|
တီထွင်မှုမူပိုင်ခွင့်ဥပဒေ
( ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ။)
၁၃၇၉ ခုနှစ်၊ လ ရက်
(၂၀၁၇ ခုနှစ်၊ လ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း (၁)
အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ (က) ဤဥပဒေကို တီထွင်မှုမူပိုင်ခွင့်ဥပဒေ ဟုခေါ်တွင်စေရမည်။
(ခ) ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ် သော နေ့ရက်မှ စတင်အာဏာတည်စေရမည်။
၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည် -
(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကိုဆိုသည်။
(ခ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပညာရေးဝန်ကြီးဌာနကို ဆိုသည်။
(ဂ) ကော်မတီ ဆိုသည်မှာ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာကော်မတီကို ဆိုသည်။
(ဃ) ဦးစီးဌာန ဆိုသည်မှာ ဝန်ကြီးဌာနက အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာကိစ္စရပ် များ ဆောင်ရွက်ရန် တာဝန်ပေးအပ်သော ဦးစီးဌာနကို ဆိုသည်။
(င) ညွှန်ကြားရေးမှူးချုပ် ဆိုသည်မှာ ဦးစီးဌာန၏ အကြီးအမှူးကို ဆိုသည် ။
(စ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ဆိုသည်မှာ ကိုယ်ပိုင်အသိဉာဏ်ဖြင့် ပြုလုပ်သော တီထွင်ဖန်တီးမှုများကို အကာအကွယ်ပေးရန် ဥပဒေအရ ပေးအပ်သည့် အခွင့် အရေးကိုဆိုသည်။ ယင်းစကားရပ်တွင် စာပေနှင့်အနုပညာမူပိုင်ခွင့်၊ တီထွင်မှု မူပိုင်ခွင့်၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်နှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်များလည်း ပါဝင်သည်။
(ဆ) တီထွင်မှု ဆိုသည်မှာ နည်းပညာနယ်ပယ်ရှိ သီးခြားအခက်အခဲပြဿနာတစ်ရပ်ကို ဖြေရှင်း ပေးနိုင်သည့် ထုတ်ကုန် သို့မဟုတ် ထုတ်လုပ်မှုနည်းစဉ်ဆိုင်ရာ ဖန်တီးမှု ကို ဆိုသည်။ ယင်းစကားရပ်တွင် အသေးစားတီထွင်မှုလည်းပါဝင်သည်။
(ဇ) တီထွင်မှုမူပိုင်ခွင့် ဆိုသည်မှာ တီထွင်မှုတစ်ခုကို အကာအကွယ်ပေးရန် ဤဥပဒေ အရ ခွင့်ပြုသည့် မူပိုင်ခွင့်ကိုဆိုသည်၊၊
(စျ) အသေးစားတီထွင်မှု ဆိုသည်မှာ ထုတ်ကုန်တစ်ခု၏ ပုံပန်းသဏ္ဍာန် သို့မဟုတ် အစိတ်အပိုင်းများ၏ ဖွဲ့စည်းတည်ဆောက်ပုံအသစ်ကိုဖြစ်စေ၊ အသုံးဝင်မှု သို့မဟုတ် လုပ်ဆောင်မှုပိုင်းကို မြှင့်တင်ပေးနိုင်သည့် ထုတ်ကုန်၏ အစိတ်အပိုင်း တစ်ခုကိုဖြစ်စေ ဖန်တီးထားသော နည်းပညာဆိုင်ရာ ဖန်တီးမှုတစ်ရပ်ကို ဆိုသည်၊၊
(ည) တီထွင်မှုမူပိုင်ခွင့်ရရှိသူ ဆိုသည်မှာ ဦးစီးဌာန၏ မှတ်ပုံတင်စာရင်းတွင် တီထွင်မှု မူပိုင်ခွင့် ရရှိသူအဖြစ် အသိအမှတ်ပြု မှတ်တမ်းတင်ခြင်းခံရသည့် ပုဂ္ဂိုလ် သို့မဟုတ် တရားဝင် ဖွဲ့စည်းထားသော အဖွဲ့အစည်းကို ဆိုသည်၊၊
(ဋ) တီထွင်သူ ဆိုသည်မှာ တီထွင်မှုတစ်ခုခုကို ပြုလုပ်သည့် ပုဂ္ဂိုလ်ကို ဆိုသည်၊၊
(ဌ) အခွင့်အရေးရရှိသူ ဆိုသည်မှာ တီထွင်မှုမူပိုင်ခွင့်ရရှိသူ၏ အခွင့်အရေးများကို တရားဝင်ခံစားခွင့်ရှိသော ပုဂ္ဂိုလ် သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းကို ဆိုသည်။
(ဍ) သာမန်တတ်ကျွမ်းသူ ဆိုသည်မှာ တီထွင်မှုဆိုင်ရာနည်းပညာနယ်ပယ်တွင် အထူးကျွမ်းကျင်သူ မဟုတ်သည့် ယေဘုယျ သိရှိနားလည်သူကို ဆိုသည်။
(ဎ) အလုပ်ရှင် ဆိုသည်မှာ အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက်အရ နှစ်ဖက် သဘော တူညီသော အခကြေးငွေဖြင့် အလုပ်သမားတစ်ဦးကိုဖြစ်စေ၊ အများကို ဖြစ်စေ ငှားရမ်းလုပ်ကိုင်၍ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း စီမံကွပ်ကဲ အုပ်ချုပ်ပြီး အလုပ်သမားအတွက် လုပ်ခပေးရန်၊ အလုပ်ခန့်ထားရန်နှင့် အလုပ်မှရပ်စဲရန် တာဝန်ရှိသူတစ်ဦးဦး၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ရပ်ရပ် ကို ဆိုသည်။ ယင်းစကားရပ်တွင် အလုပ်ရှင်၏ တရားဝင်စီမံခန့်ခွဲမှုဆိုင်ရာ ကိုယ်စားလှယ်၊ ပုဂ္ဂလိကပိုင်လုပ်ငန်းတွင် အလုပ်ရှင် ကွယ်လွန်ပါက ယင်း၏ တရားဝင် အမွေဆက်ခံသူနှင့် အစုရှယ်ယာ တရားဝင်လက်ခံရရှိသူတို့လည်း ပါဝင်သည်။
(ဏ) အလုပ်သမား ဆိုသည်မှာ ယင်း၏ကာယအား၊ ဉာဏအားကို အသုံးပြု၍ လုပ်ကိုင်ရရှိသော လုပ်ခဖြင့် အသက်မွေးဝမ်းကျောင်းမှုပြုနေရသူကို ဆိုသည်။ ယင်းစကားရပ်တွင် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း သို့မဟုတ် တရားဝင် ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ရပ်ရပ်၏ ဝန်ထမ်းများလည်းပါဝင်သည်။
(တ) အဖွဲ့ဝင်နိုင်ငံ ဆိုသည်မှာ နိုင်ငံတော်က အဖွဲ့ဝင်အဖြစ် ပါဝင်ထားသော အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာကွန်ဗင်းရှင်းများ၊ စာချုပ်များ သို့မဟုတ် သဘောတူညီချက် များ သို့မဟုတ် ယင်းတို့နှင့်သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ သို့မဟုတ် ဒေသဆိုင်ရာအဖွဲ့အစည်းများ၏ အဖွဲ့ဝင်နိုင်ငံတစ်ခုခုကို ဆိုသည်၊၊
(ထ) တရားရုံး ဆိုသည်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များကို စစ်ဆေးစီရင်ရန် ဥပဒေအရ တည်ထောင်သော တရားရုံးကို ဆိုသည်။ ယင်းစကားရပ်တွင် ဤဥပဒေအရ တရားရုံးများ တည်ထောင်ခြင်းမပြုမီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာနှင့် လုပ်ပိုင်ခွင့် များ အပ်နှင်းထားသည့် တရားရုံးများလည်း ပါဝင်သည်။
(ဒ) မှတ်ပုံတင်အရာရှိ ဆိုသည်မှာ တီထွင်မှုမူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများ ကို ဆောင်ရွက်သည့် ဦးစီးဌာနရှိ ညွှန်ကြားရေးမှူးအောက်မနိမ့်သော အရာရှိကို ဆိုသည်။
(ဓ) စစ်ဆေးရေးအရာရှိ ဆိုသည်မှာ တီထွင်မှုမူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ စစ်ဆေးမှုများ ဆောင်ရွက်သည့် ဦးစီးဌာနရှိ ဦးစီးအရာရှိနှင့် အထက်အဆင့်ရှိ သော အရာရှိကို ဆိုသည်။
(န) ဦးစားပေးအခွင့်အရေး ဆိုသည်မှာ ပုဒ်မ ၄၀ ပါ ဦးစားပေးအခွင့်အရေးကို ဆိုသည်၊၊
(ပ) ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေး ဆိုသည်မှာ ပုဒ်မ ၄၁ ပါ ကုန်စည် ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေးကို ဆိုသည်၊၊
အခန်း (၂)
ရည်ရွယ်ချက်များ
၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) တီထွင်မှုမူပိုင်ခွင့်ရရှိသူနှင့် တီထွင်သူတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ဤဥပဒေနှင့်အညီ အကာအကွယ်ပေးရန်၊
(ခ) နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများနှင့် နည်းပညာဖြန့်ဖြူး လွှဲပြောင်းရေး တို့ကို မြှင့်တင်နိုင်ခြင်းအားဖြင့် နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက် စေရန်၊
(ဂ) တီထွင်သူများနှင့် တီထွင်မှုကိုအသုံးပြုသူများအကြား နည်းပညာဗဟုသုတနှင့် လူမှုစီးပွားဘဝ သာယာဝပြောရေးများကို အပြန်အလှန် အကျိုးပြုစေရန်၊
(ဃ) တီထွင်သူများနှင့် တီထွင်မှုကိုသုံးစွဲသူများ၏ အခွင့်အရေးနှင့် စောင့်ထိန်းရမည့် တာဝန်ဝတ္တရားများအကြား ဟန်ချက်ညီနိုင်ရေးတို့တွင် အထောက်အကူဖြစ်စေရန်၊
(င) တီထွင်မှုမူပိုင်ခွင့်ရရှိသူ သို့မဟုတ် အခွင့်အရေးရရှိသူမှ တီထွင်မှုမူပိုင်ခွင့်ကို အလွဲ သုံးစားပြုခြင်းနှင့် ကုန်သွယ်မှုတွင် သင့်တင့်မျှတမှုမရှိဘဲ ထိန်းချုပ်ထားခြင်း တို့ကို ဟန့်တားနိုင်ရန်။
အခန်း(၃)
ကော်မတီဖွဲ့စည်းခြင်းနှင့်ယင်း၏ လုပ်ငန်းတာဝန်များ
၄။ ပြည်ထောင်စုအစိုးရအဖွဲ့သည်-
(က) ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ သို့မဟုတ် ညွှန်ကြားရေးမှူးချုပ် များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူ များနှင့် ပညာရှင်များက အဖွဲ့ဝင်များအဖြစ်လည်းကောင်း၊ ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ်လည်းကောင်း ပါဝင်သော အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာကော်မတီကို ဖွဲ့စည်းရမည်။
(ခ) ကော်မတီဖွဲ့စည်းရာတွင် အဖွဲ့ဝင်များအနက်မှ ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက် အတွင်းရေးမှူးတို့ကို သတ်မှတ်၍ တာဝန်ပေးအပ်ရမည်။
(ဂ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသောကော်မတီကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
၅။ ကော်မတီ၏လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) နိုင်ငံတော်တွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စနစ် ကောင်းစွာဖွံ့ဖြိုးတိုးတက်စေရန် အမျိုးသားအဆင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာမူဝါဒများ၊ မဟာဗျူဟာများ၊ လုပ်ငန်းစီမံချက်များ ချမှတ်ခြင်းနှင့် ယင်းတို့အား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြီးကြပ်လမ်းညွှန်မှုပေးခြင်း၊
