ်ပုံတင်အရာရှိ ဆိုသည်မှာ စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်သည့် ဦးစီးဌာနရှိ ညွှန်ကြားရေးမှူးအောက်မနိမ့်သော အရာရှိကို ဆိုသည် ။
(ထ) စစ်ဆေးရေးအရာရှိ ဆိုသည်မှာ စက်မှုဒီဇိုင်းမှတ်ပုံတင်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ စစ်ဆေးမှုများဆောင်ရွက်သည့် ဦးစီးဌာနရှိ ဦးစီးအရာရှိနှင့်အထက် အဆင့်ရှိသော အရာရှိကို ဆိုသည် ။
(ဒ) ဦးစားပေးအခွင့်အရေး ဆိုသည်မှာ ပုဒ်မ ၃၆ ပါဦးစားပေးအခွင့်အရေးကို ဆိုသည် ။
(ဓ) ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေး ဆိုသည်မှာ ပုဒ်မ ၃၇ ပါ ကုန်စည် ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေးကို ဆိုသည် ။
အခန်း (၂)
ရည်ရွယ်ချက်များ
၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) စက်မှုဒီဇိုင်းပိုင်ရှင်နှင့် ဖန်တီးသူတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ဤဥပဒေ နှင့်အညီ အကာအကွယ်ပေးရန်၊
(ခ) စက်မှုဒီဇိုင်းဖန်တီးမှုများကို အကာအကွယ်ပေးခြင်းဖြင့် စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်၊
(ဂ) စက်မှုဒီဇိုင်းနည်းပညာ တိုးတက်လာစေရေးနှင့် ပြန့်ပွားရေးကို အထောက်အကူ ပြုစေရန်၊
(ဃ) ဖန်တီးသူနှင့် စက်မှုဒီဇိုင်းသုံးစွဲသူများအကြား နည်းပညာဗဟုသုတနှင့် လူမှုစီးပွား ဘဝ သာယာဝပြောရေးကို အပြန်အလှန် အကျိုးပြုစေရန်၊
(င) ဖန်တီးသူနှင့် စက်မှုဒီဇိုင်းသုံးစွဲသူများ၏ အခွင့်အရေးနှင့် စောင့်ထိန်းရမည့် တာဝန် ဝတ္တရားများအကြား ဟန်ချက်ညီနိုင်ရေးတို့တွင် အထောက်အကူဖြစ်စေရန်။
အခန်း (၃)
ကော်မတီဖွဲ့စည်းခြင်းနှင့် ယင်း၏ လုပ်ငန်းတာဝန်များ
၄။ ပြည်ထောင်စုအစိုးရအဖွဲ့သည် -
(က) ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ သို့မဟုတ် ညွှန်ကြားရေးမှူးချုပ် များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူများနှင့် ပညာရှင်များက အဖွဲ့ဝင်များအဖြစ်လည်းကောင်း၊ ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် က အတွင်းရေးမှူးအဖြစ်လည်းကောင်း ပါဝင်သော အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ဆိုင်ရာ ကော်မတီကို ဖွဲ့စည်းရမည်။
(ခ) ကော်မတီဖွဲ့စည်းရာတွင် အဖွဲ့ဝင်များအနက်မှ ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက်အတွင်းရေးမှူး တို့ကို သတ်မှတ်၍ တာဝန်ပေးအပ်ရမည်။
(ဂ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသော ကော်မတီကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
၅။ ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) နိုင်ငံတော်တွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စနစ် ကောင်းစွာ ဖွံ့ဖြိုးတိုးတက်စေရန် အမျိုးသားအဆင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာများ၊ လုပ်ငန်းစီမံချက်များချမှတ်ခြင်းနှင့် ယင်းတို့အား အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် ကြီးကြပ်လမ်းညွှန်မှုပေးခြင်း၊
(ခ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ စာချုပ်များနှင့် သဘောတူညီချက် များတွင် နိုင်ငံတော်က အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရေးအတွက် အကြံပြုတင်ပြခြင်း၊
(ဂ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးထိပါးချိုးဖောက်မှုများကို အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းခြင်းနှင့် ယင်းတို့၏ လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း၊
(ဃ) ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သော အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း၊
အခန်း(၄)
ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
၆။ ဦးစီးဌာနသည် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များကို စီမံခန့်ခွဲနိုင်ရန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အောက်ပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည် -
(က) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် လုပ်ငန်းများကို ညှိနှိုင်းပေါင်းစပ်ပေး ခြင်း၊
(ခ) ကော်မတီကချမှတ်သော အမျိုးသားအဆင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ မူဝါဒ များ၊ မဟာဗျုဟာများနှင့် လုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
(ဂ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ စာချုပ်များနှင့် သဘော တူညီချက်များတွင် နိုင်ငံတော်က အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရေးအတွက် ကော်မတီသို့ လေ့လာတင်ပြခြင်း၊
(ဃ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးထိပါးချိုးဖောက်မှုများကို အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းနိုင်ရန်နှင့် ယင်းတို့၏ လုပ်ငန်းတာဝန်များ သတ်မှတ်နိုင်ရန်အတွက် ကော်မတီသို့ အကြံပြု တင်ပြခြင်း၊
(င) နိုင်ငံတော်က အဖွဲ့ဝင်အဖြစ်ပါဝင်သော အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကွန်ဗင်းရှင်း များ၊ စာချုပ်များနှင့် သဘောတူညီချက်များပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကောင် အထည်ဖော် ဆောင်ရွက်ခြင်း၊
(စ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် ပြည်တွင်းရှိ သက်ဆိုင်ရာ အဖွဲ့အစည်း များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ အဖွဲ့ဝင် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဆ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများကို ခွင့်ပြုရာတွင် အသုံးပြုမည့် တံဆိပ်တုံးကို အတည်ပြု သတ်မှတ်ခြင်း၊
(ဇ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းခြင်းနှင့် ယင်းတို့၏ လုပ်ငန်းတာဝန်များ ကို သတ်မှတ်ခြင်း၊
(ဈ) ဤဥပဒေနှင့်အညီ ကောက်ခံရမည့် အခကြေးငွေများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ခြင်း၊
(ည) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ထုတ်ပြန်ကြေညာခြင်း၊
(ဋ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ မှတ်ပုံတင်စာရင်းများကို ထိန်းသိမ်းထားရှိခြင်း၊
(ဌ) ပြည်ထောင်စုအစိုးရအဖွဲ့၊ ဝန်ကြီးဌာနနှင့် ကော်မတီတို့က အခါအားလျော်စွာ ပေးအပ်သော အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း။
အခန်း(၅)
မှတ်ပုံတင်အရာရှိနှင့် စစ်ဆေးရေးအရာရှိများ ခန့်အပ်ခြင်းနှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း
၇။ ညွှန်ကြားရေးမှူးချုပ်သည် ဦးစီးဌာနတွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့်စပ်လျဉ်း၍ လုပ်ငန်း များကို ဆောင်ရွက်ရန် လိုအပ်သည့် မှတ်ပုံတင်အရာရှိနှင့် စစ်ဆေးရေးအရာရှိတို့ကို ဝန်ကြီးဌာန ၏ သဘောတူညီချက်ဖြင့် တာဝန်ပေးအပ်နိုင်သည်။
၈။ မှတ်ပုံတင်အရာရှိ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) စက်မှုဒီဇိုင်းမှတ်ပုံတင် လျှောက်ထားခြင်းဆိုင်ရာ လုပ်ငန်းများနှင့် စစ်ဆေးခြင်း ဆိုင်ရာ လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲခြင်း၊
(ခ) စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိ၏ တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊
(ဂ) စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းကို ခွင့်ပြုကြောင်း သို့မဟုတ် ငြင်းပယ်ကြောင်းကို ဆုံးဖြတ်ခြင်း၊
(ဃ) ကော်မတီနှင့် ဦးစီးဌာနတို့က ပေးအပ်သော အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း။
၉။ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) စက်မှုဒီဇိုင်းမှတ်ပုံတင် လျှောက်ထားခြင်းများကို စစ်ဆေးခြင်း၊
(ခ) စက်မှုဒီဇိုင်းမှတ်ပုံတင် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ ကန့်ကွက်ချက်နှင့် ခုခံ ချေပချက်တို့ကို စစ်ဆေးပြီး တွေ့ရှိချက်ကို သဘောထားမှတ်ချက်နှင့်အတူ မှတ်ပုံတင်အရာရှိထံ တင်ပြခြင်း၊