(ခ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ စာချုပ်များနှင့် သဘော တူညီချက်များတွင် နိုင်ငံတော်က အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရေးအတွက် အကြံပြု တင်ပြခြင်း၊
(ဂ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးထိပါးချိုးဖောက်မှုများကို အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောလုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းခြင်းနှင့် ယင်းတို့၏ လုပ်ငန်းတာဝန်များသတ်မှတ်ခြင်း၊
(ဃ) ဦးစီးဌာနမှ တင်ပြလာသည့် မလွဲမသွေပေးရမည့်လိုင်စင် ထုတ်ပေးနိုင်ရေး အတွက် နိုင်ငံတော်၏ လမ်းညွှန်မှုကိုခံယူ၍ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
(င) ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သော အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း။
အခန်း(၄)
ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
၆။ ဦးစီးဌာနသည် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များကို စီမံခန့်ခွဲနိုင်ရန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အောက်ပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည် -
(က) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့် စပ်လျဉ်းသည့်လုပ်ငန်းများကို ညှိနှိုင်းပေါင်းစပ် ပေးခြင်း၊
(ခ) ကော်မတီက ချမှတ်သော အမျိုးသားအဆင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ မူဝါဒများ၊ မဟာဗျုဟာများနှင့် လုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
(ဂ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ စာချုပ်များနှင့် သဘော တူညီချက်များတွင် နိုင်ငံတော်က အဖွဲ့ဝင်အဖြစ်ပါဝင်နိုင်ရေးအတွက် ကော်မတီသို့ လေ့လာတင်ပြခြင်း၊
(ဃ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးထိပါးချိုးဖောက်မှုများကို အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောလုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းနိုင်ရန်နှင့် ယင်းတို့၏ လုပ်ငန်းတာဝန်များ သတ်မှတ်နိုင်ရန်အတွက် ကော်မတီသို့ အကြံပြု တင်ပြခြင်း၊
(င) နိုင်ငံတော်က အဖွဲ့ဝင်အဖြစ်ပါဝင်သော အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ စာချုပ်များနှင့် သဘောတူညီချက်များပါ ပြဋ္ဌာန်းချက်များနှင့် အညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(စ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် ပြည်တွင်းရှိသက်ဆိုင်ရာ အဖွဲ့အစည်း များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ အဖွဲ့ဝင် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဆ) တီထွင်မှုမူပိုင်ခွင့် သတင်းအချက်အလက်များ အသုံးပြုမှု မြှင့်တင်ပေးခြင်းဖြင့် နည်းပညာဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးခြင်း၊
(ဇ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများကို ခွင့်ပြုရာတွင် အသုံးပြုမည့် တံဆိပ်တုံးကို အတည်ပြု သတ်မှတ်ခြင်း၊
(စျ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် လိုအပ် သော လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းခြင်းနှင့် ယင်းတို့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း၊
(ည) ဤဥပဒေနှင့်အညီ ကောက်ခံရမည့် အခကြေးငွေများကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ခြင်း၊
(ဋ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ ကို ထုတ်ပြန်ကြေညာခြင်း၊
(ဌ) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ မှတ်ပုံတင်စာရင်းများကို ထိန်းသိမ်းထားရှိခြင်း၊
(ဍ) ပြည်ထောင်စုအစိုးရအဖွဲ့၊ ဝန်ကြီးဌာနနှင့် ကော်မတီတို့က အခါအားလျော်စွာ ပေးအပ်သော အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း။
အခန်း(၅)
မှတ်ပုံတင်အရာရှိနှင့် စစ်ဆေးရေးအရာရှိများ ခန့်အပ်ခြင်းနှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း
၇။ ညွှန်ကြားရေးမှူးချုပ်သည် ဦးစီးဌာနတွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့် စပ်လျဉ်း၍ လုပ်ငန်းများကို ဆောင်ရွက်ရန် လိုအပ်သည့်မှတ်ပုံတင်အရာရှိနှင့် စစ်ဆေးရေးအရာရှိ တို့ကို ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် တာဝန်ပေးအပ်နိုင်သည်။
၈။ မှတ်ပုံတင်အရာရှိ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) တီထွင်မှုမူပိုင်ခွင့်လျှောက်ထားခြင်းဆိုင်ရာ လုပ်ငန်းများနှင့် စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲခြင်း၊
(ခ) တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် စစ်ဆေးရေး အရာရှိ၏ တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊
(ဂ) တီထွင်မှုမူပိုင်ခွင့်ကို ခွင့်ပြုကြောင်း သို့မဟုတ် ငြင်းပယ်ကြောင်းကို ဆုံးဖြတ်ခြင်း၊
(ဃ) ကော်မတီနှင့် ဦးစီးဌာနတို့က ပေးအပ်သော အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း။
၉။ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) တီထွင်မှုမူပိုင်ခွင့် လျှောက်ထားခြင်းများကို စစ်ဆေးခြင်း၊
(ခ) တီထွင်မှုမူပိုင်ခွင့်နှင့်စပ်လျဉ်း၍ ကန့်ကွက်ချက်နှင့် ခုခံချေပချက်တို့ကို စစ်ဆေးပြီး တွေ့ရှိချက်ကို သဘောထားမှတ်ချက်နှင့်အတူ မှတ်ပုံတင်အရာရှိထံ တင်ပြခြင်း၊
(ဂ) တီထွင်မှုမူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာ တွင် လိုအပ်သောပုဂ္ဂိုလ်များကို ခေါ်ယူမေးမြန်းခြင်းနှင့် စာရွက်စာတမ်း အထောက်အထားများ တောင်းခံရန်လိုအပ်ပါက မှတ်ပုံတင်အရာရှိထံတင်ပြခြင်း၊
(ဃ) တီထွင်မှုမူပိုင်ခွင့်လျှောက်ထားချက်ကို စစ်ဆေးပြီးနောက် ခွင့်ပြုရန် သင့်၊ မသင့် သဘောထားမှတ်ချက်နှင့်အတူ မှတ်ပုံတင်အရာရှိထံ တင်ပြခြင်း၊
(င) ကော်မတီ၊ ဦးစီးဌာနနှင့် မှတ်ပုံတင်အရာရှိတို့က ပေးအပ်သော အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း။
အခန်း (၆)
အကာအကွယ်ရရှိနိုင်သောတီထွင်မှုများ
၁၀။ တီထွင်မှုသည် အောက်ပါအချက်များနှင့်ညီညွတ်သည့်အပြင် ပုဒ်မ ၁၁ ပါ ပြဋ္ဌာန်းချက်များ နှင့်လည်း ငြိစွန်းခြင်းမရှိပါက တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အကာအကွယ်ရရှိနိုင်သော တီထွင်မှုများ ဖြစ်သည်-
(က) တီထွင်မှုအသစ်ဖြစ်ခြင်း၊
ရှင်းလင်းချက်။ ။တီထွင်မှုသည် ယခင်ရှိပြီးသား နည်းပညာတစ်ခု အနေဖြင့် မရှိခဲ့လျှင် အသစ်ဖြစ်သည်။ ယခင်ရှိပြီးသားနည်းပညာ ဟုဆိုရာတွင် တီထွင်မှုမူပိုင်ခွင့်လျှောက်ထားသည့်နေ့ရက် သို့မဟုတ် ဦးစားပေးအခွင့်အရေး တောင်းဆို လျှောက်ထား ပါက ယင်းဦးစားပေးအခွင့်အရေးတောင်းဆိုသည့် နေ့ရက် မတိုင်မီ မည်သည့်နေရာတွင်မဆို တီထွင်မှုကို ပုံနှိပ် ထုတ်ဝေခြင်း၊ နှုတ်ဖြင့်ဖွင့်ဟ ပြောဆိုခြင်း၊ အသုံးပြုခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ပြည်သူသို့ ထုတ်ဖော် အသိပေးထားသည့် သို့မဟုတ် ပြည်သူမှ ရယူအသုံးပြုနိုင် မည့် နည်းပညာများ ပါဝင်သည်။
(ခ) တီထွင်မှုအဆင့်တစ်ရပ်ပါရှိခြင်း၊
ရှင်းလင်းချက်။ ။တီထွင်မှုမူပိုင်ခွင့်လျှောက်ထားသည့် တီထွင်မှုကို သက်ဆိုင် ရာနည်းပညာနယ်ပယ်တွင် ကျွမ်းကျင်သူတစ်ဦးက အလွယ် တကူ နားလည်နိုင်စွမ်းမရှိပါက ယင်းတီထွင်မှုသည် တီထွင် မှုအဆင့်တစ်ရပ်ပါရှိသော တီထွင်မှုဖြစ်သည်ဟု သတ်မှတ်ရ မည်။
(ဂ) တီထွင်မှုကို စက်မှုလက်မှုလုပ်ငန်းတစ်ရပ်ရပ်တွင် အသုံးချနိုင်ခြင်း။
ရှင်းလင်းချက်။ ။တီထွင်မှုကို စက်မှုလက်မှုလုပ်ငန်းတစ်ရပ်ရပ်၌ အသုံးချနိုင် ခြင်း ဆိုရာတွင် ယင်းတီထွင်မှုကို စက်မှုလက်မှုလုပ်ငန်း တွင်ပြုလုပ်နိုင်ရမည် သို့မဟုတ် အသုံးပြုနိုင်ရမည်။ စက်မှု လက်မှုလုပ်ငန်း ဟူသော စကားရပ်တွင် ကုန်ပစ္စည်းများ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများကို ရှေးရှုသည့် လူမှုစီးပွားရေး လုပ်ငန်း ဆောင်ရွက်မှုများအဖြစ် ကျယ်ပြန့်စွာပါဝင်ပြီး အထူးသဖြင့် လက်မှုပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေးနှင့် ဝန်ဆောင်မှု လုပ်ငန်းများလည်း ပါဝင်သည်။
အခန်း (၇)
အကာအကွယ်မရရှိနိုင်သော တီထွင်မှုများ
၁၁။ (က) အောက်ပါတို့သည် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အကာအကွယ် မရရှိနိုင်သော တီထွင်မှုများ ဖြစ်သည်-
(၁) ရှာဖွေတွေ့ရှိချက်များ၊ သိပ္ပံဆိုင်ရာ သီအိုရီများနှင့် သင်္ချာဆိုင်ရာ တွက်ချက် နည်းများ၊
(၂) စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအပြုအမူ သက်သက် ဆောင်ရွက်ခြင်း သို့မဟုတ် ဂိမ်းများကစားခြင်းနှင့်စပ်လျဉ်းသည့် စနစ် များ၊ စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် နည်းလမ်းများ၊
(၃) ကွန်ပျူတာပရိုဂရမ်များ၊
(၄) ဇီဝမဟုတ်သော ထုတ်လုပ်မှုနည်းစဉ်နှင့် အဏုဇီဝထုတ်လုပ်မှု နည်းစဉ်များ မှတစ်ပါး အပင်များ သို့မဟုတ် တိရစ္ဆာန်များကို စိုက်ပျိုးမွေးမြူရေး အတွက် အဓိကကျသော ဇီဝဆိုင်ရာ ထုတ်လုပ်မှုနည်းစဉ်များ၊
(၅) ပြုလုပ်ဖန်တီးထားသည့် အဏုဇီဝများမှတစ်ပါး သဘာဝတွင်တွေ့ရှိရသော သက်ရှိများနှင့် ဇီဝပစ္စည်းများ၏ တစ်ကိုယ်လုံး သို့မဟုတ် တစ်စိတ် တစ်ပိုင်း အပါအဝင် သတ္တဝါမျိုးနွယ်များနှင့် အပင်မျိုးစိတ်များအားလုံး အကျုံးဝင်သည့် အပင်များနှင့် သတ္တဝါများ၊ ဒီအင်န်အေနှင့် ဖြည့်ဖက် ဆက်တန်းများပါဝင်သော ဒီအင်န်အေများ
[1]
[2]
[3]
[4]
နှင့်အစေ့များ။
(၆) လူနှင့်တိရစ္ဆာန်များ၏ ခန္ဓာကိုယ်တွင် လက်တွေ့စမ်းသပ်ပြီး ရရှိလာသော ရောဂါရှာဖွေခြင်း နည်းလမ်းများအပါအဝင် လူနှင့်တိရစ္ဆာန်များ၏ ခန္ဓာ ကိုယ်ကို ခွဲစိတ်ခြင်း သို့မဟုတ် ကုသခြင်းနည်းလမ်းများ။
(၇) သဘာဝအတိုင်းရှိသည့် အရာဝတ္ထုများ၊ အသုံးပြုမှုအသစ်များနှင့် ပုံ သဏ္ဍာန်အသစ်များအပါအဝင် အများသိရှိထားပြီးဖြစ်သည့် အရာဝတ္ထုများ သို့မဟုတ် အခါအားလျော်စွာ သတ်မှတ်ဖော်ပြသည့် ဓာတုထုတ်ကုန်များ စသည်တို့နှင့် ဆက်နွယ်သည့် တီထွင်မှုများ၊
(၈) အများပြည်သူ၏ ကိုယ်ကျင့်သိက္ခာကိုဖြစ်စေ၊ အေးချမ်းတည်ငြိမ်မှုကိုဖြစ်စေ၊ လူ၊ တိရစ္ဆာန် သို့မဟုတ် အပင်ကိုဖြစ်စေ၊ ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင်ကိုဖြစ်စေ ဆိုးရွားစွာ ထိခိုက်နိုင်သည့် တီထွင်မှုများနှင့် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ နိုင်ငံတော်၏ နယ်နိမိတ်အတွင်း အသုံးချမှု ကို တားမြစ်ထားသော တီထွင်မှုများ။
(ခ) ဆေးဝါးနှင့်စပ်လျဉ်းသည့် ထုတ်ကုန် သို့မဟုတ် ထုတ်လုပ်မှုနည်းစဉ်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုနှင့်သက်ဆိုင်သည့်အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာကောင်စီ၏မူဝါဒအရ ပြည်ထောင်စုအစိုးရအဖွဲ့က သီးခြား ထပ်မံ သတ်မှတ်ခြင်းမရှိလျှင် ၂၀၃၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့အထိ တီထွင်မှုမူပိုင်ခွင့်အကာအကွယ်မရရှိသော တီထွင်မှုဖြစ်သည်။
(ဂ) အောက်ပါတို့သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုနှင့်သက်ဆိုင်သည့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာကောင်စီ၏ မူဝါဒအရ ပြည်ထောင်စုအစိုးရအဖွဲ့ က သီးခြားထပ်မံ သတ်မှတ်ခြင်းမရှိလျှင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့အထိ တီထွင်မှုမူပိုင်ခွင့် အကာအကွယ် မရရှိသော တီထွင်မှုများ ဖြစ်သည်-
(၁) စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုဗေဒထုတ်ကုန်များ၊
(၂) စားသောက်ကုန်များ၊
(၃) အဏုဇီဝပစ္စည်းများ။
(ဃ) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပုဒ်မခွဲ (ခ) နှင့် (ဂ) ပါ အကာအကွယ် မရရှိစေ သော ကာလများကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုနှင့်သက်ဆိုင်သည့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာကောင်စီ၏ သဘောတူညီချက်နှင့်အညီ ပြင်ဆင် သတ်မှတ်နိုင်သည်။
အခန်း(၈)
တီထွင်မှုမူပိုင်ခွင့် လျှောက်ထားခွင့်ရှိသူများ
၁၂။ (က) တီထွင်သူသည် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားရန် အခွင့်အရေးရှိသူဖြစ်ပြီး အဆိုပါ တီထွင်မှုမူပိုင်ခွင့်တွင် အမည်သတ်မှတ်ဖော်ပြပိုင်ခွင့်ရှိသည်။ ထို့ပြင် တီထွင်သူ၏ လုပ်ကိုင်ခွင့်လွှဲအပ်ခြင်းခံရသူကဖြစ်စေ၊ လွှဲပြောင်းပေးအပ်ခြင်း ခံရသူကဖြစ်စေ တီထွင်မှုမူပိုင်ခွင့်ကို လျှောက်ထားခွင့်ရှိသည်။
(ခ) တစ်ဦးထက်ပိုသူများက တူညီသော တီထွင်မှုတစ်ခုကို သီးခြားစီ တီထွင်ခဲ့လျှင် တီထွင်မှု မူပိုင်ခွင့်လျှောက်ထားချက် အစောဆုံးတင်သွင်းသူ သို့မဟုတ် ဦးစားပေး အခွင့်အရေး တောင်းဆိုချက်ပါရှိလျှင် ဦးစားပေးနေ့ရက်ကို အစောဆုံး တရားဝင် ရရှိထားသော လျှောက်ထားသူသည် တီထွင်မှုမူပိုင်ခွင့်ကို ရခွင့်ရှိသည်။
၁၃။ တီထွင်မှုတစ်ခုကို တစ်ဦးထက်ပိုသူများက ပူးတွဲတီထွင်ခဲ့ခြင်းဖြစ်လျှင် ယင်းတို့ အားလုံး သည် အဆိုပါတီထွင်မှုမူပိုင်ခွင့်ကို ပူးတွဲလျှောက်ထားခွင့်ရှိသည်။
၁၄။ အလုပ်ရှင်နှင့် အလုပ်သမားတို့၏ အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက်အရဖြစ်စေ၊ ယင်းသဘောတူညီချက်၏ အကျိုးဆက်အရဖြစ်စေ တီထွင်မှုတစ်ခုကို ပြုလုပ်ရာတွင်-
(က) အလုပ်သမားက တီထွင်မှုတစ်ခုကို ပြုလုပ်သည့်တိုင် အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက်ပါအချက်များနှင့် ဆန့်ကျင်ကွဲလွဲမှုမရှိပါက အလုပ်ရှင်ကသာ ယင်းတီထွင်မှုမူပိုင်ခွင့်ကို လျှောက်ထားခွင့်ရှိသည်။
(ခ) တီထွင်မှုကို ပြုလုပ်ပြီးကြောင်း အလုပ်သမားက အလုပ်ရှင်ထံ စာဖြင့်ဆက်သွယ် အကြောင်းကြားသည့်နေ့ရက်မှ ခြောက်လအတွင်း အဆိုပါ တီထွင်မှုကို အလုပ်ရှင် က လျှောက်ထားရန် အခွင့်အရေးကို ပျက်ကွက်ခဲ့လျှင် စွန့်လွှတ်ပြီးဖြစ်သည်ဟု မှတ်ယူပြီး အလုပ်သမားသည် ယင်းတီထွင်မှုမူပိုင်ခွင့်ကို လျှောက်ထားခွင့်ရှိသည်။
(ဂ) အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက် ကုန်ဆုံးပြီးနောက် တစ်နှစ်အတွင်း ပြုလုပ်သည့် တီထွင်မှုကို တီထွင်မှုမူပိုင်ခွင့် လျှောက်ထားရာတွင် အဆိုပါ တီထွင်မှု သည် ယခင်အလုပ်ရှင်၏ လုပ်ငန်းနယ်ပယ်အတွင်း ယင်း၏အလုပ်သမားက ပြုလုပ်ရရှိသည့် တီထွင်မှုဖြစ်လျှင် အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက်ပါ အချက်များနှင့် ဆန့်ကျင်ကွဲလွဲမှု မရှိသည့်အပြင် အလုပ်သမားက ဆန့်ကျင်ကွဲလွဲ သည့် သက်သေခံအထောက်အထား တင်ပြနိုင်ခြင်းမရှိပါက ကုန်ဆုံးပြီးသော အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက်အရ ပြုလုပ်ခဲ့သည့် တီထွင်မှုဖြစ်သည်ဟု မှတ်ယူပြီး ယခင် အလုပ်ရှင်မှ အဆိုပါတီထွင်မှုမူပိုင်ခွင့်ကို လျှောက်ထားခွင့် ရှိသည်။ သို့ရာတွင် အောက်ပါအခြေအနေတစ်ရပ်ရပ်၌ အလုပ်သမားကသာ တီထွင်မှုမူပိုင်ခွင့်လျှောက်ထားခွင့်ရှိသည်-
(၁) ယခင်အလုပ်ရှင်က အဆိုပါ တီထွင်မှုအပေါ် လျှောက်ထားမှုမရှိကြောင်း သဘောတူညီခြင်း၊
(၂) အလုပ်သမားက တင်ပြသည့် သက်သေခံအထောက်အထားအပေါ် ယခင် အလုပ်ရှင်မှ ငြင်းဆိုမှု မပြုနိုင်ခြင်း၊
(၃) ပုဒ်မခွဲ (ခ) အရ ယခင်အလုပ်ရှင်က မှတ်ပုံတင်လျှောက်ထားရန် ပျက်ကွက် သဖြင့် အလုပ်သမားကလျှောက်ထားခြင်း၊
(ဃ) အလုပ်ရှင်၏တာဝန်ပေးချက်အရ မဟုတ်ဘဲ ယင်း၏ လုပ်ငန်းနယ်ပယ်နှင့် ဆက်နွယ်နေသော တီထွင်မှုတစ်ခုကို အလုပ်ရှင်၏ ပစ္စည်းကိရိယာ၊ အချက်အလက် သို့မဟုတ် နည်းပညာကို အသုံးပြု၍ အလုပ်သမားက ပြုလုပ်ရာတွင် အလုပ်အကိုင် ဆိုင်ရာ သဘောတူညီချက်ပါအချက်များနှင့် ဆန့်ကျင်ကွဲလွဲမှု မရှိပါက အလုပ်သမားကသာ ယင်းတီထွင်မှုမူပိုင်ခွင့်ကို လျှောက်ထားခွင့်ရှိသည်။
(င) အလုပ်သမားသည် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲ (ဂ) နှင့် ပုဒ်မခွဲ (ဃ) တို့တွင် ဖော်ပြ ထားသော တီထွင်မှုပြုလုပ်ခြင်းမှတစ်ပါး အခြားသောတီထွင်မှုကို ပြုလုပ်ခဲ့လျှင် အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက်ပါအချက်များနှင့် ဆန့်ကျင်ကွဲလွဲမှု မရှိပါက ယင်းတီထွင်မှုအတွက် တီထွင်မှုမူပိုင်ခွင့်ကို အလုပ်သမားကသာ လျှောက်ထားခွင့် ရှိသည်။
အခန်း (၉)
လျှောက်ထားခြင်း
၁၅။ ဤဥပဒေအရ တီထွင်မှုမူပိုင်ခွင့်လျှောက်ထားခွင့်ရှိသူသည် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့် အရေးကို ရရှိလိုပါက တီထွင်မှုမူပိုင်ခွင့်ကို ခွင့်ပြုပေးရန် သတ်မှတ်ချက်နှင့်အညီ ဦးစီးဌာနသို့ လျှောက်ထားရမည်။
၁၆။ တီထွင်မှုမူပိုင်ခွင့် လျှောက်ထားသူသည်−
(က) တီထွင်မှုမူပိုင်ခွင့်လျှောက်ထားချက်ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ အင်္ဂလိပ်ဘာသာ ဖြင့် ဖြစ်စေ ရေးသားနိုင်သည်။