(ဂ) စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် လိုအပ်သော ပုဂ္ဂိုလ်များကို ခေါ်ယူမေးမြန်းခြင်းနှင့် စာရွက်စာတမ်း အထောက်အထား များ တောင်းခံရန် လိုအပ်ပါက မှတ်ပုံတင်အရာရှိထံ တင်ပြခြင်း၊
(ဃ) စက်မှုဒီဇိုင်းလျှောက်ထားချက်ကို စစ်ဆေးပြီးနောက် မှတ်ပုံတင်ပေးရန် သင့် မသင့် သဘောထားမှတ်ချက်နှင့်အတူ မှတ်ပုံတင်အရာရှိထံ တင်ပြခြင်း၊
(င) ကော်မတီ၊ ဦးစီးဌာနနှင့် မှတ်ပုံတင်အရာရှိတို့က ပေးအပ်သော အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း။
အခန်း(၆)
အကာအကွယ်ရရှိနိုင်သော စက်မှုဒီဇိုင်း
၁၀။ စက်မှုဒီဇိုင်းတစ်ရပ်ရပ်သည် အသစ်ဖြစ်သည့်အပြင် တုပမှုကင်းစွာ ဖန်တီးထားခြင်း ဖြစ်ပါက အကာအကွယ်ရရှိမည်။
၁၁။ နိုင်ငံတော်တွင် စက်မှုဒီဇိုင်းကို မှတ်ပုံတင်ပေးရန် လျှောက်ထားသည့် နေ့ရက်မတိုင်မီ သို့မဟုတ် ဦးစားပေးအခွင့်အရေး တောင်းဆိုလျှောက်ထားပါက ယင်းဦးစားပေးအခွင့်အရေး တောင်းဆိုသည့် နေ့ရက်မတိုင်မီ ယင်းစက်မှုဒီဇိုင်းကို အများပြည်သူသိရှိစေရန် ပြည်တွင်းတွင် ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ စာဖြင့် ဖော်ပြခြင်း၊ အသုံးပြုခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ ခင်းကျင်းပြသ ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ထုတ်ဖော်အသိပေးခဲ့ခြင်း မရှိလျှင် ယင်းစက်မှုဒီဇိုင်း သည် အသစ်ဖြစ်သည်ဟု မှတ်ယူရမည်။
၁၂။ စက်မှုဒီဇိုင်းသည် အများသိရှိထားပြီးဖြစ်သော စက်မှုဒီဇိုင်း၏ သွင်ပြင်လက္ခဏာများ စုပေါင်းထားခြင်းဖြစ်လျှင် သို့မဟုတ် အများသိရှိထားပြီးဖြစ်သော စက်မှုဒီဇိုင်းများနှင့် သိသာ ထင်ရှားစွာ ကွဲပြားခြားနားမှုမရှိလျှင် ယင်းစက်မှုဒီဇိုင်းသည် အသစ်ဖြစ်သည်ဟု မှတ်ယူခြင်းမပြုရ။
အခန်း(၇)
အကာအကွယ်မရရှိနိုင်သော စက်မှုဒီဇိုင်း
၁၃။ အောက်ပါအချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည့် စက်မှုဒီဇိုင်းသည် အကာအကွယ် မရရှိစေရ -
(က) နည်းပညာဆိုင်ရာ သို့မဟုတ် လုပ်ဆောင်ချက်ဆိုင်ရာ ဖန်တီးပြုလုပ်မှုများ၊
(ခ) အများပြည်သူ၏ အေးချမ်းတည်ငြိမ်မှုကိုဖြစ်စေ၊ ကိုယ်ကျင့်သိက္ခာကိုဖြစ်စေ၊ ယုံကြည်ကိုးကွယ်မှုကိုဖြစ်စေ၊ နိုင်ငံတော်၏ အမွန်အမြတ်ထားအပ်သော ယဉ်ကျေးမှု ကိုဖြစ်စေ ထိပါးမှုများ
အခန်း(၈)
စက်မှုဒီဇိုင်းမှတ်ပုံတင်လျှောက်ထားခွင့်ရှိသူများ
၁၄။ စက်မှုဒီဇိုင်းတစ်ခုခုကို ဖန်တီးသူကဖြစ်စေ၊ ယင်း၏တရားဝင် အမွေဆက်ခံသူကဖြစ်စေ၊ ယင်း၏ တရားဝင်လွှဲပြောင်းခြင်းခံရသူကဖြစ်စေ အဆိုပါစက်မှုဒီဇိုင်းကို မှတ်ပုံတင်လျှောက်ထား ခွင့်ရှိသည်။
၁၅။ စက်မှုဒီဇိုင်းတစ်ခုကို တစ်ဦးထက်ပိုသူများက ပူးတွဲဖန်တီးခဲ့ခြင်းဖြစ်လျှင် ယင်းတို့ အားလုံးသည် အဆိုပါ စက်မှုဒီဇိုင်းကို မှတ်ပုံတင်ပူးတွဲလျှောက်ထားခွင့်ရှိသည်။
၁၆။ အလုပ်ရှင်နှင့် အလုပ်သမားတို့၏ အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက်အရဖြစ်စေ၊ ယင်း သဘောတူညီချက်၏ အကျိုးဆက်အရဖြစ်စေ စက်မှုဒီဇိုင်းတစ်ခုကို ဖန်တီးသည့်အခါ -
(က) အလုပ်သမားက စက်မှုဒီဇိုင်းတစ်ခုကို ဖန်တီးရာတွင် အလုပ်အကိုင်ဆိုင်ရာ သဘော တူညီချက်ပါ အချက်များနှင့် ဆန့်ကျင်ကွဲလွဲမှု မရှိပါက အလုပ်ရှင်ကသာ ယင်း စက်မှုဒီဇိုင်းကို မှတ်ပုံတင်လျှောက်ထားခွင့်ရှိသည်။
(ခ) စက်မှုဒီဇိုင်းကို ဖန်တီးပြီးကြောင်း အလုပ်သမားက အလုပ်ရှင်ထံ စာဖြင့် ဆက်သွယ် အကြောင်းကြားသည့်နေ့ရက်မှ ခြောက်လအတွင်း အဆိုပါ စက်မှုဒီဇိုင်းကို အလုပ်ရှင် က မှတ်ပုံတင်လျှောက်ထားရန် အခွင့်အရေးကို ပျက်ကွက်ခဲ့လျှင် စွန့်လွှတ်ပြီး ဖြစ်သည်ဟု မှတ်ယူပြီး အလုပ်သမားသည် ယင်းစက်မှုဒီဇိုင်းကို မှတ်ပုံတင် လျှောက်ထားခွင့်ရှိသည်။
(ဂ) အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက် ကုန်ဆုံးပြီးနောက် တစ်နှစ်အတွင်း ပြုလုပ်သည့် စက်မှုဒီဇိုင်းအား မှတ်ပုံတင်လျှောက်ထားရာတွင် အဆိုပါ စက်မှုဒီဇိုင်း သည် ယခင်အလုပ်ရှင်၏ လုပ်ငန်းနယ်ပယ်အတွင်း ယင်း၏ အလုပ်သမားက ဖန်တီးခဲ့သော စက်မှုဒီဇိုင်းဖန်တီးမှုမျိုးဖြစ်လျှင် အလုပ်အကိုင်ဆိုင်ရာ သဘော တူညီချက်ပါအချက်များနှင့် ဆန့်ကျင်ကွဲလွဲမှု မရှိသည့်အပြင် အလုပ်သမားက ဆန့်ကျင်ကွဲလွဲသည့် သက်သေခံအထောက်အထား တင်ပြနိုင်ခြင်းမရှိပါက ကုန်ဆုံး ပြီးသော အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက်အရ ဖန်တီးခဲ့သည့် စက်မှုဒီဇိုင်း ဖြစ်သည်ဟု မှတ်ယူပြီး ယခင်အလုပ်ရှင်မှ အဆိုပါ စက်မှုဒီဇိုင်းကို မှတ်ပုံတင် လျှောက်ထားခွင့် ရှိသည်။ သို့ရာတွင် အောက်ပါအခြေအနေ တစ်ရပ်ရပ်၌ အလုပ်သမားကသာ မှတ်ပုံတင်လျှောက်ထားခွင့်ရှိသည် -
(၁) ယခင်အလုပ်ရှင်က အဆိုပါ စက်မှုဒီဇိုင်းဖန်တီးမှုအပေါ် လျှောက်ထားမှု မရှိ ကြောင်း သဘောတူညီခြင်း၊
(၂) အလုပ်သမားက တင်ပြသည့် သက်သေခံ အထောက်အထားအပေါ် ယခင် အလုပ်ရှင်မှ ငြင်းဆိုမှု မပြုနိုင်ခြင်း၊
(၃) ပုဒ်မခွဲ (ခ) အရ ယခင်အလုပ်ရှင်က မှတ်ပုံတင်လျှောက်ထားရန် ပျက်ကွက် သဖြင့် အလုပ်သမားက လျှောက်ထားခြင်း။
(ဃ) အလုပ်ရှင်၏ တာဝန်ပေးချက်အရမဟုတ်ဘဲ ယင်း၏ လုပ်ငန်းနယ်ပယ်နှင့် ဆက်နွယ်နေသော စက်မှုဒီဇိုင်းတစ်ခုကို အလုပ်ရှင်၏ ပစ္စည်းကိရိယာ၊ အချက် အလက် သို့မဟုတ် နည်းပညာကို အသုံးပြု၍ အလုပ်သမားက ဖန်တီးရာတွင် အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက်ပါ အချက်များနှင့် ဆန့်ကျင်ကွဲလွဲမှု မရှိပါက အလုပ်သမားကသာ ယင်းစက်မှုဒီဇိုင်းကို မှတ်ပုံတင်လျှောက်ထားခွင့်ရှိသည်။
(င) အလုပ်သမားသည် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲ (ဂ) နှင့် ပုဒ်မခွဲ (ဃ) တို့တွင် ဖော်ပြ ထားသော စက်မှုဒီဇိုင်းဖန်တီးခြင်းမှတစ်ပါး အခြားသော စက်မှုဒီဇိုင်းဖန်တီးမှုကို ပြုလုပ်ခဲ့လျှင် အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက်ပါ အချက်များနှင့် ဆန့်ကျင် ကွဲလွဲမှုမရှိပါက ယင်းစက်မှုဒီဇိုင်းအတွက် အလုပ်သမားကသာ မှတ်ပုံတင် လျှောက်ထားခွင့်ရှိသည်။
အခန်း(၉)
လျှောက်ထားခြင်း
၁၇။ ဤဥပဒေအရ စက်မှုဒီဇိုင်းမှတ်ပုံတင်လျှောက်ထားခွင့်ရှိသူသည် မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်း မူပိုင်ခွင့်အခွင့်အရေးကို ရရှိလိုပါက စက်မှုဒီဇိုင်းကို မှတ်ပုံတင်ပေးရန် သတ်မှတ်ချက် နှင့်အညီ ဦးစီးဌာနသို့ လျှောက်ထားရမည်။
၁၈။ စက်မှုဒီဇိုင်းကို မှတ်ပုံတင်ပေးရန် လျှောက်ထားသူသည် -
(က) စက်မှုဒီဇိုင်းထုတ်ကုန်များ သို့မဟုတ် ထုတ်ကုန်တွင် အသုံးပြုထားသည့် စက်မှုဒီဇိုင်း များသည် လိုကာနိုသဘောတူညီချက်တွင် ဖော်ပြထားသည့် အပြည်ပြည်ဆိုင်ရာ စက်မှုဒီဇိုင်း အမျိုးအစားခွဲခြားသတ်မှတ်ခြင်း သဘောတူညီချက်ပါ အမျိုးအစား တစ်ခုတည်းတွင် အကျုံးဝင်ပါက တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော စက်မှုဒီဇိုင်း များကို လျှောက်လွှာတစ်စောင်တည်းတွင် လျှောက်ထားနိုင်သည်။
(ခ) မှတ်ပုံတင်လျှောက်ထားချက်ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ အင်္ဂလိပ်ဘာသာဖြင့် ဖြစ်စေ ရေးသားနိုင်သည်။
(ဂ) မြန်မာဘာသာဖြင့် လျှောက်ထားချက်ကို အင်္ဂလိပ်ဘာသာသို့လည်းကောင်း၊ အင်္ဂလိပ် ဘာသာဖြင့် လျှောက်ထားချက်ကို မြန်မာဘာသာသို့လည်းကောင်း ဘာသာပြန်ဆို ပေးရန် မှတ်ပုံတင်အရာရှိက တောင်းဆိုခဲ့လျှင် ဘာသာပြန်ဆိုပေးရမည်။
(ဃ) ပုဒ်မခွဲ (ဂ) အရ ဘာသာပြန်ဆိုချက်ဖြစ်လျှင် လျှောက်ထားသူက မှန်ကန်ကြောင်း ဝန်ခံ လက်မှတ်ရေးထိုးရမည်။
၁၉။ (က) စက်မှုဒီဇိုင်းကို မှတ်ပုံတင်ပေးရန် လျှောက်ထားသူသည် မှတ်ပုံတင်လျှောက်ထား ချက်တွင် အောက်ပါအချက်များဖော်ပြရမည် -
(၁) မှတ်ပုံတင်ပေးရန် တောင်းဆိုချက်၊
(၂) လျှောက်ထားသည့် ပုဂ္ဂိုလ် သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့ အစည်း၏ အမည်နှင့် နေရပ်လိပ်စာ၊
(၃) လျှောက်ထားသူက ကိုယ်စားလှယ်လွှဲအပ်၍ လျှောက်ထားခြင်းဖြစ်လျှင် ကိုယ်စားလှယ် ၏ အမည်နှင့် နေရပ်လိပ်စာ၊