(ခ) မြန်မာဘာသာဖြင့် လျှောက်ထားချက်ကို အင်္ဂလိပ်ဘာသာသို့လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် လျှောက်ထားချက်ကို မြန်မာဘာသာသို့လည်းကောင်း ဘာသာပြန်ဆိုပေးရန် မှတ်ပုံတင်အရာရှိက တောင်းဆိုခဲ့လျှင် ဘာသာပြန်ဆို ပေးရမည်။
(ဂ) ပုဒ်မခွဲ (ခ) အရ ဘာသာပြန်ဆိုချက်ဖြစ်လျှင် လျှောက်ထားသူက မှန်ကန်ကြောင်း ဝန်ခံလက်မှတ် ရေးထိုးရမည်။
၁၇။ (က) တီထွင်မှုမူပိုင်ခွင့်လျှောက်ထားသူသည် လျှောက်ထားချက်တွင် အောက်ပါအချက် များ ဖော်ပြရမည်-
(၁) တီထွင်မှုမူပိုင်ခွင့်ကို ခွင့်ပြုပေးရန် တောင်းဆိုချက်၊
(၂) လျှောက်ထားသည့်ပုဂ္ဂိုလ် သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့ အစည်းနှင့် တီထွင်သူတို့၏ အမည်၊ နိုင်ငံသားနှင့် နေရပ်လိပ်စာ၊
(၃) လျှောက်ထားသူက ကိုယ်စားလှယ်လွှဲအပ်၍ လျှောက်ထားခြင်းဖြစ်လျှင် ကိုယ်စားလှယ်၏ အမည်နှင့်နေရပ်လိပ်စာ၊
(၄) ပြည့်စုံစွာဖော်ပြထားသော တီထွင်မှုဆိုင်ရာဖော်ပြချက်၊
(၅) တီထွင်မှုအမည်နှင့် တီထွင်မှုဆိုင်ရာ အကျဉ်းချုပ်ဖော်ပြချက်၊
(၆) သတ်မှတ်ချက်နှင့်အညီ ဖော်ပြထားသည့် တစ်ခု သို့မဟုတ် တစ်ခုထက် ပိုသော တီထွင်မှုမူပိုင်ခွင့်ပေးရန် တောင်းဆိုချက်များ။
(ခ) ပုဒ်မခွဲ(က) ပါ အချက်များအပြင် လိုအပ်ပါက အောက်ပါအချက်များကိုလည်း ပူးတွဲ တင်ပြရမည်-
(၁) လျှောက်ထားသူတွင် အရေးပါသည့် စက်မှုလက်မှုလုပ်ငန်း သို့မဟုတ် စီးပွားရေး လုပ်ငန်းရှိပါက ယင်းတို့၏ လိပ်စာနှင့် နိုင်ငံအမည်၊
(၂) လျှောက်ထားသူသည် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းအတွက် လျှောက်ထားခြင်းဖြစ်လျှင် အဆိုပါ အဖွဲ့အစည်း၏မှတ်ပုံတင်အမှတ်၊ အမျိုးအစားနှင့် နိုင်ငံအမည်၊
(၃) တီထွင်မှုကို နားလည်သဘောပေါက်စေရန် ရေးဆွဲချက်များ ရှိခဲ့လျှင် ရေးဆွဲချက်များ၊
(၄) လျှောက်ထားသူသည် ဦးစားပေးအခွင့်အရေး ရရှိရန်တောင်းဆိုလျှင် ဦးစားပေးအခွင့်အရေးရှိကြောင်း ခိုင်လုံသည့် အထောက်အထား ဖော်ပြချက်တို့နှင့်အတူ ဦးစားပေးအခွင့်အရေးတောင်းဆိုချက်၊
(၅) လျှောက်ထားသူသည် ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေး ရရှိရန် တောင်းဆိုလျှင် ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေးရှိကြောင်း ခိုင်လုံသည့် အထောက်အထား ဖော်ပြချက်တို့နှင့်အတူ ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေး အခွင့်အရေး တောင်းဆိုချက်၊
(၆) ပူးတွဲလျှောက်ထားသူများအနက်မှ တစ်ဦးဦးက ပူးတွဲလျှောက်ထားသူများ အားလုံး၏ ကိုယ်စားလျှောက်ထားချက်ကို လက်မှတ်ရေးထိုးထားခြင်း ဖြစ်လျှင် ကျန်ပူးတွဲလျှောက်ထားသူများ၏ စာဖြင့်ရေးသားထားသည့် သဘောတူညီချက်၊
(၇) မျိုးရိုးဗီဇ သို့မဟုတ် ဇီဝအရင်းအမြစ်များနှင့် ထိုအရင်းအမြစ်များနှင့် ပေါင်း စပ်သည်ဖြစ်စေ၊ မပေါင်းစပ်ဘဲဖြစ်စေ တည်ရှိနေသော ရိုးရာအသိပညာ တစ်ရပ်ရပ်တို့အား တရားဝင်ရယူ သုံးစွဲထားကြောင်းနှင့် တောင်းဆိုထား သော တီထွင်မှုကို ပြုလုပ်ရာတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးပြုထားကြောင်း ဖော်ပြချက်၊
(၈) ဆောလျင်စွာ ထုတ်ပြန်ကြေညာပေးရန် လျှောက်ထားလိုပါက ထိုသို့ ကြေညာပေးရန် တောင်းဆိုချက်၊
(၉) ဦးစီးဌာနက အခါအားလျော်စွာ သတ်မှတ်သည့် အခြားလိုအပ်ချက်များ။
၁၈။ သတ်မှတ်သည့် အခကြေးငွေပေးသွင်းပြီး ပုဒ်မ ၁၇ ပုဒ်မခွဲ (က) ပါ သတ်မှတ်ချက်များ နှင့် ပြည့်စုံသော တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်ကို ဦးစီးဌာနက လက်ခံရရှိသည့် နေ့ရက်သည် တီထွင်မှုမူပိုင်ခွင့်လျှောက်ထားချက် တင်သွင်းသည့် နေ့ရက်ဖြစ်သည်ဟု မှတ်ယူ ရမည်။
၁၉။ (က) တီထွင်မှုဆိုင်ရာဖော်ပြချက်သည် သာမန်တတ်ကျွမ်းသူတစ်ဦးက အဆိုပါ တီထွင်မှုကို လုပ်ဆောင်နိုင်ရန် ထုတ်ဖော်ရေးသားချက်ဖြစ်ရမည်ဖြစ်ပြီး အဆိုပါ ရေးသားချက် တွင် လျှောက်ထားသည့်နေ့ရက် သို့မဟုတ် ဦးစားပေးအခွင့်အရေး တောင်းဆို ပါက ဦးစားပေး အခွင့်အရေးတောင်းဆိုသည့်နေ့ရက်၌ တီထွင်သူသိရှိထားသည့် အကောင်းဆုံးနည်းလမ်း အပါအဝင် ယင်းသိရှိထားသည့် နည်းလမ်းများ အားလုံး ပါဝင်ရမည်။
(ခ) ပုဒ်မခွဲ (က) အရ တောင်းဆိုထားသော တီထွင်မှုအတွက် ထုတ်ဖော်ပြသချက်သည် လျှောက်ထားသောနေ့ရက်တွင် သက်ဆိုင်ရာပညာရပ်နယ်ပယ်၌ သာမန် တတ်ကျွမ်းသူက ယင်းတီထွင်မှုကိုအသုံးချရန် သို့မဟုတ် ပြုလုပ်ရန် ခွင့်ပြုနိုင် သည့် လုံလောက်သော သတင်းအချက်အလက်များကို ထည့်သွင်းတင်ပြထားပါက အဆိုပါ ထုတ်ဖော်ပြသချက်ကို လွန်ကဲသော စမ်းသပ်စစ်ဆေးမှုမပြုဘဲ လုံလောက်စွာ ပြည့်စုံရှင်းလင်းသည်ဟု မှတ်ယူရမည်။
(ဂ) အကာအကွယ်ရရှိရန် တောင်းဆိုထားသောတီထွင်မှုကို ပြုလုပ်ရာ၌ နိုင်ငံတော် နယ်နိမိတ်အတွင်းမှ မျိုးရိုးဗီဇ သို့မဟုတ် ဇီဝရင်းမြစ်များ၏ဇစ်မြစ်ကိုသော် လည်းကောင်း၊ အဆိုပါရင်းမြစ်များနှင့် ဆက်စပ်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရိုးရာအသိပညာဆိုင်ရာ အချက်အလက်များကို သော်လည်းကောင်း ကြိုတင် ခွင့်ပြုချက်မရှိဘဲ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးပြုထားပါက ယင်းတို့အား တီထွင်မှုဆိုင်ရာ ဖော်ပြချက်တွင် ရှင်းလင်းစွာ သတ်မှတ်ဖော်ပြ ပေးရမည်။
၂၀။ (က) တီထွင်မှုမူပိုင်ခွင့်ပေးရန် တောင်းဆိုချက် သို့မဟုတ် တောင်းဆိုချက်များတွင် အကာအကွယ်ပေးစေလိုသည့်အချက်ကို သတ်မှတ်ဖော်ပြပေးရမည်ဖြစ်သည်။
(ခ) တီထွင်မှုမူပိုင်ခွင့်ပေးရန် တောင်းဆိုချက် သို့မဟုတ် တောင်းဆိုချက်များသည် ရှင်းလင်း၍ ကျစ်လစ်ပြည့်စုံရမည်။ ယင်းတို့ကို ရှင်းလင်းရာတွင် ဖော်ပြချက်နှင့် ရေးဆွဲချက်များကို အသုံးပြုနိုင်သည်။
၂၁။ (က) သီးခြားစီ တီထွင်ခဲ့သည့် တူညီသော တီထွင်မှုတစ်ခုကို မတူညီသောနေ့ရက် အသီးသီးတွင် တစ်ဦးထက်ပိုသူများက လျှောက်ထားခြင်းဖြစ်လျှင် လျှောက်ထားချက် အစောဆုံး တင်သွင်းသူကိုသာ မှတ်ပုံတင်ခွင့်ပြုရမည်။
(ခ) ပုဒ်မခွဲ (က) အရ လျှောက်ထားရာတွင် လျှောက်ထားသူအသီးသီးက ဦးစားပေး အခွင့်အရေး သို့မဟုတ် ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေးကို တောင်းဆို လျှောက်ထားလာခြင်းဖြစ်လျှင် ဦးစားပေးအခွင့်အရေးနေ့ရက် အစောဆုံး ပါရှိသူ ကိုသာ မှတ်ပုံတင်ခွင့်ပြုရမည်။
၂၂။ သီးခြားစီ တီထွင်ခဲ့သည့် တူညီသော တီထွင်မှုတစ်ခုစီနှင့် စပ်လျဉ်း၍ တီထွင်မှုမူပိုင်ခွင့် ရရှိရန် တစ်ဦးထက်ပိုသူများက တစ်နေ့တည်းတွင် လျှောက်ထားလာပါက သို့မဟုတ် တူညီသော ဦးစားပေးနေ့ရက်ကို တောင်းဆိုလျှောက်ထားလာပါက -
(က) မှတ်ပုံတင်အရာရှိသည် လျှောက်ထားသူအချင်းချင်း ဆွေးနွေးညှိနှိုင်းပြီး တီထွင်မှု မူပိုင်ခွင့်လျှောက်ထားသူအဖြစ် သတ်မှတ်ပေးစေလိုသူ၏ အမည်ကို သတ်မှတ် သည့်ကာလအတွင်း ပြန်လည်တင်ပြရန် လျှောက်ထားသူအားလုံးကို ညွှန်ကြား ရမည်။
(ခ) လျှောက်ထားသူများသည် မှတ်ပုံတင်အရာရှိ၏ ညွှန်ကြားချက်နှင့်အညီ ယင်းတို့ အချင်းချင်း ဆွေးနွေးညှိနှိုင်းချက်အရ တီထွင်မှုမူပိုင်ခွင့်လျှောက်ထားသူအဖြစ် သတ်မှတ်ပေးရန် သဘောတူညီခြင်းခံရသူ၏ အမည်ကိုသော်လည်းကောင်း၊ ပူးတွဲ လျှောက်ထားသူများအဖြစ် သတ်မှတ်ပေးစေလိုပါက ယင်းအချက်ကိုသော် လည်းကောင်း မှတ်ပုံတင် အရာရှိထံ ပြန်လည်တင်ပြရမည်။
(ဂ) မှတ်ပုံတင်အရာရှိက လျှောက်ထားသူများအားလုံးကို ပုဒ်မခွဲ (က) အရ ညွှန်ကြား သော်လည်း ယင်းတို့အချင်းချင်း သဘောတူညီမှုမရရှိခဲ့လျှင် မည်သည့် လျှောက်ထားသူ၏ တီထွင်မှုကိုမျှ ခွင့်မပြုရ။
၂၃။ (က) တီထွင်မှုမူပိုင်ခွင့် လျှောက်ထားသူသည် လျှောက်ထားသည့် နေ့ရက်မှ ၃၆ လ အတွင်း လျှောက်ထားချက်နှင့်စပ်လျဉ်း၍ အသေးစိတ်စစ်ဆေးပေးရန် သတ်မှတ် သည့် အခကြေးငွေပေးသွင်းပြီး မှတ်ပုံတင်အရာရှိထံ တောင်းဆိုရမည်။ မှတ်ပုံတင် အရာရှိသည် ယင်းတောင်းဆိုချက်ကို သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။
(ခ) ပုဒ်မခွဲ (က) တွင် ဖော်ပြထားသော တောင်းဆိုချက်ကို သတ်မှတ်သည့်ကာလ အတွင်း လျှောက်ထားခြင်းမရှိပါက အဆိုပါ လျှောက်ထားချက်ကို စွန့်လွှတ် သည်ဟု မှတ်ယူမည် ဖြစ်သည်။
၂၄။ တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်သည် တီထွင်မှုတစ်ခုနှင့်သာ သို့မဟုတ် ယေဘုယျ တီထွင်ကြံဆမှု သဘောတရားတစ်ခုဖြစ်လာရန် ဆက်စပ်နေသော တီထွင်မှုတစ်စုနှင့်သာ သက်ဆိုင်ရမည်။
၂၅။ တီထွင်မှုမူပိုင်ခွင့် လျှောက်ထားသူသည် -
(က) မှတ်ပုံတင်အရာရှိက တီထွင်မှုမူပိုင်ခွင့်ကို မှတ်ပုံတင်ခွင့်ပြုခြင်း သို့မဟုတ် မှတ်ပုံတင်ရန် ငြင်းပယ်ခြင်း မပြုမီဖြစ်စေ၊ မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက် အပေါ် အယူခံခြင်းနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ်က ဆုံးဖြတ်ချက် မချမှတ်မီဖြစ်စေ လျှောက်ထားချက်၊ ဘာသာပြန်ဆိုချက်နှင့် စာရွက်စာတမ်း အထောက်အထားတစ်ခုခုတွင် ပါရှိသည့် စာအရေးအသားအမှားနှင့် ပြင်ဆင် ခွင့်ပြုနိုင်သည့် အခြားမှားယွင်းမှုများကို ပြင်ဆင်လိုပါက သတ်မှတ်သည့် အခကြေးငွေပေးသွင်းပြီး ပြင်ဆင်ပေးရန် မှတ်ပုံတင်အရာရှိထံ လျှောက်ထား နိုင်သည်။
(ခ) လျှောက်ထားချက်ကို မူလလျှောက်ထားချက်ပါ ဖော်ပြချက်များထက် မကျော်လွန် စေဘဲ တီထွင်မှုမူပိုင်ခွင့် ခွင့်ပြုချိန်မတိုင်မီအထိ ပြင်ဆင်နိုင်သည်။
(ဂ) (၁) ပုဒ်မ ၂၄ နှင့်ညီညွတ်ခြင်းမရှိသည့် လျှောက်ထားချက်ကို မူလ လျှောက် ထားချက်ပါ ဖော်ပြချက်များထက်မကျော်လွန်စေဘဲ ခွင့်ပြုမည့်အချိန်အထိ လျှောက်ထားချက်နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော လျှောက်ထားချက် အခွဲများအဖြစ် ခွဲ၍ သတ်မှတ်သည့် အခကြေးငွေ ပေးသွင်းပြီး လျှောက်ထားနိုင်သည်။
(၂) လျှောက်ထားချက် အခွဲတစ်ခုစီအတွက် မူလလျှောက်ထားချက်၏ လျှောက်ထားသည့်နေ့ရက် သို့မဟုတ် ဦးစားပေးအခွင့်အရေး တောင်းဆိုခဲ့ ပါက ယင်းဦးစားပေးအခွင့်အရေး တောင်းဆိုသည့်နေ့ရက်တို့ကို လျှောက်ထားချက် တင်သွင်းသည့် နေ့ရက်အဖြစ် မှတ်ယူရမည်။
(ဃ) တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်ကို ရုပ်သိမ်းပေးရန် လျှောက်ထားနိုင်သည်။
၂၆။ မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၂၅ ပါလျှောက်ထားချက်ကို သတ်မှတ်ချက်နှင့်အညီ စစ်ဆေး ပြီး ပြင်ဆင်ခွင့် ပေးနိုင်သည်။
အခန်း (၁၀)
စစ်ဆေးခြင်း၊ ကန့်ကွက်ခြင်းနှင့် မှတ်ပုံတင်ခြင်း
၂၇။ စစ်ဆေးရေးအရာရှိသည် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်နှင့်စပ်လျဉ်း၍-
(က) တီထွင်မှုကို အပြည်ပြည်ဆိုင်ရာ အမျိုးအစားခွဲခြားခြင်းဖြင့် အမျိုးအစားခွဲခြား၍ ပုဒ်မ ၁၆ နှင့် ပုဒ်မ ၁၇ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း ရှိ မရှိ စစ်ဆေး ပြီးနောက် သတ်မှတ်ချက်များနှင့် ညီညွတ်သော လျှောက်ထားချက်များကို မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ မှတ်ပုံတင်အရာရှိထံတင်ပြရမည်။
(ခ) ပုဒ်မ ၁၆ နှင့် ပုဒ်မ ၁၇ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း ရှိ မရှိ စစ်ဆေး ပြီးနောက် သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်းမရှိသော လျှောက်ထားချက်ကို လိုအပ်သလို ပြင်ဆင်ဆောင်ရွက်ရန် လျှောက်ထားသူထံ အကြောင်းကြားရမည်။ လျှောက်ထားသူက အကြောင်းကြားစာ လက်ခံရရှိသည့် နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း ပြင်ဆင်ဆောင်ရွက်ခြင်းမရှိပါက အဆိုပါလျှောက်ထားချက်ကို ရုပ်သိမ်း ပြီး ဖြစ်သည်ဟု မှတ်ယူရမည်။
(ဂ) ပုဒ်မခွဲ (ခ) ပါ သတ်မှတ်သည့် အချိန်ကာလအတွင်း လျှောက်ထားချက်တွင် လိုအပ်သည့် ပြင်ဆင်ဖြည့်စွက်ချက်များ လက်ခံရရှိပါက စိစစ်၍ လျှောက်ထား ချက်ကို မှတ်ပုံတင် အရာရှိထံ မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ တင်ပြရမည်။
၂၈၊၊ (က) တီထွင်မှုမူပိုင်ခွင့် လျှောက်ထားသူ သို့မဟုတ် ပိုင်ရှင်သည် မှတ်ပုံတင်အရာရှိထံ၌ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ်အတွက် သတ်မှတ်သည့် အချိန်ကာလ အတွင်း လိုက်နာရန် ပျက်ကွက်ခဲ့ပြီး အဆိုပါပျက်ကွက်ခဲ့မှုကြောင့် သက်ဆိုင်ရာ တီထွင်မှုမူပိုင်ခွင့် သို့မဟုတ် လျှောက်ထားချက်နှင့်စပ်လျဉ်းသည့် အခွင့်အရေး ဆုံးရှုံးမှု ဖြစ်ပေါ်စေမည် ဆိုပါက အောက်ပါအချက်များနှင့် ကိုက်ညီလျှင် တီထွင်မှုမူပိုင်ခွင့် အခွင့်အရေးများ ပေးရန် ပြန်လည်လျှောက်ထားနိုင်သည် -
(၁) သတ်မှတ်သည့်အချိန်ကာလအတွင်း လိုက်နာရန် ပျက်ကွက်ခဲ့မှုကြောင့် စွန့်လွှတ်ခံရသည့်နေ့ရက်မှရက်ပေါင်း ၆၀ အတွင်းတောင်းဆိုချက်တစ်ရပ် ကို တင်ပြခြင်း၊
(၂) သတ်မှတ်သည့်အချိန်ကာလအတွင်း လိုက်နာရန် ပျက်ကွက်ခဲ့မှုနှင့် ပတ်သက်သည့် ရှင်းလင်းချက်များ၊ သတင်းအချက်အလက်များ သို့မဟုတ် လိုအပ်ချက်များ အားလုံးကို ပူးတွဲတင်ပြခြင်း၊
(၃) သတ်မှတ်သည့် အချိန်ကာလအတွင်း လိုက်နာရန် ပျက်ကွက်ခဲ့မှုအတွက် အကြောင်းပြချက်များကို တောင်းဆိုချက်တွင် ဖော်ပြခြင်း၊
(၄) သတ်မှတ်သည့် အချိန်ကာလအတွင်း လိုက်နာရန် ပျက်ကွက်ခဲ့မှုမှာ မရည်ရွယ်ဘဲ ဖြစ်ပေါ်ခဲ့ကြောင်း မှတ်ပုံတင်အရာရှိက တွေ့ရှိခြင်း၊
(၅) အခကြေးငွေပေးသွင်းပြီးဖြစ်ခြင်း၊
(ခ) မှတ်ပုံတင်အရာရှိသည် အောက်ပါအခြေအနေများတွင် ပုဒ်မခွဲ (က) အရ အခွင့် အရေးများ ပြန်လည်ပေးအပ်ခြင်းကို ဆိုင်းငံ့ထားရမည် -
(၁) အယူခံတင်သွင်းထားခြင်း၊
(၂) နှစ်ဦးနှစ်ဖက်ကြား တရားစွဲဆိုရင်ဆိုင်နေခြင်း။
၂၉။ မှတ်ပုံတင်အရာရှိသည် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ စစ်ဆေးရေး အရာရှိ၏ သဘောထားမှတ်ချက်ကို စိစစ်ပြီး သတ်မှတ်ချက်နှင့် ညီညွတ်သော လျှောက်ထားချက် ကို တီထွင်မှုမူပိုင်ခွင့် လျှောက်ထားသည့် နေ့ရက်မှ ၁၈ လ ကုန်ဆုံးပြီးနောက် သို့မဟုတ် ဆောလျင်စွာ ထုတ်ပြန်ကြေညာပေးရန် တောင်းဆိုပါက ထိုတောင်းဆိုသည့် နေ့ရက်တွင် သတ်မှတ်သည့် နည်းလမ်းနှင့်အညီ အများပြည်သူသိရှိနိုင်ရန်နှင့် ကန့်ကွက်လိုပါက ကန့်ကွက် နိုင်ရန် ထုတ်ပြန်ကြေညာရမည်။
၃၀။ တီထွင်မှုမူပိုင်ခွင့်လျှောက်ထားချက်နှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသူသည် ပုဒ်မ ၂၉ အရ ထုတ်ပြန်ကြေညာသည့် နေ့ရက်မှ သုံးလအတွင်း သတ်မှတ်သည့် အခကြေးငွေ ပေးသွင်းပြီး ဤဥပဒေပါ ပုဒ်မ ၁၀ နှင့် ပုဒ်မ ၁၁ တွင် ဖော်ပြထားသော အကြောင်းပြချက် တစ်ရပ်ရပ်ဖြင့် မှတ်ပုံတင်အရာရှိထံ ကန့်ကွက်လွှာ တင်သွင်းနိုင်သည်။
၃၁။ မှတ်ပုံတင်အရာရှိသည် ကန့်ကွက်လွှာကို လက်ခံရရှိပါက သတ်မှတ်သည့် အချိန်ကာလ အတွင်း ကန့်ကွက်ချက်ကို ခုခံချေပနိုင်ရန် လျှောက်ထားသူထံ အကြောင်းကြားစာ ပေးပို့ရမည်။
၃၂။ မှတ်ပုံတင်အရာရှိသည် ကန့်ကွက်ချက်တင်သွင်းလာသည့် တီထွင်မှုမူပိုင်ခွင့် လျှောက်ထား ချက်နှင့်စပ်လျဉ်း၍ ကန့်ကွက်ချက်၊ စစ်ဆေးရေးအရာရှိ၏တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် တို့ကို စိစစ်ပြီး တီထွင်မှုမူပိုင်ခွင့် လျှောက်ထားခြင်းကို ဆက်လက်လုပ်ဆောင်စေခြင်း၊ ပြင်ဆင် စေခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းပြုနိုင်သည်။ အဆိုပါဆုံးဖြတ်ချက်ကို ကန့်ကွက်လွှာ တင်သွင်းသူ နှင့် တင်သွင်းခံရသူထံ အကြောင်းကြားပြီး သတ်မှတ်ထားသည့် နည်းလမ်းနှင့်အညီ ထုတ်ပြန် ကြေညာရမည်။
၃၃။ စစ်ဆေးရေးအရာရှိသည် တီထွင်မှုမူပိုင်ခွင့်အား အသေးစိတ်စစ်ဆေးပေးရန် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ ပုဒ်မ ၁၀၊ ပုဒ်မ ၁၁၊ ပုဒ်မ ၁၉၊ ပုဒ်မ ၂၀ နှင့် ပုဒ်မ ၂၄ တွင် ဖော်ပြထားသည့် တီထွင်မှုမူပိုင်ခွင့်ပေးနိုင်သည့် အချက်များနှင့် ညီညွတ်ခြင်း ရှိ မရှိ စစ်ဆေး၍ တီထွင်မှုမူပိုင်ခွင့် ခွင့်ပြုရန် သင့်၊ မသင့် မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ မှတ်ပုံတင် အရာရှိထံ တင်ပြရမည်။
၃၄။ မှတ်ပုံတင်အရာရှိသည် တီထွင်မှုမူပိုင်ခွင့်လျှောက်ထားချက်နှင့်စပ်လျဉ်း၍ -
(က) စစ်ဆေးရေးအရာရှိ၏ သဘောထားမှတ်ချက်ကို စိစစ်၍ တီထွင်မှုမူပိုင်ခွင့်ကို ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုရမည်။
(ခ) တီထွင်မှုမူပိုင်ခွင့်ကို ခွင့်ပြုကြောင်း သို့မဟုတ် ငြင်းပယ်ကြောင်းကို မှတ်ပုံတင် စာရင်းတွင် မှတ်တမ်းတင်ထားပြီး လျှောက်ထားသူထံ အကြောင်းကြားရမည်။ ထို့အပြင် သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။
(ဂ) တီထွင်မှုမူပိုင်ခွင့်ကို ခွင့်ပြုခဲ့လျှင် လျှောက်ထားသူအား တီထွင်မှုမူပိုင်ခွင့် လက်မှတ်ကို ထုတ်ပေးရမည်။
၃၅။ မှတ်ပုံတင်အရာရှိသည် နိုင်ငံတော်တွင်လျှောက်ထားသော ပြည်ပနိုင်ငံတစ်ခုခုတွင် တင်သွင်း ထားပြီးဖြစ်သည့် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်များကို စစ်ဆေးနိုင်ရေးအတွက် အောက်ဖော်ပြပါ စာရွက်စာတမ်းများကို သတ်မှတ်သည့် အချိန်အတွင်း တင်ပြရန် တီထွင်မှု မူပိုင်ခွင့် လျှောက်ထားသူထံ အကြောင်းကြားနိုင်သည် -