(၄) စက်မှုဒီဇိုင်း၏ ရှင်းလင်းပြည့်စုံသော ဖော်ပြချက်၊
(၅) စက်မှုဒီဇိုင်းပါရှိသည့် သို့မဟုတ် စက်မှုဒီဇိုင်းဖြင့် ရုပ်လုံးဖော်ထားသည့် ထုတ်ကုန်များ၏ အညွှန်း။
(ခ) ပုဒ်မခွဲ (က) ပါ အချက်များအပြင် လိုအပ်ပါက အောက်ပါအချက်များကိုလည်း ပူးတွဲ တင်ပြရမည် -
(၁) လျှောက်ထားသူသည် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းအတွက် လျှောက်ထားခြင်းဖြစ်လျှင် အဆိုပါ အဖွဲ့အစည်း၏ မှတ်ပုံတင်အမှတ်၊ အမျိုး အစားနှင့် နိုင်ငံအမည်၊
(၂) လျှောက်ထားသူသည် ဦးစားပေးအခွင့်အရေးရရှိရန် တောင်းဆိုလျှင် ဦးစား ပေးအခွင့်အရေးရှိကြောင်း ခိုင်လုံသည့် အထောက်အထား ဖော်ပြချက်တို့နှင့် အတူ ဦးစားပေးအခွင့်အရေး တောင်းဆိုချက်၊
(၃) လျှောက်ထားသူသည် ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေး ရရှိရန် တောင်းဆိုလျှင် ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေးရှိကြောင်း ခိုင်လုံ သည့် အထောက်အထားဖော်ပြချက်တို့နှင့်အတူ ကုန်စည်ပြပွဲဆိုင်ရာ ဦးစား ပေး အခွင့်အရေး တောင်းဆိုချက်၊
(၄) ဦးစီးဌာနက အခါအားလျော်စွာ သတ်မှတ်သည့် အခြားလိုအပ်ချက်များ။
၂၀။ သတ်မှတ်သည့် အခကြေးငွေပေးသွင်းပြီး ပုဒ်မ ၁၉ ပုဒ်မခွဲ (က) ပါ သတ်မှတ်ချက်များနှင့် ပြည့်စုံသော စက်မှုဒီဇိုင်းလျှောက်ထားချက်ကို ဦးစီးဌာနက လက်ခံရရှိသည့် နေ့ရက်သည် မှတ်ပုံ တင်လျှောက်ထားချက် တင်သွင်းသည့်နေ့ရက် ဖြစ်သည်ဟု မှတ်ယူရမည်။
၂၁။ (က) ထပ်တူဖြစ်သော သို့မဟုတ် အလားတူသော စက်မှုဒီဇိုင်းများကို မတူညီသော နေ့ရက် အသီးသီးတွင် တစ်ဦးထက်ပိုသူများက မှတ်ပုံတင်လျှောက်ထားခြင်းဖြစ်လျှင် လျှောက်ထားချက် အစောဆုံး တင်သွင်းသူကိုသာ မှတ်ပုံတင်ခွင့်ပြုရမည်။
(ခ) ပုဒ်မခွဲ (က) အရ လျှောက်ထားရာတွင် လျှောက်ထားသူအသီးသီးက ဦးစားပေး အခွင့်အရေး သို့မဟုတ် ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေးကို တောင်းဆို လျှောက်ထားလာခြင်းဖြစ်လျှင် ဦးစားပေးအခွင့်အရေးနေ့ရက် အစောဆုံးပါရှိသူကို သာ မှတ်ပုံတင်ခွင့်ပြုရမည်။
၂၂။ ထပ်တူဖြစ်သော သို့မဟုတ် အလားတူသော စက်မှုဒီဇိုင်းများကို မှတ်ပုံတင်ပေးရန် တစ်ဦး ထက်ပိုသူများက တစ်နေ့တည်းတွင် လျှောက်ထားလာပါက သို့မဟုတ် တူညီသော ဦးစားပေး နေ့ရက်ကို တောင်းဆို လျှောက်ထားလာပါက -
(က) မှတ်ပုံတင်အရာရှိသည် လျှောက်ထားသူအချင်းချင်း ဆွေးနွေးညှိနှိုင်းပြီး စက်မှုဒီဇိုင်း လျှောက်ထားသူအဖြစ် သတ်မှတ်ပေးစေလိုသူ၏ အမည်ကို သတ်မှတ်သည့် ကာလ အတွင်း ပြန်လည် တင်ပြရန် လျှောက်ထားသူအားလုံးကို ညွှန်ကြားရမည်။
(ခ) လျှောက်ထားသူများသည် မှတ်ပုံတင်အရာရှိ၏ ညွှန်ကြားချက်နှင့်အညီ ယင်းတို့ အချင်းချင်း ဆွေးနွေးညှိနှိုင်းချက်အရ စက်မှုဒီဇိုင်းလျှောက်ထားသူအဖြစ် သတ်မှတ် ပေးရန် သဘောတူညီခြင်းခံရသူ၏ အမည်ကိုသော်လည်းကောင်း၊ ပူးတွဲလျှောက် ထားသူများအဖြစ် သတ်မှတ်ပေးစေလိုပါက ယင်းအချက်ကိုသော်လည်းကောင်း မှတ်ပုံတင်အရာရှိထံ ပြန်လည်တင်ပြရမည်။
(ဂ) မှတ်ပုံတင်အရာရှိက လျှောက်ထားသူများအားလုံးကို ပုဒ်မခွဲ (က) အရ ညွှန်ကြား သော်လည်း ယင်းတို့အချင်းချင်း သဘောတူညီမှုမရရှိခဲ့လျှင် မည်သည့် လျှောက်ထားသူ၏ စက်မှုဒီဇိုင်းကိုမျှ ခွင့်မပြုရ။
၂၃။ စက်မှုဒီဇိုင်းကို မှတ်ပုံတင်ပေးရန် လျှောက်ထားသူသည် -
(က) မှတ်ပုံတင်အရာရှိက စက်မှုဒီဇိုင်းကို မှတ်ပုံတင်ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း မပြုမီ ဖြစ်စေ၊ မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက်အပေါ် အယူခံခြင်းနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ်က ဆုံးဖြတ်ချက် မချမှတ်မီဖြစ်စေ လျှောက်ထားချက်၊ ဘာသာပြန်ဆိုချက်နှင့် စာရွက်စာတမ်းအထောက်အထား တစ်ခုခုတွင် ပါရှိသည့် စာအရေးအသား အမှားနှင့် ပြင်ဆင်ခွင့်ပြုနိုင်သည့် အခြားမှားယွင်းမှုများကို ပြင်ဆင်လိုပါက သတ်မှတ်သည့် အခကြေးငွေ ပေးသွင်းပြီး ပြင်ဆင်ပေးရန် မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။
(ခ) စက်မှုဒီဇိုင်း တစ်ခုထက်ပို၍ ပါဝင်သော လျှောက်ထားချက်တွင် စက်မှုဒီဇိုင်း အားလုံးကို ဖြစ်စေ၊ အချို့ကိုဖြစ်စေ ရုပ်သိမ်းပေးရန် လျှောက်ထားနိုင်သည်။
(ဂ) စက်မှုဒီဇိုင်းအများအပြားပါဝင်သော မည်သည့်လျှောက်ထားချက်ကိုမဆို နှစ်စောင် သို့မဟုတ် နှစ်စောင်ထက်ပိုသော လျှောက်ထားချက်အသစ်များအဖြစ် ခွဲခြားပေးရန် သတ်မှတ်သည့် အခကြေးငွေပေးသွင်းပြီး လျှောက်ထားနိုင်သည်။
(ဃ) ပုဒ်မခွဲ (ဂ) အရ မှတ်ပုံတင်ပေးရန်ခွဲခြား၍ လျှောက်ထားချက်အသစ်များအဖြစ် တင်သွင်းရာတွင် မူလလျှောက်ထားသည့်နေ့ရက်ကို လျှောက်ထားချက် တင်သွင်း သည့်နေ့ရက်အဖြစ် မှတ်ယူရမည်။
၂၄။ မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၂၃ ပါ လျှောက်ထားချက်ကို သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ပြင်ဆင်ခွင့်ပေးနိုင်သည်။
အခန်း(၁၀)
စစ်ဆေးခြင်း၊ ကန့်ကွက်ခြင်းနှင့် မှတ်ပုံတင်ခြင်း
၂၅။ စစ်ဆေးရေးအရာရှိသည် စက်မှုဒီဇိုင်းမှတ်ပုံတင်ပေးရန် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ -
(က) ပုဒ်မ ၁၈ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း ရှိ မရှိကိုလည်းကောင်း၊ ပုဒ်မ ၁၉ ပါ အချက်များ ပြည့်စုံစွာ ပါဝင်ခြင်း ရှိ မရှိကိုလည်းကောင်း စစ်ဆေးပြီးနောက် သတ်မှတ်ချက်နှင့်ညီညွတ်သော လျှောက်ထားချက်များကို သဘောထားမှတ်ချက် နှင့်အတူ မှတ်ပုံတင်အရာရှိထံ တင်ပြရမည်။
(ခ) ပုဒ်မ ၁၈ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း ရှိ မရှိကိုလည်းကောင်း၊ ပုဒ်မ ၁၉ ပါ အချက်များ ပြည့်စုံစွာပါဝင်ခြင်း ရှိ မရှိကိုလည်းကောင်း စစ်ဆေးပြီးနောက် သတ်မှတ်ချက်နှင့် ညီညွတ်ခြင်းမရှိသော လျှောက်ထားချက်ကို လိုအပ်သလို ပြင်ဆင်ဆောင်ရွက်ရန် လျှောက်ထားသူထံ အကြောင်းကြားရမည်။ လျှောက်ထား သူက အကြောင်းကြားစာ လက်ခံရရှိသည့် နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ပြင်ဆင်ဆောင်ရွက်ခြင်းမရှိပါက အဆိုပါ လျှောက်ထားချက်ကို စွန့်လွှတ်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်။
(ဂ) ပုဒ်မခွဲ (ခ) ပါ သတ်မှတ်သည့် အချိန်ကာလအတွင်း လျှောက်ထားချက်တွင် လိုအပ် သည့် ပြင်ဆင်ဖြည့်စွက်ချက်များ လက်ခံရရှိပါက စိစစ်၍ လျှောက်ထားချက်ကို သဘောထားမှတ်ချက်နှင့်အတူ မှတ်ပုံတင်အရာရှိထံ တင်ပြရမည်။
(ဃ) ပုဒ်မ ၂ ပုဒ်မခွဲ (ဆ) ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အကျုံးဝင်ခြင်းမရှိသော စက်မှုဒီဇိုင်း ဖြစ်လျှင်သော်လည်းကောင်း၊ ပုဒ်မ ၁၃ ပုဒ်မခွဲ (ခ) ပါ အကာအကွယ်မရရှိနိုင်သော စက်မှုဒီဇိုင်းဖြစ်လျှင်သော်လည်းကောင်း လျှောက်ထားချက်ကို ငြင်းပယ်နိုင်ရန် သဘောထားမှတ်ချက်နှင့်အတူ မှတ်ပုံတင်အရာရှိထံ တင်ပြရမည်။
၂၆။ စက်မှုဒီဇိုင်းကို မှတ်ပုံတင်ပေးရန် လျှောက်ထားသူသည် -
(က) သတ်မှတ်သည့် အချိန်ကာလအတွင်း လိုက်နာရန်ပျက်ကွက်ခဲ့ပြီး အဆိုပါ ပျက်ကွက်ခဲ့မှုကြောင့် သက်ဆိုင်ရာ စက်မှုဒီဇိုင်းလျှောက်ထားချက်နှင့်စပ်လျဉ်းသည့် အခွင့်အရေးဆုံးရှုံးမှု ဖြစ်ပေါ်စေမည်ဆိုပါက အောက်ပါအချက်များနှင့် ကိုက်ညီလျှင် စက်မှုဒီဇိုင်းမှတ်ပုံတင်ပေးရန် ပြန်လည်လျှောက်ထားနိုင်သည် -
(၁) သတ်မှတ်သည့် အချိန်ကာလအတွင်းလိုက်နာရန် ပျက်ကွက်ခဲ့မှုကြောင့် စွန့်လွှတ်ခံရသည့် နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း တောင်းဆိုချက်တစ်ရပ် ကို တင်ပြခြင်း၊
(၂) သတ်မှတ်သည့် အချိန်ကာလအတွင်းလိုက်နာရန် ပျက်ကွက်ခဲ့မှုနှင့် ပတ်သက်သည့် ရှင်းလင်းချက်များ၊ သတင်းအချက်အလက်များ သို့မဟုတ် လိုအပ်ချက်များ အားလုံးကို ပူးတွဲတင်ပြခြင်း၊
(၃) သတ်မှတ်သည့် အချိန်ကာလအတွင်း လိုက်နာရန် ပျက်ကွက်ခဲ့မှုအတွက် အကြောင်းပြချက်များကို တောင်းဆိုချက်တွင် ဖော်ပြခြင်း၊
(၄) သတ်မှတ်သည့် အချိန်ကာလအတွင်း လိုက်နာရန် ပျက်ကွက်ခဲ့မှုမှာ မရည်ရွယ်ဘဲ ဖြစ်ပေါ်ခဲ့ကြောင်း မှတ်ပုံတင်အရာရှိက တွေ့ရှိခြင်း၊