(က) လျှောက်ထားသူရရှိထားပြီးဖြစ်သော သက်ဆိုင်ရာ ပြည်ပနိုင်ငံတစ်ခုခု၏ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ရုံးက ဆောင်ရွက်ခဲ့သည့် ရှာဖွေတွေ့ရှိချက်နှင့် စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာတို့၏မိတ္တူ၊
(ခ) လျှောက်ထားသူပြည်ပမှ ရရှိထားပြီးဖြစ်သော တီထွင်မှုမူပိုင်ခွင့် လက်မှတ် မိတ္တူမှန်၊
(ဂ) ပြည်ပနိုင်ငံတစ်ခုခု၏ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ရုံးမှ တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်ကို ငြင်းပယ်လျှင်ဖြစ်စေ၊ အဆိုပါလျှောက်ထားချက်ပါ တောင်းဆိုချက်ကို ငြင်းဆိုလျှင်ဖြစ်စေ ယင်းဆုံးဖြတ်ချက်မိတ္တူ သို့မဟုတ် အဆိုပါ လျှောက်ထားချက်အရ ခွင့်ပြုခဲ့သော မည်သည့်တီထွင်မှုမူပိုင်ခွင့်ကိုမဆို ပျက်ပြယ် စေလျှင် ဖြစ်စေ၊ ရုပ်သိမ်းလျှင် ဖြစ်စေ ယင်းဆုံးဖြတ်ချက်မိတ္တူ။
၃၆။ ညွှန်ကြားရေးမှူးချုပ်သည် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်အား စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ အစိုးရဌာနအဖွဲ့အစည်းများသို့လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ သို့မဟုတ် ပြည်ပတီထွင်မှုမူပိုင်ခွင့်ရုံးများသို့လည်းကောင်း ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် စစ်ဆေး ပေးရန် တောင်းဆိုနိုင်သည်။
၃၇။ တီထွင်မှုမူပိုင်ခွင့်ရရှိသူသည် -
(က) တီထွင်မှုမူပိုင်ခွင့်လက်မှတ် မူရင်းပျောက်ဆုံး သို့မဟုတ် ပျက်စီးပါက မိတ္တူမှန် ထပ်မံ ထုတ်ပေးရန် ဦးစီးဌာနသို့ သတ်မှတ်သည့် အခကြေးငွေပေးသွင်းပြီး မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။
(ခ) မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ထားသော စာအရေးအသားအမှားနှင့် ပြင်ဆင်ခွင့်ပြုနိုင်သည့် အခြားမှားယွင်းမှုများကိုလည်းကောင်း၊ နိုင်ငံသားနှင့် နေရပ်လိပ်စာများကိုလည်းကောင်း ပြင်ဆင်ပေးရန် သတ်မှတ်သည့် အခကြေးငွေ ပေးသွင်းပြီး မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။
၃၈။ မှတ်ပုံတင်အရာရှိသည် -
(က) ပုဒ်မ ၃၇ ပုဒ်မခွဲ (က) ပါ လျှောက်ထားချက်ကို စိစစ်ပြီး တီထွင်မှုမူပိုင်ခွင့် လက်မှတ်မိတ္တူမှန်ကို ထုတ်ပေးရမည်။
(ခ) ပုဒ်မ ၃၇ ပုဒ်မခွဲ (ခ) ပါ လျှောက်ထားချက်ကို စိစစ်ပြီး ပြင်ဆင်ခွင့်ပေးနိုင်သည်။
၃၉။ (က) တီထွင်မှုမူပိုင်ခွင့်လျှောက်ထားချက်ကို ဦးစီးဌာန၌ နည်းလမ်းတကျ လျှောက်ထား ခဲ့ရာတွင် မှတ်ပုံတင်အရာရှိသည် နိုင်ငံတော်၏အမျိုးသား လုံခြုံရေးကိစ္စနှင့် ပြည်သူလူထု၏ ဘေးကင်းလုံခြုံရေးကိစ္စရပ်များကို ထိခိုက်စေသော အချက် အလက်များ ပါဝင်သည်ဟု ထင်မြင်ယူဆခဲ့လျှင် အဆိုပါ တီထွင်မှုလျှောက်ထား ချက်ပါ အကြောင်းအရာများနှင့် စပ်ဆိုင်သောဝန်ကြီးဌာန၏ ကင်းရှင်းကြောင်း သဘောထားမှတ်ချက် ရရှိချိန်အထိ အဆိုပါ လျှောက်ထားချက်ကို မထုတ်ပြန်ဘဲ လျှို့ဝှက်ထားနိုင်သည်။
(ခ) သက်ဆိုင်ရာဝန်ကြီးဌာနသည် လျှောက်ထားသူအား သင့်လျော်သော လျော်ကြေး ပေး၍ စစ်ဆေးခြင်းပြုလုပ်ရန် သို့မဟုတ် သတင်းအချက်အလက်များကို လျှို့ဝှက် ထိန်းသိမ်းရန် သို့မဟုတ် လျှောက်ထားချက်နှင့်သက်ဆိုင်သည့် စီးပွားရေးဆိုင်ရာ အခွင့်အရေးများကို သက်ဆိုင်ရာအစိုးရဌာနသို့ လွှဲပြောင်းပေးရန် ဆောင်ရွက်နိုင် သည်။
(ဂ) နိုင်ငံတော်၏အမျိုးသားလုံခြုံရေးကိစ္စနှင့် ပြည်သူလူထု၏ ဘေးကင်းလုံခြုံရေး ကိစ္စရပ်များကို ထိခိုက်စေသော အချက်အလက်များ ပါဝင်သည်ဟု ထင်မြင်ယူဆ သည့် လျှောက်ထားချက်နှင့် စပ်လျဉ်း၍ နိုင်ငံတော်တွင် နေထိုင်သူမည်သူမဆို ဦးစီးဌာနတွင် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားပြီး ပုဒ်မခွဲ (က) အရ သဘောထား မှတ်ချက် မရရှိခဲ့လျှင်သော်လည်းကောင်း၊ ရုပ်သိမ်းခြင်းခံရလျှင်သော်လည်း ကောင်း မှတ်ပုံတင်အရာရှိ၏ ခွင့်ပြုချက်မရှိဘဲ အခြားနိုင်ငံတွင် တီထွင်မှု မူပိုင်ခွင့်ကို လျှောက်ထားခြင်းမပြုရ။
(ဃ) တီထွင်မှုမူပိုင်ခွင့်လျှောက်ထားသူသည် သက်ဆိုင်ရာဝန်ကြီးဌာန၏ သဘောထား မှတ်ချက် ကြောင့်ဖြစ်ပေါ်သည့် အခက်အခဲတစ်စုံတစ်ရာအတွက် သင့်လျော်သည့် လျော်ကြေးရရှိရန် တောင်းဆိုနိုင်သည်။ ယင်းလျော်ကြေးပမာဏကို မကျေနပ်ပါ က တရားရုံးမှ သတ်မှတ်ပေးရန် လျှောက်ထားနိုင်သည်။
(င) မှတ်ပုံတင်အရာရှိသည် သက်ဆိုင်ရာဝန်ကြီးဌာန၏ သဘောထားမှတ်ချက်အရ တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်ကို ဆက်လက်၍ လျှို့ဝှက်ထိန်းသိမ်းထား ရှိရန်လိုအပ်ခြင်း မရှိတော့ကြောင်း ပေါ်ပေါက်သည့်အခါ ပုဒ်မခွဲ(က)အရ လျှို့ဝှက် ထားခြင်းကို ရုပ်သိမ်းနိုင်သည်။
အခန်း(၁၁)
ဦးစားပေးအခွင့်အရေး
၄၀။ ပါရီကွန်ဗင်းရှင်းနိုင်ငံ သို့မဟုတ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံတစ်ခုခုတွင် တီထွင်မှု မူပိုင်ခွင့် လျှောက်ထားခဲ့သူ သို့မဟုတ် ထိုလျှောက်ထားသူ၏ လွှဲပြောင်းပေးခြင်းခံရသူသည် ပထမလျှောက်ထားခဲ့သည့်နေ့ရက်မှတစ်နှစ်အတွင်း ဦးစီးဌာန၌ တူညီသောတီထွင်မှုကို မှတ်ပုံတင် ပေးရန် လျှောက်ထားလျှင် ဦးစားပေးအခွင့်အရေး ခံစားရမည်။
၄၁။ ပါရီကွန်ဗင်းရှင်းနိုင်ငံ သို့မဟုတ် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံတစ်ခုခုတွင် သက်ဆိုင်ရာ နိုင်ငံအစိုးရက ကြီးမှူးကျင်းပသော သို့မဟုတ် အသိအမှတ်ပြုသော အပြည်ပြည် ဆိုင်ရာ ကုန်စည်ပြပွဲ၌ ခင်းကျင်းပြသခဲ့သည့် တီထွင်မှုအတွက် စတင်ခင်းကျင်း ပြသခဲ့သည့် နေ့ရက်မှ တစ်နှစ်အတွင်း ဦးစီးဌာန၌ တူညီသောတီထွင်မှုကို လျှောက်ထားလျှင် ကုန်စည်ပြပွဲ ဆိုင်ရာ ဦးစားပေး အခွင့်အရေး ခံစားရမည်။
၄၂။ ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေးသည် ပုဒ်မ ၄၀ အရ လျှောက်ထားသည့် နေ့ရက်မှ စတင်ရရှိသည့် ဦးစားပေးအခွင့်အရေးကာလထက် မကျော်လွန်စေရ။
၄၃။ လျှောက်ထားသူသည် သတ်မှတ်ထားသည့် ကာလအတွင်း စာရွက်စာတမ်းများ တင်ပြနိုင် ခြင်းမရှိလျှင် မှတ်ပုံတင်အရာရှိထံ ဦးစားပေးအခွင့်အရေး ပြန်လည်ရရှိရေးအတွက် ပုဒ်မ ၂၈ ပုဒ်မခွဲ (က) နှင့်အညီ တောင်းဆိုချက်တစ်ရပ်ကို တင်ပြနိုင်သည်။
အခန်း (၁၂)
တီထွင်မှုမူပိုင်ခွင့် သက်တမ်းနှင့်မှတ်ပုံတင်ကြေး
၄၄။ တီထွင်မှုမူပိုင်ခွင့် သက်တမ်းသည် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက် တင်သွင်းသည့် နေ့ရက်မှ နှစ် ၂၀ ဖြစ်သည်။
၄၅။ တီထွင်မှုမူပိုင်ခွင့်ပိုင်ရှင် သို့မဟုတ် လျှောက်ထားသူသည် တီထွင်မှုမူပိုင်ခွင့် သို့မဟုတ် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်ကို ထိန်းသိမ်းရန်အလို့ငှာ ဦးစီးဌာနသို့ ကာလအပိုင်း အခြား အလိုက်သတ်မှတ်သည့် နှစ်စဉ်ကြေးပေးသွင်းမှုကို အောက်ပါအတိုင်း ဆောင်ရွက်ရမည် -
(က) နှစ်စဉ်ကြေးပေးသွင်းရမည့် နေ့ရက်မတိုင်မီ ခြောက်လအတွင်း သတ်မှတ်ထား သည့် အခကြေးငွေ ပေးသွင်းရမည်။
(ခ) နှစ်စဉ်ကြေးပေးသွင်းမှု နောက်ကျခြင်းအတွက် နှစ်စဉ်ကြေးပေးသွင်းရန် ကုန်ဆုံး သည့် နောက်တစ်ရက်မှ အခွင့်အရေးအဖြစ်ပေးသော ခြောက်လအတွင်း၌သာ ပေးသွင်းခွင့်ရှိသည်။ ယင်းသို့ ပေးသွင်းသည့်အခါ သတ်မှတ်ထားသော နှစ်စဉ်ကြေး နှင့် ရက်လွန်ကြေးများကို ပေးသွင်းရမည်။
၄၆။ မှတ်ပုံတင်အရာရှိသည်-
(က) နှစ်စဉ်ကြေးပေးသွင်းခြင်းကို မှတ်ပုံတင် စာရင်းတွင် မှတ်တမ်းတင်ရမည်။
(ခ) နှစ်စဉ်ကြေးကို အခွင့်အရေး အဖြစ်ပေးသော ခြောက်လအတွင်း ပေးသွင်းခြင်း မရှိသည့် တီထွင်မှုမူပိုင်ခွင့် သို့မဟုတ် တီထွင်မှုမူပိုင်ခွင့်လျှောက်ထားချက်ကို ပျက်ပြယ်စေရမည်။
(ဂ) နှစ်စဉ်ကြေးပေးသွင်းမှုမရှိခြင်းမှာ ခိုင်လုံပြီး အခြားသူများ၏ အခွင့်အရေးများကို အကြောင်းမဲ့ ထိခိုက်ခြင်းမရှိဟုယူဆလျှင် ငွေပေးသွင်းရမည့် ကာလကျော်လွန်ပြီး နောက်တစ်နှစ်မကုန်ဆုံးမီ အချိန်အတွင်း ပျက်ပြယ်သွားသော တီထွင်မှုမူပိုင်ခွင့် ကို ထိန်းသိမ်းထားနိုင်သည်။
(ဃ) ပျက်ပြယ်သွားသည့် တီထွင်မှုမူပိုင်ခွင့် သို့မဟုတ် တီထွင်မှုမူပိုင်ခွင့်လျှောက်ထား ချက်ကို မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ပြီး သတ်မှတ်ထားသည့် နည်းလမ်း နှင့်အညီ ထုတ်ပြန်ကြေညာရမည်။
၄၇။ ပုဒ်မ ၄၅ တွင် ဖော်ပြထားသော နောက်ဆုံးရက်သတ်မှတ်ချက် ကျော်လွန်သွားသည့် ကိစ္စရပ်တွင် လျှောက်ထားသူ သို့မဟုတ် တီထွင်မှုမူပိုင်ခွင့်ပိုင်ရှင်သည် ပုဒ်မ ၂၈ ပါ အချက်များ နှင့်ကိုက်ညီပါက အခွင့်အရေးများ ပြန်လည်ပေးအပ်ရန် မှတ်ပုံတင်အရာရှိထံ တောင်းဆို နိုင်သည်။
အခန်း (၁၃)
တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများ
၄၈။ တီထွင်မှုမူပိုင်ခွင့်ရရှိသူသည် အခန်း(၁၂) ပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက် ပါကတီထွင်မှုမူပိုင်ခွင့်သက်တမ်းကာလအတွင်း ဤအခန်းပါ တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့် အရေးများကို ခံစားခွင့်ရှိသည်။
၄၉။ တီထွင်မှုမူပိုင်ခွင့်ရရှိသူသည် ပုဒ်မ ၅၁ ပါ ပြဋ္ဌာန်းချက်များကို မထိခိုက်စေဘဲ
(က) သီးသန့်အခွင့်အရေးအဖြစ် -
(၁) ထုတ်ကုန်တစ်ရပ်နှင့်စပ်လျဉ်း၍ တီထွင်မှုမူပိုင်ခွင့် ရရှိထားလျှင် ယင်း ထုတ်ကုန်ကို အခြားသူတစ်ဦးက ယင်း၏သဘောတူညီချက်မပါဘဲ ပြုလုပ် ခြင်း၊ အသုံးပြုခြင်း၊ ရောင်းချရန် ကမ်းလှမ်းခြင်း၊ ရောင်းချခြင်း သို့မဟုတ် ပြည်တွင်းသို့ တင်သွင်းခြင်းပြုလျှင် ဤဥပဒေနှင့်အညီ ကာကွယ်တားဆီးခွင့်ရှိသည်။
(၂) ထုတ်လုပ်မှုနည်းစဉ်တစ်ရပ်နှင့် စပ်လျဉ်း၍ တီထွင်မှုမူပိုင်ခွင့် ရရှိထားလျှင် ယင်းထုတ်လုပ်မှုနည်းစဉ်အား အခြားသူတစ်ဦးက ယင်း၏ သဘောတူညီ ချက် မပါဘဲ အသုံးပြုလျှင်ဖြစ်စေ၊ ယင်းထုတ်လုပ်မှုနည်းစဉ်ကို တိုက်ရိုက် အသုံးပြုပြီး ထုတ်လုပ်သော ထုတ်ကုန်တစ်ခုကို ပုဒ်မခွဲငယ် (၁) တွင် ဖော်ပြထားသည့် အပြုအမူများကို ဆောင်ရွက်လျှင်ဖြစ်စေ ဤဥပဒေနှင့် အညီ ကာကွယ်တားဆီးခွင့်ရှိသည်။
(ခ) တီထွင်မှုမူပိုင်ခွင့်အခွင့်အရေးကို ထိပါးချိုးဖောက်သူအား တရားမကြောင်းဖြင့် တရားစွဲဆိုခွင့်ရှိသည်။
(ဂ) အခန်း (၁၄) နှင့် အခန်း (၁၅) တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ယင်း၏ တီထွင်မှု မူပိုင်ခွင့်အခွင့်အရေးများကို အခြားသူတစ်ဦးဦးသို့လွှဲပြောင်းခြင်း၊ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်း ပြုနိုင်သည်။
၅၀။ ပုဒ်မ ၁၄ ပုဒ်မခွဲ (ဃ) အရ အလုပ်သမားက တီထွင်မှုမူပိုင်ခွင့် လျှောက်ထားခွင့်ရှိသည့် တီထွင်မှုအပေါ်တွင် အလုပ်ရှင်သည် တစ်ဦးတည်းပိုင်မဟုတ်သော ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့် ပေးခြင်းကို ရရှိစေရမည်။
၅၁။ တီထွင်မှုမူပိုင်ခွင့် အခွင့်အရေးသည် အောက်ပါတို့နှင့် သက်ဆိုင်ခြင်း မရှိစေရ -
(က) တီထွင်မှုမူပိုင်ခွင့်ရရှိထားသော တီထွင်မှုကို စီးပွားဖြစ်မဟုတ်ဘဲ အသုံးပြုခြင်း သို့မဟုတ် ပုဂ္ဂလိကတစ်ဦးချင်းအတွက် အသုံးပြုခြင်း၊
(ခ) စမ်းသပ်လေ့လာရန် သို့မဟုတ် သုတေသနပြုရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း၊
(ဂ) နိုင်ငံတော်၏ နယ်နိမိတ်အတွင်း ယာယီအားဖြင့်ဖြစ်စေ၊ မမျှော်လင့်သော ဖြစ်ရပ် ကြောင့် မတော်တဆဖြစ်စေ ဝင်ရောက်လာသော အခြားနိုင်ငံများမှ လေယာဉ်၊ ကုန်းလမ်း သွားယာဉ်များ သို့မဟုတ် ရေယာဉ်များပေါ်ရှိ တီထွင်မှုမူပိုင်ခွင့်နှင့် သက်ဆိုင်သည့် ပစ္စည်းကိရိယာတန်ဆာပလာများအား အသုံးပြုခြင်း၊
(ဃ) တီထွင်မှုမူပိုင်ခွင့်ရရှိထားသော တီထွင်မှုကို လျှောက်ထားသည့် နေ့ရက်မတိုင်မီ သို့မဟုတ် ဦးစားပေးအခွင့်အရေး တောင်းဆိုသည့်နေ့ရက်မတိုင်မီ တစ်စုံတစ်ဦးမှ သဘောရိုးဖြင့် အသုံးပြုခြင်း သို့မဟုတ် ထိုသို့အသုံးပြုရန် ထိရောက်သော ပြင်ဆင် ဆောင်ရွက်မှုကို ပြုလုပ်ခြင်း၊
(င) တီထွင်မှုမူပိုင်ခွင့်ရရှိသူကဖြစ်စေ၊ ၎င်း၏ သဘောတူညီချက်အရဖြစ်စေ ရောင်းချ ခြင်း၊ ရောင်းချရန် ကမ်းလှမ်းခြင်း (အစုရှယ်ယာများအဖြစ် ရောင်းချရန် စတော့ အိတ်ချိန်းစျေးကွက်တွင် တင်ထားခြင်း) သို့မဟုတ် တင်သွင်းခြင်းတို့နှင့် စပ်လျဉ်း ၍ စျေးကွက်တွင်ရောက်ရှိနေသော တီထွင်မှုမူပိုင်ခွင့် ရရှိထားသည့် ပစ္စည်းများ အား ရောင်းဝယ်ဖောက်ကားခြင်း၊
(စ) ထုတ်ကုန်တစ်ရပ်ရပ်ကို ထုတ်လုပ်ခြင်း၊ တည်ဆောက်ခြင်း၊ အသုံးပြုခြင်း၊ ရောင်း ချခြင်း သို့မဟုတ် တင်သွင်းခြင်းတို့နှင့်ဆိုင်သော နိုင်ငံတော်၏ သို့မဟုတ် အခြား နိုင်ငံတစ်ခုခု၏ ဥပဒေတစ်ရပ်ရပ်အရ လိုအပ်သည့်သတင်းအချက်အလက်များ ပြုစုတင်ပြခြင်းတို့နှင့်စပ်လျဉ်း၍ တီထွင်မှုမူပိုင်ခွင့် ရရှိထားသော တီထွင်မှုကို ခိုင်လုံစွာသက်ဆိုင်သော အသုံးပြုမှုအတွက်သာ ပြုလုပ်ခြင်း၊ တည်ဆောက်ခြင်း၊ အသုံးပြုခြင်း၊ ရောင်းချခြင်း သို့မဟုတ် တင်သွင်းခြင်း၊
(ဆ) မှတ်ပုံတင်ထားသော ဆေးဘက် သို့မဟုတ် သွားဘက်ဆိုင်ရာကုသရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးမှ ပေးသောဆေးစာအညွှန်းအရ တစ်ဦးတစ်ယောက် အတွက် ဆေးဆိုင်တွင် ဆေးဝါးဖော်စပ်ပေးခြင်းများ ပြုလုပ်ခြင်း၊၊
၅၂။ တီထွင်မှုမူပိုင်ခွင့်ကို တစ်ဦးထက်ပိုသူများက ပိုင်ဆိုင်ပြီး ယင်းတို့အချင်းချင်း တစ်နည်း နည်းဖြင့် သဘောတူညီထားခြင်းမရှိလျှင် -
(က) တီထွင်မှုမူပိုင်ခွင့်ရရှိသူသည် တီထွင်မှုမူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် မခွဲဝေရသေး သော တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို အညီအမျှခံစားခွင့် ရှိသည်။
(ခ) တီထွင်မှုမူပိုင်ခွင့်ရရှိသူသည် ယင်း၏ မခွဲဝေရသေးသည့် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို အခြားသူတစ်ဦးဦးကို လွှဲပြောင်းခြင်း၊ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့် ပေးခြင်း ပြုနိုင်သည်။
(ဂ) တီထွင်မှုမူပိုင်ခွင့်ရရှိသူသည် တီထွင်မှုမူပိုင်ခွင့် အခွင့်အရေး ထိပါးချိုးဖောက်သူ အား အခြားသော တီထွင်မှုမူပိုင်ခွင့် ပူးတွဲရရှိသူများ၏ သဘောတူညီချက် ရယူရန် မလိုဘဲ တရားမကြောင်းဖြင့် တရားစွဲဆိုခွင့် ရှိသည်။
(ဃ) တီထွင်မှုမူပိုင်ခွင့်ရရှိသူထံမှ အခွင့်အရေးများအား တရားဝင် ဆက်ခံရရှိသော ပုဂ္ဂိုလ် သို့မဟုတ် တရားဝင် ဖွဲ့စည်းထားသော အဖွဲ့အစည်းသည် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မခွဲ (ဂ) တို့တွင် ဖော်ပြထားသော အခွင့်အရေးများကို ခံစားခွင့် ရှိသည်။
အခန်း (၁၄)
တီထွင်မှုမူပိုင်ခွင့် အခွင့်အရေးများကို လွှဲပြောင်းခြင်း
၅၃။ (က) တီထွင်မှုမူပိုင်ခွင့်လျှောက်ထားသူသည် ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ၊ တရားဝင် ဖွဲ့စည်းထားသော အဖွဲ့အစည်းကိုဖြစ်စေ ယင်း၏ တီထွင်မှုမူပိုင်ခွင့်လျှောက်ထား ချက်ကို သတ်မှတ်ချက်နှင့်အညီ လွှဲပြောင်းပေးရန် ဦးစီးဌာနသို့ လျှောက်ထား နိုင်သည်။
(ခ) တီထွင်မှုမူပိုင်ခွင့်ရရှိသူသည် ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ၊ တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းကိုဖြစ်စေ ယင်း၏တီထွင်မှုမူပိုင်ခွင့်ပိုင်ဆိုင်မှုကို သတ်မှတ်ချက်နှင့် အညီ လွှဲပြောင်းခြင်းပြုနိုင်သည်။
၅၄။ မှတ်ပုံတင်အရာရှိသည် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားသူကဖြစ်စေ၊ ပုဒ်မ ၅၃ ပုဒ်မခွဲ (က) အရ လွှဲပြောင်းခြင်းကို လက်ခံသူကဖြစ်စေ၊ တီထွင်မူပိုင်ခွင့်ပိုင်ရှင်ကဖြစ်စေ၊ ပုဒ်မ ၅၃ ပုဒ်မခွဲ(ခ) အရ လွှဲပြောင်းခြင်းကိုလက်ခံသူကဖြစ်စေ သတ်မှတ်သည့် အခကြေးငွေ ပေးသွင်းပြီး ပိုင်ဆိုင်မှု လွှဲပြောင်းကြောင်း မှတ်တမ်းတင်ပေးရန် တောင်းဆိုလျှင် ပိုင်ဆိုင်မှုလွှဲပြောင်းကြောင်း မှတ်တမ်းတင်၍ အများပြည်သူသိရှိစေရန် သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ထုတ်ပြန် ကြေညာရမည်။
၅၅။ တီထွင်မှုမူပိုင်ခွင့်ပေးရန် လျှောက်ထားချက် သို့မဟုတ် တီထွင်မှုမူပိုင်ခွင့်ပိုင်ဆိုင်မှု၏ လွှဲပြောင်းခြင်းကို မှတ်တမ်းတင်ပေးရန် တောင်းဆိုချက်သည် သတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိရမည်၊၊
၅၆။ တီထွင်မှုမူပိုင်ခွင့်ပိုင်ဆိုင်မှု လွှဲပြောင်းခြင်းနှင့်စပ်လျဉ်း၍ ဦးစီးဌာနသို့ မှတ်တမ်းတင် ပေးရန် လျှောက်ထားခြင်းမရှိလျှင် ယင်းပိုင်ဆိုင်မှုလွှဲပြောင်းခြင်းသည် အကျိုးသက်ရောက်မှု မရှိစေရ။
၅၇။ နိုင်ငံတော်ရှိ မျိုးရိုးဗီဇ၊ ဇီဝအရင်းအမြစ် သို့မဟုတ် ရိုးရာအသိပညာမှ တိုက်ရိုက် ဆင်းသက်လာသော တီထွင်မှုတစ်ခုနှင့်စပ်လျဉ်း၍ ဦးစီးဌာနသည် -
(က) ပုဒ်မ ၁၇ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၇) ပါ ပြဋ္ဌာန်းချက်နှင့် ကိုက်ညီမှုမရှိဘဲ လျှောက်ထားသူက မှားယွင်းစွာ ချန်လှပ်၍ လျှောက်ထားခဲ့သည့် တီထွင်မှုမူပိုင်ခွင့် ကို ခွင့်ပြုခဲ့ကြောင်းတွေ့ရှိလျှင် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာလုပ်ငန်း၏ အကျိုးအမြတ် ကို သက်ဆိုင်ရာအဖွဲ့အစည်းသို့ လွှဲပြောင်းပေးရန် တီထွင်မှုမူပိုင်ခွင့်ရရှိသူအား ညွှန်ကြားနိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ လုပ်ငန်း၏ အကျိုးအမြတ်ကို လွှဲပြောင်းရယူရန် ညွှန်ကြားရေး မှူးချုပ် သို့မဟုတ် သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် ဦးစီးဌာနမှ သတ်မှတ်သည့် အဖွဲ့အစည်းတို့အား အကြောင်းကြားရမည်။