(၅) အခကြေးငွေပေးသွင်းပြီးဖြစ်ခြင်း၊
(ခ) အယူခံတင်သွင်းထားသည့် ကာလအတွင်း ပုဒ်မခွဲ (က) အရ လျှောက်ထားချက်နှင့် စပ်လျဉ်းသည့် အခွင့်အရေး ပြန်လည်ပေးအပ်ရန် တောင်းဆိုလာလျှင် မှတ်ပုံတင် အရာရှိက ဆိုင်းငံ့ထားရမည်။
၂၇။ မှတ်ပုံတင်အရာရှိသည် စက်မှုဒီဇိုင်းမှတ်ပုံတင်ပေးရန် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ -
(က) စက်မှုဒီဇိုင်းလျှောက်ထားချက်နှင့်စပ်လျဉ်းသည့် အခွင့်အရေးဆုံးရှုံးမှု ဖြစ်ပေါ်စေ မည်ဆိုပါက စွန့်လွှတ်ပြီးသော စက်မှုဒီဇိုင်းကို မှတ်ပုံတင်ပေးရန် ပုဒ်မ ၂၆ ပုဒ်မခွဲ (က) အရ ပြန်လည် လျှောက်ထားလာလျှင် အဆိုပါ တောင်းဆိုချက်ကို စိစစ်၍ ခွင့်ပြုနိုင်သည်။
(ခ) ပုဒ်မ ၁၈၊ ပုဒ်မ ၁၉ တို့နှင့် ညီညွတ်သော လျှောက်ထားချက်ကို အများပြည်သူ သိရှိစေရန်နှင့် ကန့်ကွက်လိုပါက ကန့်ကွက်နိုင်ရန်အလို့ငှာ သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။
(ဂ) လျှောက်ထားသူက ပုဒ်မ ၃၃ အရ ထုတ်ပြန်ကြေညာခြင်းကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုလျှင် ရွှေ့ဆိုင်းသည့် ကာလကုန်ဆုံးသည့် နေ့ရက်မတိုင်မီ ယင်းစက်မှုဒီဇိုင်း အား ထုတ်ပြန်ကြေညာခြင်း မပြုရ။
၂၈။ စက်မှုဒီဇိုင်းမှတ်ပုံတင်ပေးရန် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသူသည် ထုတ်ပြန်ကြေညာသည့် နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း အောက်ဖော်ပြပါ အကြောင်းပြချက် တစ်ရပ်ရပ်ဖြင့် သတ်မှတ်သည့် အခကြေးငွေပေးသွင်းပြီး မှတ်ပုံတင်အရာရှိထံ ကန့်ကွက်လွှာ တင်သွင်းနိုင်သည် -
(က) စက်မှုဒီဇိုင်းသည် ပုဒ်မ ၂ ပုဒ်မခွဲ (ဆ) တွင် ဖော်ပြထားသော အဓိပ္ပာယ်ဖွင့်ဆိုချက် နှင့် အကျုံးဝင်မှုမရှိခြင်း၊
(ခ) စက်မှုဒီဇိုင်းသည် အသစ် မဖြစ်ခြင်း၊
(ဂ) ပုဒ်မ ၁၃ ပါ အကာအကွယ် မရရှိနိုင်သော အချက်များဖြစ်ခြင်း၊
(ဃ) လျှောက်ထားသူသည် မှတ်ပုံတင်လျှောက်ထားခွင့်ရှိသူ မဟုတ်ကြောင်း ခိုင်လုံသော သက်သေခံအထောက်အထား ပေါ်ပေါက်လာခြင်း။
၂၉။ မှတ်ပုံတင်အရာရှိသည် ကန့်ကွက်လွှာကို လက်ခံရရှိပါက သတ်မှတ်သည့် အချိန်ကာလ အတွင်း ကန့်ကွက်ချက်ကို ခုခံချေပနိုင်ရန် လျှောက်ထားသူထံ အကြောင်းကြားစာ ပေးပို့ရမည်။
၃၀။ မှတ်ပုံတင်အရာရှိသည် စက်မှုဒီဇိုင်းမှတ်ပုံတင်ပေးရန် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ -
(က) အများပြည်သူ သိရှိစေရန် ထုတ်ပြန်ကြေညာသည့် နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်လွှာ တင်သွင်းခြင်းမရှိပါက အဆိုပါ စက်မှုဒီဇိုင်းမှတ်ပုံတင်ပေးရန် လျှောက်ထားချက်ကို ခွင့်ပြုနိုင်သည်။
(ခ) ကန့်ကွက်လွှာ တင်သွင်းလာပါက ကန့်ကွက်ချက်ကို စစ်ဆေးပြီး ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
(ဂ) မှတ်ပုံတင်ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းကို မှတ်ပုံတင်စာရင်းတွင် မှတ်တမ်း တင်ထားရှိပြီး လျှောက်ထားသူထံ အကြောင်းကြားရမည်။ ထို့အပြင် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းကို သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ထုတ်ပြန် ကြေညာ ရမည်။
(ဃ) မှတ်ပုံတင်ခြင်းကို ခွင့်ပြုလျှင် စက်မှုဒီဇိုင်းမှတ်ပုံတင်လက်မှတ်ကို လျှောက်ထားသူ သို့ ထုတ်ပေးရမည်။
၃၁။ စက်မှုဒီဇိုင်းပိုင်ရှင်သည် -
(က) စက်မှုဒီဇိုင်းမှတ်ပုံတင်လက်မှတ်မူရင်း ပျက်စီး သို့မဟုတ် ပျောက်ဆုံးပါက မိတ္တူ မှန် ထပ်မံထုတ်ပေးရန် ဦးစီးဌာနသို့ သတ်မှတ်သည့် အခကြေးငွေပေးသွင်းပြီး မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။
(ခ) မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ထားသော စာအရေးအသားအမှားနှင့် ပြင် ဆင်ခွင့်ပြုနိုင်သည့် အခြားမှားယွင်းမှုများကိုလည်းကောင်း၊ နိုင်ငံသားနှင့် နေရပ် လိပ်စာများကိုလည်းကောင်း ပြင်ဆင်ပေးရန် သတ်မှတ်သည့် အခကြေးငွေ ပေးသွင်းပြီး မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။
၃၂။ မှတ်ပုံတင်အရာရှိသည် -
(က) ပုဒ်မ ၃၁ ပုဒ်မခွဲ (က) ပါ လျှောက်ထားချက်ကို စိစစ်ပြီး စက်မှုဒီဇိုင်းမှတ်ပုံတင် လက်မှတ် မိတ္တူမှန်ကို ထုတ်ပေးရမည်။
(ခ) ပုဒ်မ ၃၁ ပုဒ်မခွဲ (ခ) ပါ လျှောက်ထားချက်ကို စိစစ်ပြီး ပြင်ဆင်ခွင့်ပေးနိုင်သည်။
အခန်း (၁၁)
ထုတ်ပြန်ကြေညာခြင်းကို ရွှေ့ဆိုင်းခြင်း
၃၃။ စက်မှုဒီဇိုင်းမှတ်ပုံတင်လျှောက်ထားသူသည် သတ်မှတ်သည့် နည်းလမ်းနှင့်အညီ စက်မှု ဒီဇိုင်း ထုတ်ပြန်ကြေညာခြင်းကို ရွှေ့ဆိုင်းပေးရန်နှင့် ရွှေ့ဆိုင်းပေးစေလိုသည့် ကာလကို လျှောက်ထားချက်တွင် ဖော်ပြ၍ မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။ အဆိုပါ ရွှေ့ဆိုင်းပေးစေလိုသည့် ကာလသည် စက်မှုဒီဇိုင်းမှတ်ပုံတင်လျှောက်ထားသည့် နေ့ရက်မှ သို့မဟုတ် ဦးစားပေးအခွင့်အရေး တောင်းဆိုထားလျှင် ယင်းတောင်းဆိုသည့်နေ့ရက်မှ ၁၈ လထက် မပိုစေရ။
၃၄။ လျှောက်ထားသူသည် ပုဒ်မ ၃၃ အရ စက်မှုဒီဇိုင်းထုတ်ပြန်ကြေညာခြင်းကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုထားပြီးဖြစ်သော်လည်း အဆိုပါကာလအတွင်း မည်သည့်အချိန်တွင်မဆို ထို တောင်းဆိုချက်ကို ရုပ်သိမ်းပေးရန်နှင့် ထုတ်ပြန်ကြေညာပေးရန် မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။
၃၅။ မှတ်ပုံတင်အရာရှိသည် စက်မှုဒီဇိုင်းထုတ်ပြန်ကြေညာခြင်းကို -
(က) ပုဒ်မ ၃၃ အရ ရွှေ့ဆိုင်းလျှင် မှတ်ပုံတင်စာရင်းတွင် ယင်းအချက်အား မှတ်တမ်းတင် ထားပြီး စက်မှုဒီဇိုင်းနှင့် သက်ဆိုင်သည့် စာတွဲကို လျှို့ဝှက်ထားရှိရမည်။
(ခ) ရွှေ့ဆိုင်းထားသည့် ကာလအတွင်း ထုတ်ပြန်ကြေညာခြင်းအား ရွှေ့ဆိုင်းထား ကြောင်းနှင့် လျှောက်ထားသူမှာ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြချက်၊ လျှောက် ထားချက်တင်သွင်းသည့် နေ့ရက်၊ တောင်းဆိုထားသည့် ကာလနှင့် အခြား သတ်မှတ်ထားသော အချက်အလက်များအား ထုတ်ပြန်ကြေညာရမည်။
(ဂ) ရွှေ့ဆိုင်းထားသည့် သတ်မှတ်ကာလကုန်ဆုံးလျှင် စက်မှုဒီဇိုင်းမှတ်ပုံတင်ပေးရန် လျှောက်ထားချက်ကို ထုတ်ပြန်ကြေညာရမည်။
အခန်း(၁၂)
ဦးစားပေးအခွင့်အရေး
၃၆။ ပါရီကွန်ဗင်းရှင်းနိုင်ငံ သို့မဟုတ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံတစ်ခုခုတွင် စက်မှုဒီဇိုင်း မှတ်ပုံတင်လျှောက်ထားခဲ့သူ သို့မဟုတ် ထိုလျှောက်ထားသူ၏ လွှဲပြောင်းပေးခြင်းခံရသူသည် ပထမလျှောက်ထားခဲ့သည့် နေ့ရက်မှ ခြောက်လအတွင်း ဦးစီးဌာန၌ တူညီသောစက်မှုဒီဇိုင်းကို မှတ်ပုံတင်ပေးရန် လျှောက်ထားလျှင် ဦးစားပေးအခွင့်အရေးခံစားရမည်။
၃၇။ ပါရီကွန်ဗင်းရှင်းနိုင်ငံ သို့မဟုတ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံတစ်ခုခုတွင် သက်ဆိုင်ရာ နိုင်ငံ အစိုးရက ကြီးမှူးကျင်းပသော သို့မဟုတ် အသိအမှတ်ပြုသော အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲ၌ ခင်းကျင်းပြသခဲ့သည့် စက်မှုဒီဇိုင်းအတွက် စတင်ခင်းကျင်းပြသခဲ့သည့် နေ့ရက်မှ ခြောက်လအတွင်း ဦးစီးဌာန၌ တူညီသော စက်မှုဒီဇိုင်းကို မှတ်ပုံတင်ပေးရန် လျှောက်ထားလျှင် ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေး ခံစားရမည်။
၃၈။ ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေးသည် ပုဒ်မ ၃၆ အရ လျှောက်ထားသည့် နေ့ရက်မှ စတင်ရရှိသည့် ဦးစားပေးအခွင့်အရေးကာလထက် မကျော်လွန်စေရ။
အခန်း(၁၃)
မှတ်ပုံတင်သက်တမ်းနှင့် မှတ်ပုံတင်သက်တမ်းတိုးခြင်း
၃၉။ မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်း၏ မှတ်ပုံတင်သက်တမ်းသည် စက်မှုဒီဇိုင်း မှတ်ပုံတင် လျှောက်ထားချက်တင်သွင်းသည့် နေ့ရက်မှစ၍ ငါးနှစ် ဖြစ်သည်။ တစ်ကြိမ်လျှင် ငါးနှစ်စီဖြင့် ၁၅ နှစ်အထိ သက်တမ်းတိုးနိုင်သည်။
၄၀။ စက်မှုဒီဇိုင်းပိုင်ရှင်သည် မှတ်ပုံတင်သက်တမ်းကာလကို တိုးလိုလျှင် အောက်ပါအတိုင်း ဆောင်ရွက်ရမည် -
(က) မှတ်ပုံတင်သက်တမ်းကာလ ကုန်ဆုံးမည့်နေ့ရက် မတိုင်မီ ခြောက်လအတွင်း မှတ်ပုံတင်သက်တမ်းတိုးပေးရန် သတ်မှတ်သည့် အခကြေးငွေပေးသွင်း၍ လျှောက်ထားရမည်။
(ခ) မှတ်ပုံတင်သက်တမ်းကာလ ကုန်ဆုံးပြီးနောက် လျှောက်ထားခြင်းဖြစ်ပါက အထူး အခွင့်အရေးအဖြစ်ပေးသော ခြောက်လအတွင်း လျှောက်ထားခွင့်ရှိသည်။ ယင်းသို့ လျှောက်ထားသည့်အခါ သတ်မှတ်သည့် မှတ်ပုံတင်ကြေးနှင့် ရက်လွန်ကြေးများကို ပေးသွင်းရမည်။
၄၁။ မှတ်ပုံတင်အရာရှိသည် -
(က) သတ်မှတ်ချက်နှင့်ညီညွတ်သော မှတ်ပုံတင်သက်တမ်းတိုးရန် လျှောက်ထားချက်ကို ခွင့်ပြုရမည်။ မှတ်ပုံတင်သက်တမ်းတိုးခြင်းသည် ယခင်မှတ်ပုံတင်သက်တမ်း ကုန်ဆုံးသည့် နေ့ရက်မှစ၍ အကျိုးသက်ရောက်မှုရှိရမည်။
(ခ) မှတ်ပုံတင်သက်တမ်းတိုးရန် လျှောက်ထားချက်ကို စစ်ဆေး၍ သတ်မှတ်ချက်နှင့် ညီညွတ်ပါက ငါးနှစ်သက်တမ်းတိုးပေးပြီး သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။
(ဂ) မှတ်ပုံတင်သက်တမ်းတိုးခြင်းနှင့် အခကြေးငွေပေးသွင်းခြင်းတို့ကို မှတ်ပုံတင် စာရင်းတွင် မှတ်တမ်းတင်ရမည်။
(ဃ) မှတ်ပုံတင်သက်တမ်းတိုးခြင်းအတွက် အခကြေးငွေကို အထူးအခွင့်အရေးအဖြစ် ပေးသော ခြောက်လအတွင်း စက်မှုဒီဇိုင်းပိုင်ရှင်က ပေးသွင်းခြင်းမရှိလျှင် မှတ်ပုံတင် ထားသော စက်မှုဒီဇိုင်းကို မှတ်ပုံတင်ခြင်းမှ ရပ်စဲရမည်။
(င) ရပ်စဲသွားသည့် မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းကို မှတ်ပုံတင်ခြင်းမှ ရပ်စဲကြောင်း မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ပြီး သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။
အခန်း(၁၄)
မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းမူပိုင်ခွင့် အခွင့်အရေးများ
၄၂။ စက်မှုဒီဇိုင်းပိုင်ရှင်သည် အခန်း (၁၃) ပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ပါက မှတ်ပုံတင်သက်တမ်းကာလအတွင်း ဤအခန်းပါ မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းမူပိုင်ခွင့် အခွင့် အရေးများကို ခံစားခွင့်ရှိသည်။
၄၃။ စက်မှုဒီဇိုင်းပိုင်ရှင်သည် ပုဒ်မ ၄၆ နှင့် ပုဒ်မ ၄၇ တို့ပါ ပြဋ္ဌာန်းချက်များကို မထိခိုက်စေဘဲ -
(က) သီးသန့်အခွင့်အရေးအဖြစ် -
(၁) ဤဥပဒေနှင့်အညီ မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းကို မူပွားထားသည့် သို့မဟုတ် မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်း၏ အဓိကအချက်များကို မူပွား ထားသည့် စက်မှုဒီဇိုင်းပါဝင်သော သို့မဟုတ် ရုပ်လုံးဖော်ထားသော ထုတ်ကုန်များအား စီးပွားရေးအလို့ငှာ အခြားသူတစ်ဦးဦးက ယင်း၏ သဘောတူညီချက်မပါဘဲ ပြုလုပ်ခြင်း၊ ရောင်းချခြင်း သို့မဟုတ် ပြည်တွင်း သို့ တင်သွင်းခြင်းတို့ကို ကာကွယ်တားဆီးခွင့် ရှိသည်။
(၂) မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းမူပိုင်ခွင့် အခွင့်အရေးများကို ထိပါး ချိုးဖောက်သူအား တရားမကြောင်းဖြင့် တရားစွဲဆိုခွင့်ရှိသည်။
(ခ) အခန်း (၁၅) နှင့် အခန်း (၁၆) တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မှတ်ပုံတင်ထား သော စက်မှုဒီဇိုင်းမူပိုင်ခွင့်အခွင့်အရေးများကို အခြားသူတစ်ဦးဦးသို့ လွှဲပြောင်း ခြင်း၊ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်း ပြုနိုင်သည်။
၄၄။ ပုဒ်မ ၁၆ ပုဒ်မခွဲ (ဃ) အရ အလုပ်သမားက မှတ်ပုံတင်လျှောက်ထားခွင့်ရှိသည့် စက်မှုဒီဇိုင်း အပေါ်တွင် အလုပ်ရှင်သည် တစ်ဦးတည်းပိုင်မဟုတ်သော ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေး ခြင်းကို ရရှိစေရမည်။
၄၅။ စက်မှုဒီဇိုင်းကို တစ်ဦးထက်ပိုသူများက ပိုင်ဆိုင်ပြီး ယင်းတို့အချင်းချင်း တစ်နည်းနည်းဖြင့် သဘောတူညီထားခြင်း မရှိလျှင် -
(က) စက်မှုဒီဇိုင်းပိုင်ရှင် အသီးသီးသည် မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းနှင့်စပ်လျဉ်း၍ မခွဲဝေရသေးသည့် မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းမူပိုင်ခွင့် အခွင့်အရေးများကို အညီအမျှ ခံစားခွင့်ရှိသည်။
(ခ) စက်မှုဒီဇိုင်းပိုင်ရှင်အသီးသီးသည် ယင်း၏ မခွဲဝေရသေးသည့် မှတ်ပုံတင်ထားသော စက်မှု ဒီဇိုင်းမူပိုင်ခွင့်အခွင့်အရေးများကို အခြားသူတစ်ဦးဦးကို လွှဲပြောင်းခြင်း၊ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းပြုနိုင်သည်။
(ဂ) စက်မှုဒီဇိုင်းပိုင်ရှင်အသီးသီးသည် မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းမူပိုင်ခွင့် အခွင့် အရေး ထိပါးချိုးဖောက်သူအား အခြားသောစက်မှုဒီဇိုင်းပူးတွဲပိုင်ရှင်များ၏ သဘော တူညီချက်ရယူရန်မလိုဘဲ တရားမကြောင်းဖြင့် တရားစွဲဆိုခွင့်ရှိသည်။
(ဃ) စက်မှုဒီဇိုင်းပိုင်ရှင်ထံမှ အခွင့်အရေးများအား တရားဝင်ဆက်ခံရရှိသော ပုဂ္ဂိုလ် သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းသည် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မခွဲ (ဂ) တို့တွင် ဖော်ပြထားသော အခွင့်အရေးများကို ခံစားခွင့်ရှိသည်။
၄၆။ စက်မှုဒီဇိုင်းပိုင်ရှင်သည် အောက်ပါကိစ္စတစ်ရပ်ရပ်အတွက် ယင်း၏မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းမူပိုင်ခွင့် အခွင့်အရေးများကို အသုံးမပြုရ -
(က) စီးပွားဖြစ်မဟုတ်သော ပုဂ္ဂလိကကိစ္စရပ်များအတွက် ဆောင်ရွက်မှုများ၊
(ခ) စမ်းသပ်လေ့လာသည့် ကိစ္စရပ်များ သို့မဟုတ် သုတေသနလုပ်ငန်းများအတွက် ဆောင်ရွက်မှုများ၊
(ဂ) ရည်ညွှန်းကိုးကားရန် သို့မဟုတ် သင်ကြားရန် ပြန်လည်ထုတ်လုပ် ဆောင်ရွက်မှုများ။
၄၇။ မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းမူပိုင်ခွင့် အခွင့်အရေးများသည် စက်မှုဒီဇိုင်းပိုင်ရှင်က ဖြစ်စေ၊ ယင်းပိုင်ရှင်၏ သဘောတူညီချက်ရရှိသူကဖြစ်စေ နိုင်ငံတော်တွင် တရားဝင်ရောင်းချ ပြီးသော သို့မဟုတ် တင်သွင်းပြီးသော မှတ်ပုံတင်စက်မှုဒီဇိုင်းပါရှိသည့် ထုတ်ကုန်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။
အခန်း(၁၅)
စက်မှုဒီဇိုင်းအခွင့်အရေးများကို လွှဲပြောင်းခြင်း
၄၈။ (က) စက်မှုဒီဇိုင်းမှတ်ပုံတင်ပေးရန် လျှောက်ထားသူသည် ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ၊ တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းကိုဖြစ်စေ ယင်း၏ စက်မှုဒီဇိုင်းမှတ်ပုံတင် ပေးရန် လျှောက်ထားချက်ကို သတ်မှတ်ချက်နှင့်အညီ လွှဲပြောင်းပေးရန် ဦးစီးဌာန သို့ လျှောက်ထားနိုင်သည်။
(ခ) စက်မှုဒီဇိုင်းပိုင်ရှင်သည် ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ၊ တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းကိုဖြစ်စေ ယင်း၏ မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းပိုင်ဆိုင်မှုကို သတ်မှတ်ချက်နှင့်အညီ လွှဲပြောင်းခြင်းပြုနိုင်သည်။
၄၉။ မှတ်ပုံတင်အရာရှိသည် စက်မှုဒီဇိုင်းမှတ်ပုံတင်ပေးရန် လျှောက်ထားသူကဖြစ်စေ၊ ပုဒ်မ ၄၈ ပုဒ်မခွဲ (က) အရ လွှဲပြောင်းခြင်းကို လက်ခံသူကဖြစ်စေ၊ စက်မှုဒီဇိုင်းပိုင်ရှင်ကဖြစ်စေ၊ ပုဒ်မ ၄၈ ပုဒ်မခွဲ (ခ) အရ လွှဲပြောင်းခြင်းကို လက်ခံသူကဖြစ်စေ သတ်မှတ်သည့် အခကြေးငွေ ပေးသွင်းပြီး ပိုင်ဆိုင်မှုလွှဲပြောင်းကြောင်း မှတ်တမ်းတင်ပေးရန် တောင်းဆိုလျှင် ပိုင်ဆိုင်မှုလွှဲပြောင်းကြောင်း မှတ်တမ်းတင်၍ အများပြည်သူ သိရှိစေရန် သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာ ရမည်။
၅၀။ စက်မှုဒီဇိုင်းမှတ်ပုံတင်ပေးရန် လျှောက်ထားချက် သို့မဟုတ် မှတ်ပုံတင်ထားသော စက်မှု ဒီဇိုင်း၏ ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းကို မှတ်တမ်းတင်ပေးရန် တောင်းဆိုချက်သည် သတ်မှတ်ချက် နှင့် ကိုက်ညီမှုရှိရမည်။
၅၁။ မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းပိုင်ဆိုင်မှု လွှဲပြောင်းခြင်းနှင့်စပ်လျဉ်း၍ ဦးစီးဌာနသို့ မှတ်တမ်းတင်ပေးရန် လျှောက်ထားခြင်းမရှိလျှင် ယင်းပိုင်ဆိုင်မှုလွှဲပြောင်းခြင်းသည် အကျိုး သက်ရောက်မှု မရှိစေရ။
အခန်း (၁၆)
မှတ်ပုံတင်ထားသောစက်မှုဒီဇိုင်းကို ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်း
၅၂။ စက်မှုဒီဇိုင်းပိုင်ရှင်သည် ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ၊ တရားဝင်ဖွဲ့စည်းထားသော အဖွဲ့ အစည်းကို ဖြစ်စေ၊ ယင်း၏ မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းကို အသုံးပြုရန်အတွက် စည်းကမ်းချက်များ သတ်မှတ်၍ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးနိုင်သည်။
၅၃။ စက်မှုဒီဇိုင်းပိုင်ရှင်နှင့် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရရှိသူတို့သည် ခွင့်ပြုချက်စာတမ်း အမှတ်အသား မိတ္တူမှန်နှင့်အတူ သတ်မှတ်သည့် အခကြေးငွေပေးသွင်းပြီး ခွင့်ပြုချက်ဖြင့် လုပ်ကိုင် ခွင့်ပေးခြင်းကို မှတ်တမ်းတင်ပေးရန် ဦးစီးဌာနသို့ လျှောက်ထားရမည်။
၅၄။ မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၅၃ အရ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းကို မှတ်တမ်း တင်ပြီး သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။
၅၅။ စက်မှုဒီဇိုင်းပိုင်ရှင်နှင့် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရရှိသူတို့က မှတ်ပုံတင်အရာရှိထံတွင် မှတ်တမ်းတင်ထားသည့် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းကို ပယ်ဖျက်ရန် သတ်မှတ်ချက်နှင့့် အညီ လျှောက်ထားလျှင် မှတ်ပုံတင်အရာရှိက မှတ်တမ်းမှ ပယ်ဖျက်ပြီး ယင်းသို့ ပယ်ဖျက်ကြောင်း အများပြည်သူသိရှိစေရန် သတ်မှတ်သည့်နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။
၅၆။ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းနှင့်စပ်လျဉ်း၍ ဦးစီးဌာနသို့ မှတ်တမ်းတင်ပေးရန် လျှောက်ထားခြင်းမရှိလျှင် ယင်းခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းသည် အကျိုးသက်ရောက်မှု မရှိစေရ။
အခန်း (၁၇)
စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းကို တရားမဝင်ကြောင်း ကြေညာခြင်းနှင့်ပယ်ဖျက်ခြင်း
၅၇။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိသော မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းသည် ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အများကိုထိခိုက်ကြောင်း တွေ့ရှိပါက သက်ဆိုင်ရာပုဂ္ဂိုလ် သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းသည် အဆိုပါ စက်မှုဒီဇိုင်းမှတ်ပုံတင်ထားခြင်းတစ်ခုလုံး ကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း တရားမဝင်ကြောင်း ကြေညာ ပေးရန် မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။
၅၈။ မှတ်ပုံတင်အရာရှိသည် သက်ဆိုင်ရာပုဂ္ဂိုလ် သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့ အစည်း၏ လျှောက်ထားချက်အရ မှတ်ပုံတင်ထားသောစက်မှုဒီဇိုင်းသည် အောက်ပါအချက် တစ် ရပ်ရပ်နှင့် ငြိစွန်းကြောင်း တွေ့ရှိပါက အဆိုပါစက်မှုဒီဇိုင်းမှတ်ပုံတင်ထားခြင်း တစ်ခုလုံးကိုသော် လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း တရားမဝင်ကြောင်း ကြေညာခြင်း ပြုနိုင်သည် -
(က) ပုဒ်မ ၁၃ ပါ အကာအကွယ်မရရှိနိုင်သော အချက်များဖြစ်ခြင်း၊
(ခ) စက်မှုဒီဇိုင်းသည် ပုဒ်မ၂ ပုဒ်မခွဲ(ဆ) တွင် ဖော်ပြထားသော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အကျုံးဝင်မှုမရှိခြင်း၊
(ဂ) စက်မှုဒီဇိုင်းသည် အသစ်မဖြစ်ခြင်း၊
(ဃ) စက်မှုဒီဇိုင်းပိုင်ရှင်သည် မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းအား ရခွင့်ရှိသူမဟုတ် ကြောင်း ခိုင်လုံသော သက်သေခံအထောက်အထား ပေါ်ပေါက်လာခြင်း၊
(င) မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းသည် လိမ်လည်လှည့်ဖြား၍ဖြစ်စေ၊ မမှန်မကန် တင်ပြ၍ဖြစ်စေ၊ ဖော်ပြထားသော အချက်တစ်ရပ်ရပ်ကို ထိန်ချန်၍ဖြစ်စေ ရယူ ထားခြင်း၊
(စ) မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းကို တရားမဝင်ကြောင်း ကြေညာပေးရန် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ တရားရုံး၏ အပြီးသတ်ဆုံးဖြတ်ချက် သို့မဟုတ် စီရင်ချက်ကို လက်ခံရရှိခြင်း။
၅၉။ မှတ်ပုံတင်အရာရှိသည် အောက်ပါအချက်တစ်ရပ်ရပ် ပေါ်ပေါက်ပါက မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်နိုင်သည် -
(က) မှတ်ပုံတင်သက်တမ်းကာလ ကုန်ဆုံးသည့်နေ့ရက်မှ အထူးအခွင့်အရေးအဖြစ်ပေး သော ခြောက်လအတွင်း သက်တမ်းတိုး လျှောက်ထားရန် ပျက်ကွက်ခြင်း၊
(ခ) စက်မှုဒီဇိုင်းပိုင်ရှင်က ပိုင်ရှင်အဖြစ်မှ စွန့်လွှတ်ခြင်း၊
(ဂ) ပုဒ်မ ၅၈ ပါ အချက်တစ်ရပ်ရပ်နှင့်ငြိစွန်းသဖြင့် တရားမဝင်ကြောင်း ကြေညာထား သော စက်မှုဒီဇိုင်းဖြစ်ခြင်း။
၆၀။ မှတ်ပုံတင်အရာရှိသည် မှတ်ပုံတင်ထားသောစက်မှုဒီဇိုင်းကို ပယ်ဖျက်ကြောင်း မှတ်တမ်း တင်ပြီး ထိုသို့ ပယ်ဖျက်ပြီးကြောင်းကို စက်မှုဒီဇိုင်းပိုင်ရှင်ထံ အကြောင်းကြားရမည့်အပြင် အများ ပြည်သူသိရှိစေရန် သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။
အခန်း (၁၈)
အပြည်ပြည်ဆိုင်ရာ မှတ်ပုံတင်လျှောက်ထားခြင်း
၆၁။ အပြည်ပြည်ဆိုင်ရာ စက်မှုဒီဇိုင်းမှတ်ပုံတင်စနစ် သဘောတူစာချုပ်သို့ နိုင်ငံတော်က အဖွဲ့ဝင် အဖြစ် ဝင်ရောက်ပြီးနောက် ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ စက်မှုဒီဇိုင်းမှတ်ပုံတင်ပေးရန် လျှောက်ထားလိုသူများသည် အပြည်ပြည်ဆိုင်ရာ မှတ်ပုံတင်စနစ်ကို ကျင့်သုံးလိုပါက သတ်မှတ် ချက်နှင့်အညီ ဦးစီးဌာနသို့ လျှောက်ထားနိုင်သည်။
အခန်း (၁၉)
အယူခံခြင်း
၆၂။ (က) မှတ်ပုံတင်အရာရှိက ဤဥပဒေအရချမှတ်သော ဆုံးဖြတ်ချက် တစ်ရပ်ရပ်ကို မကျေနပ်သူသည် ယင်းဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာသည့် နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း ညွှန်ကြားရေးမှူးချုပ်ထံ အယူခံဝင်နိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ အယူခံမှုတွင် ညွှန်ကြားရေးမှူးချုပ်သည် မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်း သို့မဟုတ် သက်သေခံအထောက်အထားများ ထပ်မံရယူရန် ညွှန်ကြားခြင်းပြုနိုင်သည်။
၆၃။ ညွှန်ကြားရေးမှူးချုပ်က ချမှတ်သောဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းဆုံးဖြတ်ချက် အကြောင်းကြားစာကို လက်ခံရရှိသည့် နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း ဤကိစ္စအလို့ငှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စီရင်ပိုင်ခွင့်အာဏာအပ်နှင်းထားသည့် တရားရုံးသို့ အယူခံ လျှောက်ထားနိုင် သည်။
အခန်း (၂၀)
တရားရုံး တည်ထောင်ခြင်း
၆၄။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် -
(က) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြစ်မှုကြောင်းအရ ဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ တရားစွဲဆိုမှုများကို စစ်ဆေးစီရင်ရန် သင့်လျော်သော နယ်မြေဒေသတွင် တရားရုံးများကို တည်ထောင်၍ တရားသူကြီး များကို ခန့်ထားနိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ ခန့်ထားသည့် တရားသူကြီးများအား အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ဆိုင်ရာကိစ္စရပ်များကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များကို အပ်နှင်းနိုင်သည်။
(ဂ) ပုဒ်မခွဲ (က) အရ တရားရုံးများကို တည်ထောင်ခြင်းမပြုမီ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ဆိုင်ရာ ကိစ္စရပ်များကို စစ်ဆေးစီရင်ရန် အပ်နှင်းထားသည့် တရားရုံးအား အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များ ကို အပ်နှင်းနိုင်သည်။
(ဃ) တရားရုံးများက ချမှတ်သော စီရင်ချက်၊ အမိန့်နှင့် ဆုံးဖြတ်ချက်များအပေါ် အယူခံ မှု၊ ပြင်ဆင်မှုများကို စီရင်ပိုင်ခွင့်ရှိသည့် တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်။
(င) ညွှန်ကြားရေးမှူးချုပ်က ချမှတ်သော ဆုံးဖြတ်ချက်အပေါ် အယူခံမှုများကို စစ်ဆေး စီရင်ရန် သင့်လျော်သည့် တရားရုံးသို့ စီရင်ပိုင်ခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များ အပ်နှင်းရမည်။
အခန်း (၂၁)
မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းမူပိုင်ခွင့် အခွင့်အရေး
ထိပါးချိုးဖောက်ခြင်းနှင့်စပ်လျဉ်း၍ တရားရုံး၏ လုပ်ပိုင်ခွင့်များ
၆၅။ (က) နစ်နာသူ မည်သူမဆို ပုဒ်မ ၆၆ နှင့် ပုဒ်မ ၆၇ တို့ပါ ပြဋ္ဌာန်းချက်များအရ ယာယီ အရေးယူဆောင်ရွက်ပေးရန် တရားရုံးသို့ လျှောက်ထားနိုင်သည်။
(ခ) နစ်နာသူမည်သူမဆို တရားမကြောင်းအရ အရေးယူဆောင်ရွက်ပေးရန် တရားရုံး သို့ လျှောက်ထားနိုင်သည်။
၆၆။ (က) တရားရုံးသည် မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းမူပိုင်ခွင့် အခွင့်အရေးထိပါး ချိုးဖောက်သည်ဟု စွပ်စွဲခံရသော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပုဒ်မ ၆၅ ပုဒ်မခွဲ (က) အရ လျှောက်ထားလာပါက အောက်ပါယာယီအရေးယူဆောင်ရွက်သည့် အမိန့် တစ်ရပ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်-
(၁) မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းမူပိုင်ခွင့်အခွင့်အရေး ထိပါးချိုးဖောက်ခြင်း ကို ကာကွယ်တားဆီးရန်နှင့် အကောက်ခွန်ရှင်းလင်းပြီးသည့် သွင်းကုန် ပစ္စည်းများအပါအဝင် မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းမူပိုင်ခွင့်အခွင့်အရေး ထိပါးချိုးဖောက်သည့်ကုန်ပစ္စည်းများ နိုင်ငံတော်၏ ကုန်သွယ်မှုလမ်းကြောင်း သို့ မဝင်ရောက်စေရန် ကာကွယ်တားဆီးရန်အတွက် သင့်သည်ထင်မြင် သည့် အမိန့်၊
(၂) မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းမူပိုင်ခွင့်အခွင့်အရေး ထိပါးချိုးဖောက် သည်ဟု စွပ်စွဲခံရသော သက်သေခံအထောက်အထားများကို မူလအခြေအနေ မပျက် ထိန်းသိမ်းထားရန်အတွက် သင့်သည်ထင်မြင်သည့် အမိန့်၊
(ခ) တရားရုံးသည် ယာယီအရေးယူဆောင်ရွက်ပေးရန် လျှောက်ထားသူထံမှ အောက်ပါ တို့ကို တောင်းဆိုနိုင်သည် -
(၁) လျှောက်ထားသူမှာ အခွင့်အရေးရရှိသူဖြစ်ကြောင်း၊ ယင်း၏ အခွင့်အရေး ကို ထိပါးချိုးဖောက်နေကြောင်း သို့မဟုတ် ထိပါးချိုးဖောက်ရန် အလား အလာရှိကြောင်း ခိုင်လုံသေချာစေရန်အလို့ငှာ သင့်လျော်လုံလောက်သည့် မည်သည့်သက်သေခံ အထောက်အထားများကိုမဆို တင်ပြစေခြင်း၊
(၂) ယာယီအရေးယူဆောင်ရွက်မှုကို အလွဲသုံးစားပြုခြင်းမှ ကာကွယ်တားဆီး ရန်အတွက် လုံလောက်သည့် အာမခံတင်သွင်းစေခြင်း၊
(ဂ) တရားရုံးက ထုတ်ပြန်ထားသော အမိန့်အရ ယာယီအရေးယူဆောင်ရွက်မှုများကို ဆောင်ရွက်ရာတွင် တရားရုံးသည် ထိပါးချိုးဖောက်သည်ဟု စွပ်စွဲခံရသော ကုန်ပစ္စည်းများကို ခွဲခြားသတ်မှတ်နိုင်ရန် နောက်ထပ်လိုအပ်သော မည်သည့် သတင်းအချက်အလက်ကိုမဆို တင်သွင်းရန် လျှောက်ထားသူကို ထပ်မံညွှန်ကြား နိုင်သည်။
(ဃ) တရားရုံးသည် လျှောက်ထားတောင်းဆိုခဲ့သည့် ယာယီအရေးယူဆောင်ရွက်ချက် များကို စတင်ဆောင်ရွက်ခဲ့သည့်နေ့မှစ၍ ထိခိုက်နစ်နာမှုအပေါ်အမှုကို အပြီးအပြတ် ဆုံးဖြတ်နိုင်ရန်အတွက် တရားမကြောင်းအရ တရားစွဲဆိုခြင်းကို တရားရုံးက သတ်မှတ်ထားသည့် သင့်လျော်သောကာလအတွင်း သို့မဟုတ် ယင်းကဲ့သို့ သတ်မှတ်ထားခြင်းမရှိခဲ့လျှင် ယာယီအရေးယူဆောင်ရွက်ရန် အမိန့်ချမှတ်သည့် နေ့မှ ရုံးဖွင့်ရက် ရက်ပေါင်း ၂၀ ရက် သို့မဟုတ် ပြက္ခဒိန်ရက် ရက်ပေါင်း ၃၁ ရက် တို့အနက် ပိုမိုကြာမြင့်သည့် အချိန်ကာလထက်မပိုသော အချိန်အတွင်း တရား စွဲဆိုမှုကို စတင်ဆောင်ရွက်ခဲ့ခြင်း မရှိလျှင် ပုဒ်မ ၆၇ ပုဒ်မခွဲ(ခ) ကို မထိခိုက်စေဘဲ ပုဒ်မခွဲ (က) နှင့် ပုဒ်မ ၆၇ ပုဒ်မခွဲ (က) တို့အရ ချမှတ်ထားသော ယာယီအရေးယူ ဆောင်ရွက်ချက်များကို လျှောက်ထားခံရသူ၏ တောင်းဆိုချက်အရ ရုပ်သိမ်းရမည် သို့မဟုတ် အကျိုးသက်ရောက်မှုကို ရပ်စဲရမည်။
(င) တရားရုံးသည် ယာယီအရေးယူဆောင်ရွက်ချက်များကို ရုပ်သိမ်းလျှင်ဖြစ်စေ၊ လျှောက်ထားသူ၏ ပျက်ကွက်မှု သို့မဟုတ် ပြုလုပ်မှု တစ်ရပ်ရပ်ကြောင့် ရပ်စဲလျှင် ဖြစ်စေ၊ မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းမူပိုင်ခွင့်အခွင့်အရေး ထိပါးချိုးဖောက် ခြင်းမရှိကြောင်း သို့မဟုတ် ထိပါးချိုးဖောက်ရန် အလားအလာမရှိကြောင်း တွေ့ရှိ လျှင်ဖြစ်စေ လျှောက်ထားခံရသူ၏ တောင်းဆိုချက်အရ အဆိုပါအရေးယူ ဆောင်ရွက်ချက်များကြောင့် ပေါ်ပေါက်သော ထိခိုက်နစ်နာမှုများအတွက် သင့်လျော် မျှတသော လျော်ကြေးကို လျှောက်ထားသူက လျှောက်ထားခံရသူသို့ ပေးစေရန် အမိန့် ချမှတ်နိုင်သည်။
၆၇။ (က) တရားရုံးသည် အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် တစ်ဖက်သတ် ယာယီအရေး ယူဆောင်ရွက်သည့် အမိန့်များကို ချမှတ်နိုင်သည် -
(၁) အခွင့်အရေးရရှိသူကို ကုစား၍မရနိုင်သော ထိခိုက်နစ်နာမှုကို ဖြစ်စေတန်ရာ သည့် နှောင့်နှေးကြန့်ကြာမှု တစ်စုံတစ်ရာရှိခြင်း၊
(၂) သက်သေခံအထောက်အထားများကို ဖျက်ဆီးခံရမည့် အန္တရာယ်ကျရောက် မည်ဟု စိုးရိမ်ဖွယ်ရာရှိခြင်း။
(ခ) တရားရုံးသည် တစ်ဖက်သတ်ယာယီအရေးယူ ဆောင်ရွက်ရာတွင် -
(၁) ဆောင်ရွက်ပြီးလျှင်ပြီးချင်း နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ယာယီအရေးယူ ဆောင်ရွက်သည့် အမိန့်ကို လျှောက်ထားခံရသူထံ အသိပေး အကြောင်းကြား ရမည်။
(၂) တရားရုံးက သတ်မှတ်သည့် သင့်လျော်သော ကာလအတွင်း သို့မဟုတ် ယင်းကဲ့သို့ သတ်မှတ်ချက် မရှိခဲ့လျှင် အကြောင်းကြားစာ ထုတ်ပြန်သည့်နေ့ မှ ရုံးဖွင့်ရက် ရက်ပေါင်း ၂၀ ရက်အတွင်း အကြောင်းကြားခံရသူက လိုက်နာ ခြင်းမရှိလျှင် ယင်းအရေးယူဆောင်ရွက်ချက်များကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်။
(၃) ယင်းအရေးယူဆောင်ရွက်ချက်များအပေါ် ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် အတည်ပြုခြင်းတို့ကို ဆုံးဖြတ်ပေးရန် လျှောက်ထားခံရသူများ၏ တောင်းဆိုချက်အရ နှစ်ဖက်ကြားနာ၍ ပြန်လည်စစ်ဆေးခြင်းတစ်ရပ်ကို သင့်လျော်သည့် ကာလအတွင်း ဆောင်ရွက်ရမည်။
၆၈။ စက်မှုဒီဇိုင်းမူပိုင်ခွင့်အခွင့်အရေး ထိပါးချိုးဖောက်ခြင်းနှင့်စပ်လျဉ်း၍ တရားမဆိုင်ရာ ဥပဒေများနှင့် တရားမကျင့်ထုံးဥပဒေတို့ကို မထိခိုက်စေဘဲ တရားရုံးသည် အောက်ပါအမိန့် တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည် -
(က) အကောက်ခွန်ရှင်းလင်းပြီး စက်မှုဒီဇိုင်းမူပိုင်ခွင့်အခွင့်အရေး ထိပါးချိုးဖောက်ထား သည့် တင်သွင်းလာသော ကုန်ပစ္စည်းများနိုင်ငံတော်၏ ကုန်သွယ်မှုလမ်းကြောင်းသို့ မဝင်ရောက်စေရန် ကာကွယ်တားဆီးခြင်းအပါအဝင် စက်မှုဒီဇိုင်းမူပိုင်ခွင့် အခွင့် အရေး ထိပါးချိုးဖောက်မှုကို ရပ်ဆိုင်းရန်အတွက် သင့်သည်ထင်မြင်သည့်အမိန့်၊
(ခ) မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းမူပိုင်ခွင့် အခွင့်အရေးထိပါးချိုးဖောက်ခြင်းကြောင့် အခွင့်အရေးရရှိသူ၏ ထိခိုက်နစ်နာမှုများအတွက် ပေးလျော်ရန် ထိပါးချိုးဖောက်သူ မှ အခွင့်အရေးရရှိသူထံ လုံလောက်သော နစ်နာကြေးပေးဆောင်ရန်အတွက် ချမှတ် သည့်အမိန့် သို့မဟုတ် သင့်လျော်သော ကိစ္စရပ်များတွင် အခွင့်အရေးရရှိသူမှ ကြိုတင်သတ်မှတ် တောင်းဆိုထားသော နစ်နာကြေးကိုဖြစ်စေ၊ ချိုးဖောက်သူက ရယူခံစားခဲ့သော အကျိုးအမြတ်ကိုဖြစ်စေ၊ နှစ်ရပ်စလုံးကိုဖြစ်စေ ပြန်လည်ပေး စေရန်အမိန့်၊
(ဂ) အခွင့်အရေးရရှိသူ၏ တရားစရိတ်နှင့် ရှေ့နေစရိတ်တို့ အပါအဝင် သင့်လျော်သော ကုန်ကျစရိတ်များကို ပေးဆောင်စေရန်အမိန့်။
၆၉။ (က) တရားရုံးသည် အခွင့်အရေးရရှိသူ၏ လျှောက်ထားချက်အပေါ် တရားမလုပ်ထုံး လုပ်နည်းများနှင့်အညီ ထိပါးချိုးဖောက်မှုအတွက် အပြီးသတ်ဆုံးဖြတ်ချက် အမိန့် ချမှတ်ရာ၌ သက်သေခံပစ္စည်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ချမှတ်နိုင်သည်-
(၁) ထိပါးချိုးဖောက်ကြောင်း တွေ့ရှိသည့် ကုန်ပစ္စည်းများကို ဖျက်ဆီးခြင်း သို့မဟုတ် ကုန်သွယ်မှုလမ်းကြောင်းသို့ မဝင်ရောက်စေရန် တားမြစ်စေခြင်းနှင့်
(၂) ထပ်မံထိပါးချိုးဖောက်မှုကို လျော့နည်းစေရေးအတွက် လျော်ကြေးတစ်စုံတစ် ရာ ပေးဆောင်ခြင်းမရှိဘဲ ထိပါးချိုးဖောက်သော ကုန်ပစ္စည်းများကို ဖန်တီးရာ တွင် အဓိကအသုံးပြုသော ပစ္စည်းများ သို့မဟုတ် ကိရိယာတန်ဆာပလာများကို ကုန်သွယ်မှုလမ်းကြောင်းသို့ မဝင်ရောက်စေရန် တားမြစ်စေခြင်း။
(ခ) တရားရုံးသည် ပုဒ်မခွဲ (က) အရ မိမိဆင်ခြင်တုံတရားကို ကျင့်သုံးဆောင်ရွက်ရာ တွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရမည်-
(၁) တားမြစ်မိန့်ချမှတ်ခြင်းကြောင့် ရရှိမည့် အကျိုးသက်ရောက်မှု၊
(၂) ဖျက်ဆီးမှုဆောင်ရွက်ခြင်းဖြင့် ထိပါးချိုးဖောက်မှုအတိုင်းအတာနှင့် အချိုးကျ ကိုက်ညီမှု၊
(၃) ဖျက်ဆီးပုံ၊ ဖျက်ဆီးနည်းသည် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုး သက်ရောက်မှုနှင့်၊
(၄) အခြားပုဂ္ဂိုလ်များ၏ တရားဝင်အကျိုးစီးပွားထိခိုက်မှု။
၇၀။ မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းမူပိုင်ခွင့်အခွင့်အရေး ထိပါးချိုးဖောက်ခံရသည်ဟု မရိုး မဖြောင့်သောသဘောဖြင့် မမှန်မကန်တိုင်ကြားကြောင်း ပေါ်ပေါက်လျှင် ယင်းသို့တိုင်ကြားခြင်း ကြောင့် မှားယွင်းစွာ ဟန့်တားခံရသည့် တရားပြိုင်အား လျှောက်ထားသူက လျော်ကြေးပေး ဆောင်ရမည့်အပြင် တရားပြိုင်၏ ကျသင့်သော ရှေ့နေစရိတ်အပါအဝင် တရားစရိတ်နှင့် အခြား ကုန်ကျစရိတ်များကို လျှောက်ထားသူက ပေးဆောင်စေရန် အမိန့်ချမှတ်နိုင်သည်။
၇၁။ (က) တရားရုံးသည် အောက်ပါအခြေအနေများတွင် တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များကို မထိခိုက်စေဘဲ သင့်လျော်သောကိစ္စရပ်များတွင် လျှို့ဝှက်သတင်းအချက်အလက် များကို အကာအကွယ်ပေးလျက် သက်သေခံအထောက်အထားများကို တစ်ဖက် အမှုသည်က တင်ပြရန် အမိန့်ချမှတ်နိုင်သည် -
(၁) အခွင့်အရေးရရှိသူက ယင်း၏တောင်းဆိုချက်များကို လုံလောက်စွာ အထောက်အကူပြုနိုင်မည့် ခိုင်လုံသည့် သက်သေခံအထောက်အထားများကို တင်ပြထားသောအခါ၊
(၂) ယင်းတောင်းဆိုချက်များနှင့်စပ်ဆိုင်သည့် ခိုင်လုံသောသက်သေခံ အထောက် အထားများသည် တစ်ဖက်အမှုသည်၏ လက်ဝယ်တွင်ရှိကြောင်း တိကျစွာ ဖော်ပြထားသောအခါ။
(ခ) ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ မိမိအလိုအလျောက် ထိပါးချိုးဖောက်မှုတွင် တရားရုံးသည် အောက်ပါအခြေအနေတစ်ရပ်ရပ်၌ ထိခိုက်နစ်နာသူနှင့် ထိပါး ချိုးဖောက်သူတို့၏ စွပ်စွဲချက်များ သို့မဟုတ် သက်သေခံ အထောက်အထားများအရ ကြားနာခွင့်ပေးပြီး ယင်းတို့၏ အပြန်အလှန် စွပ်စွဲငြင်းဆိုသည့်အချက်များ အပါ အဝင် သတင်းအချက်အလက်များအပေါ် အခြေခံ၍ အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်းစသည့် ပဏာမနှင့် အပြီးသတ်ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သည် -
(၁) လိုအပ်သည့် သတင်းအချက်အလက်များကို ရယူရာတွင် ငြင်းဆိုလျှင်၊
(၂) သင့်လျော်သောကာလအတွင်း လိုအပ်သော သတင်းအချက် အလက်များကို မပေးပို့နိုင်လျှင်၊
(၃) အရေးယူဆောင်ရွက်မှုနှင့်စပ်လျဉ်းသော လုပ်ထုံးလုပ်နည်းများကို သိသာစွာ ဟန့်တားလျှင်၊
၇၂။ တရားရုံးသည် မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းမူပိုင်ခွင့် အခွင့်အရေးနှင့်စပ်လျဉ်း၍ ထိပါးချိုးဖောက်သော ကုန်ပစ္စည်းများကို ဖြန့်ဖြူးခြင်း သို့မဟုတ် ထုတ်လုပ်ခြင်းတွင် ပါဝင် ပတ်သက်သော အခြားသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောကြားစေရန် ထိပါး ချိုးဖောက်သူအပေါ် အမိန့်ချမှတ်နိုင်သည်။
၇၃။ တရားရုံးသည် မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းမူပိုင်ခွင့်အခွင့်အရေး ထိပါးချိုးဖောက် ခြင်းအတွက် အရေးယူဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အမိန့်ချမှတ်ရန် ဤဥပဒေတွင် အတိ အလင်း ပြဋ္ဌာန်းထားခြင်းမရှိလျှင် တရားမကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျင့်သုံးဆောင် ရွက်နိုင်သည်။
အခန်း (၂၂)
ပြစ်ဒဏ်များ
၇၄။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀ ထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည် -
(က) စက်မှုဒီဇိုင်းမှတ်ပုံတင်လက်မှတ်ကို မမှန်မကန်ထုတ်ပေးခြင်း သို့မဟုတ် ထုတ်ပေး စေခြင်း၊
(ခ) မှတ်ပုံတင်စာရင်းတွင် မရိုးမဖြောင့်သောသဘောဖြင့် မမှန်မကန်ရေးသွင်းခြင်း သို့မဟုတ် ရေးသွင်းစေခြင်း၊
(ဂ) လျှို့ဝှက်ထားရှိရမည့် စက်မှုဒီဇိုင်းကို လျှို့ဝှက်ထားရှိရမည့် ကာလအတွင်း၌ မသက်ဆိုင်သူအား ထုတ်ဖော်အသိပေးခြင်း၊
(ဃ) စက်မှုဒီဇိုင်းလျှောက်ထားချက်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို ထုတ်ပြန် ကြေညာခြင်းမပြုမီ သတ်မှတ်ထားသည့် ကာလအတွင်း၌ မသက်ဆိုင်သူအား ခွင့်ပြုချက်မရှိဘဲ ပေးအပ်ခြင်း၊ အများပြည်သူသို့ ထုတ်ဖော်အသိပေးခြင်း သို့မဟုတ် အသုံးပြုခွင့်ပေးခြင်း။
၇၅။ မည်သူမဆို တရားရုံးက ပုဒ်မ ၇၂ အရ ချမှတ်သော အမိန့်ကို လိုက်နာရန် ပျက်ကွက်လျှင် ထိုသူအား ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၅ သိန်းထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
အခန်း (၂၃)
အထွေထွေ
၇၆။ အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ဤဥပဒေပါ စက်မှုဒီဇိုင်း နှင့်စပ်လျဉ်းသည့် ပြစ်မှုတစ်ရပ်ရပ်ကို ဤဥပဒေဖြင့်သာ အရေးယူရမည်။
၇၇။ မှတ်ပုံတင်အရာရှိသည် ဤဥပဒေအရ ယင်းကိုအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဆင်ခြင်တုံတရားဖြင့် ဆုံးဖြတ်ရာတွင် တစ်စုံတစ်ဦးအား ထိခိုက်နစ်နာစေမည်ဆိုပါက ထိုသူကို တင်ပြကြားနာခွင့် ပေးရမည်။
၇၈။ မှတ်ပုံတင်အရာရှိက မှန်ကန်ကြောင်းလက်မှတ်ရေးထိုးပြီး တံဆိပ်ခတ်နှိပ်ထားသော စက်မှု ဒီဇိုင်း မှတ်ပုံတင်လက်မှတ်မိတ္တူနှင့် အထောက်အထားစာရွက်စာတမ်းများကို သက်ဆိုင်ရာ တရားရုံးတွင် သက်သေခံအဖြစ် တင်ပြခွင့်ရှိသည်။
၇၉။ ဤဥပဒေအရ တရားစွဲဆိုတင်ပို့သော တရားမမှုများတွင် သက်သေခံပစ္စည်းသည် တရားရုံး ရှေ့တင်ပို့ရန် မလွယ်ကူပါက ယင်းသက်သေခံပစ္စည်းကို တရားရုံးရှေ့သို့ တင်ပို့ရန်မလိုဘဲ မည်ကဲ့သို့ ထိန်းသိမ်းထားကြောင်း အစီရင်ခံစာ သို့မဟုတ် သက်ဆိုင်ရာ အခြားသက်သေခံစာရွက် စာတမ်း အထောက်အထားများကို တင်ပြနိုင်သည်။ ယင်းသို့ တင်ပြခြင်းကို တရားရုံးရှေ့တွင် သက်သေခံပစ္စည်း တင်ပြဘိသကဲ့သို့ မှတ်ယူ၍ သက်ဆိုင်ရာတရားရုံးက ဤဥပဒေနှင့်အညီ အဆိုပါပစ္စည်းကို စီမံခန့်ခွဲရန် အမိန့်ချမှတ်နိုင်သည်။
၈၀။ ဤဥပဒေပါ မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းမူပိုင်ခွင့်အခွင့်အရေးကို ထိပါးချိုးဖောက်မှု များသည် အစိုးရဌာနနှင့် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ရပ်ရပ်က စီးပွားရေး အလို့ငှာမဟုတ်ဘဲ နိုင်ငံတော်၏ အရေးပေါ်အခြေအနေနှင့် အများပြည်သူဘေးအန္တရာယ်ကိစ္စများ တွင် မှတ်ပုံတင်ထားသော စက်မှုဒီဇိုင်းပါရှိသည့် ကုန်ပစ္စည်းတစ်ခုခုကို အများပြည်သူအကျိုးငှာ အသုံးပြုခြင်းနှင့် သက်ဆိုင်ခြင်း မရှိစေရ။
၈၁။ စက်မှုဒီဇိုင်းအငြင်းပွားသူ ပုဂ္ဂိုလ်များအကြား ပေါ်ပေါက်လာသည့် အငြင်းပွားမှုများကို နှစ်ဦးနှစ်ဖက်ချစ်ကြည်စွာ ညှိနှိုင်းဖြေရှင်းခြင်းဖြင့်ဖြစ်စေ၊ အနုညာတစီရင်ဆုံးဖြတ်ခြင်းဖြင့်ဖြစ်စေ၊ တရားစွဲဆိုခြင်းဖြင့်ဖြစ်စေ ဖြေရှင်းနိုင်သည်။
၈၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် -
(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်း များ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
(ခ) ဝန်ကြီးဌာနသည်-
(၁) နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(၂) အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
(ဂ) ဦးစီးဌာနသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များကို ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
၈၃။ The Myanmar Patents and Designs (Emergency Provisions) Act, 1946 ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
-------------------------------------------
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ)
ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်