(ဂ) ပုဒ်မခွဲ (က) အရ တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာလုပ်ငန်း၏ အကျိုးအမြတ်များကို သက် ဆိုင်ရာအဖွဲ့အစည်းက လွှဲပြောင်းရယူပြီးနောက် တီထွင်မှုမူပိုင်ခွင့်သည် အများ ပြည်သူနှင့် အလွန်အမင်းသက်ဆိုင်လာလျှင်သော်လည်းကောင်း၊ ကိုယ်ကျင့်သိက္ခာ နှင့် အေးချမ်းတည်ငြိမ်မှုဆိုင်ရာ ကိစ္စရပ်များ ဖြစ်ပေါ်ခဲ့လျှင်သော် လည်းကောင်း တီထွင်မှုမူပိုင်ခွင့် လျှောက်ထားခြင်းကို ရုပ်သိမ်းရမည် သို့မဟုတ် တီထွင်မှု မူပိုင်ခွင့်ကို စွန့်လွှတ်စေရမည်။
အခန်း (၁၅)
ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်း
၅၈။ တီထွင်မှုမူပိုင်ခွင့်ရရှိသူသည် ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ၊ တရားဝင်ဖွဲ့စည်းထားသော အဖွဲ့ အစည်းကိုဖြစ်စေ ယင်း၏မှတ်ပုံတင်ထားသော တီထွင်မှုမူပိုင်ခွင့်ကိုအသုံးပြုရန်အတွက် စည်းကမ်းချက်များ သတ်မှတ်၍ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးနိုင်သည်။
၅၉။ တီထွင်မှုမူပိုင်ခွင့်ရရှိသူနှင့် ခွင့်ပြုချက်ဖြင့်လုပ်ကိုင်ခွင့်ရရှိသူတို့သည် ခွင့်ပြုချက်စာတမ်း အမှတ်အသား မိတ္တူမှန်နှင့်အတူ သတ်မှတ်သည့် အခကြေးငွေ ပေးသွင်းပြီး ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့် ပေးခြင်းကို မှတ်တမ်းတင်ပေးရန် ဦးစီးဌာနသို့ လျှောက်ထားရမည်။
၆၀။ မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၅၉ အရ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းကို မှတ်တမ်းတင်ပေးရန် လျှောက်ထားချက်နှင့် စပ်လျဉ်း၍ တီထွင်မှုမူပိုင်ခွင့် အခွင့်အရေးများကို အလွဲသုံးစားပြုခြင်းနှင့် ယှဉ်ပြိုင်မှုကို ဆန့်ကျင်ခြင်းမရှိကြောင်း၊ နိုင်ငံတော်၏ အကျိုးစီးပွားကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်နိုင်ခြင်း မရှိကြောင်း၊ ယေဘုယျအားဖြင့် နည်းပညာ ကျွမ်းကျင်မှုနှင့် ဖွံဖြိုးတိုးတက်မှုကို အဟန့်အတား သို့မဟုတ် အနှောင့်အယှက် ဖြစ်နိုင်ခြင်း မရှိကြောင်း သို့မဟုတ် အဆိုပါ အကျိုးသက်ရောက်မှု တစ်ခုခုကိုဖြစ်စေသည့် အချက်တစ်ရပ်ရပ် ပါရှိခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိပါက ထိုခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းကို မှတ်တမ်း တင်ပြီး သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။
၆၁။ တီထွင်မှုမူပိုင်ခွင့်ရရှိသူနှင့် ယင်း၏ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရရှိသူတို့က မှတ်ပုံတင် အရာရှိထံတွင် မှတ်တမ်းတင်ထားသည့် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းကို ပယ်ဖျက်ရန် သတ်မှတ်ချက်နှင့်အညီ လျှောက်ထားလျှင် မှတ်ပုံတင်အရာရှိက မှတ်တမ်းမှ ပယ်ဖျက်ပြီး ယင်းသို့ ပယ်ဖျက်ကြောင်း အများပြည်သူသိရှိစေရန် သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။
၆၂။ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းနှင့်စပ်လျဉ်း၍ ဦးစီးဌာနသို့ မှတ်တမ်းတင်ပေးရန် လျှောက်ထားခြင်းမရှိလျှင် ယင်းခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းသည် အကျိုးသက်ရောက်မှု မရှိစေရ။
အခန်း (၁၆)
မလွဲမသွေပေးရမည့်လိုင်စင်
၆၃။ (က) ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် တရားဝင် အဖွဲ့အစည်းတစ်ရပ်ရပ်သည် အောက် ဖော်ပြပါ အခြေအနေတစ်ရပ်ရပ်တွင် မလွဲမသွေပေးရမည့်လိုင်စင်ကို ဦးစီးဌာနသို့ လျှောက်ထားနိုင်သည်။
(၁) နိုင်ငံတော်၏ ကာကွယ်ရေး၊ လုံခြုံရေး၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ အများပြည်သူအကျိုးအတွက် ဆောင်ရွက်ရန်လိုအပ်ခြင်း၊ အများ ပြည်သူ၏ အစာအာဟာရ၊ ကျန်းမာရေး၊ အမျိုးသားအကျိုးစီးပွား၏ အခြား သော အရေးပါသည့် အခန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အလွန် အမင်း လိုအပ်လျက်ရှိခြင်း၊
(၂) တီထွင်မှုမူပိုင်ခွင့်ရရှိသူ သို့မဟုတ် ခွင့်ပြုချက်ဖြင့်လုပ်ကိုင်ခွင့်ရရှိသူမှ အသုံးပြု သည့် နည်းလမ်းသည် ယှဉ်ပြိုင်မှုကို ဆန့်ကျင်သည်ဟု တရားစီရင်ရေး သို့မဟုတ် အုပ်ချုပ်ရေးအဖွဲ့အစည်းက ဆုံးဖြတ်ပြီး၊ ဤပုဒ်မခွဲနှင့်အညီ တီထွင်မှုအား အသုံးပြုခြင်းသည် အဆိုပါ ယှဉ်ပြိုင်မှုကို ဆန့်ကျင်သည့် လုပ်ရပ်အား ကုစားနိုင်မည့် အခြေအနေဖြစ်ခြင်း၊
(၃) တီထွင်မှုမူပိုင်ခွင့်ရရှိသူသည် ယင်း၏သီးသန့်အခွင့်အရေးများကို အလွဲသုံးစား ပြုခြင်း သို့မဟုတ် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရရှိသူက ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ဆိုင်ရာ သီးသန့်အခွင့်အရေးများကို အလွဲသုံးစားပြုခြင်းမှ ဟန့်တားမှုမရှိဘဲ လျစ်လျူရှုထားခြင်း၊
(၄) တီထွင်မှုသည် နိုင်ငံတော်တွင် ထုတ်လုပ်ခြင်းမှသော်လည်းကောင်း၊ တင်သွင်း ခြင်းမှ သော်လည်းကောင်း လုံလောက်သည့်အရေအတွက် သို့မဟုတ် အရည် အသွေး သို့မဟုတ် သင့်တင့်မျှတသည့်စျေးနှုန်းဖြင့် နိုင်ငံတော်တွင် မရရှိနိုင် ခြင်း၊
(၅) စီးပွားဖြစ်စေနိုင်၍ အရေးပါသော နည်းပညာအဆင့်မြှင့်မှုတစ်ရပ် ပါရှိသော တီထွင်မှုအတွက် တောင်းဆိုထားသည့် ဒုတိယတီထွင်မှုမူပိုင်ခွင့်သည် ပထမ တီထွင်မှုမူပိုင်ခွင့်တွင်တောင်းဆိုထားသည့် တီထွင်မှုနှင့်ဆက်စပ်နေပြီး ဒုတိယ တီထွင်မှုမူပိုင်ခွင့်သည် ပထမတီထွင်မှုမူပိုင်ခွင့်အား အသုံးမပြုဘဲ မဆောင်ရွက် နိုင်ခြင်း။
(ခ) ဦးစီးဌာနသည် ပုဒ်မခွဲ(က)အရ လျှောက်ထားလာသော လျှောက်ထား တောင်းဆို ချက်ကို စိစစ်၍ ကော်မတီသို့ တင်ပြရမည်။ ဦးစီးဌာန၏တင်ပြချက်အပေါ် ကော်မတီသည် နိုင်ငံတော်၏ခွင့်ပြုချက်ဖြင့် စည်းကမ်းချက်များ သတ်မှတ်၍ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
၆၄။ (က) ကော်မတီသည် တီထွင်မှုမူပိုင်ခွင့်ရရှိသူ၏ တောင်းဆိုချက်အပေါ် နှစ်ဖက်စလုံးမှ ဖြစ်စေ၊ တစ်ဖက်တည်းမှဖြစ်စေ ကြားနာရန် ဆန္ဒရှိပါက ကြားနာစစ်ဆေးပြီး နောက် မလွဲမသွေပေးရမည့်လိုင်စင်ထုတ်ပေးရန် ဆုံးဖြတ်ခဲ့ရသော အခြေအနေ များသည် ရပ်စဲသွားလျှင် သို့မဟုတ် ထပ်မံဖြစ်ပွားဟန် မရှိတော့လျှင်သော် လည်းကောင်း၊ အသုံးပြုခွင့်ပေးထားသော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းသည် ယင်းလိုင်စင်ပါ စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ကြောင်း ပေါ်ပေါက်ခဲ့လျှင်သော်လည်းကောင်း ယင်းလိုင်စင်ကို ရပ်စဲရမည်။
(ခ) ပုဒ်မခွဲ (က) တွင် မည်သို့ပင်ဖော်ပြစေကာမူ ကော်မတီသည် အသုံးပြုခွင့် ပေးထား သော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း၏ တရားဝင် အကျိုးစီးပွားအား လုံလောက် သော အကာအကွယ်ပေးရန် လိုအပ်ချက်သည် ယင်းလိုင်စင်ကို ဆက်လက် အသုံးပြုခွင့်ပေးရန် ဆုံးဖြတ်ချက်နှင့် ညီညွတ်မျှတသည်ဟု ယူဆလျှင်သော် လည်းကောင်း၊ ပုဒ်မ ၆၃ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ်(၂) အရ ယှဉ်ပြိုင်မှုကို ဆန့်ကျင် သောလုပ်ရပ်ကို ကုစားနိုင်ရန် ထုတ်ပေးထားသော လိုင်စင်ဖြစ်ခဲ့လျှင်သော် လည်းကောင်း၊ မလွဲမသွေပေးရမည့် လိုင်စင်ထုတ်ပေးရန်အခြေအနေများ ထပ်မံ ဖြစ်ပွားဟန်ရှိလျှင်သော်လည်းကောင်း အဆိုပါလိုင်စင်ကို ရပ်စဲခြင်း မပြုရ။
၆၅။ မလွဲမသွေပေးရမည့်လိုင်စင်သည် သီးသန့်အခွင့်အရေး မရရှိနိုင်သောလိုင်စင်ဖြစ်သဖြင့် အောက်ပါအချက်များတွင် အသုံးပြုခွင့်မရှိစေရ-
(က) တီထွင်မှုမူပိုင်ခွင့်ရရှိသူကိုယ်တိုင် နိုင်ငံတော်တွင် ထုတ်လုပ်ရာတွင်ဖြစ်စေ၊ တင်သွင်း ရာတွင်ဖြစ်စေ၊ နှစ်ရပ်စလုံးတွင်ဖြစ်စေ ယင်း၏တီထွင်မှုကို အသုံးပြုခြင်း၊
(ခ) တီထွင်မှုမူပိုင်ခွင့်ရရှိသူမှ ခွင့်ပြုချက်ဖြင့်လုပ်ကိုင်ခွင့်ပေးရန် သဘောတူစာချုပ် များအား ချုပ်ဆိုခြင်း၊
(ဂ) တီထွင်မှုမူပိုင်ခွင့်ရရှိသူသည် ပုဒ်မ ၄၉ တွင် ပါရှိသော ယင်း၏အခွင့်အရေးများ အား ဆက်လက်ကျင့်သုံးခြင်း။
၆၆။ ဦးစီးဌာနသည် ပုဒ်မ ၆၃ အရ မလွဲမသွေပေးရမည့်လိုင်စင်ထုတ်ပေးသည့်အခါ-
(က) ထိုသို့လိုင်စင်ထုတ်ပေးကြောင်း သက်ဆိုင်ရာ တီထွင်မှုမူပိုင်ခွင့်ရရှိသူအား ဖြစ်နိုင် သရွေ့ ဆောလျင်စွာ အကြောင်းကြားရမည်။
(ခ) လိုင်စင်ရရှိသူက တီထွင်မှုမူပိုင်ခွင့်ရရှိသော တီထွင်မှုကို စတင်အသုံးပြုရမည့် နေ့ရက်၊ လိုင်စင်သက်တမ်းအစရှိသည့် လိုင်စင်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက် များနှင့် တီထွင်မှုမူပိုင်ခွင့်ရရှိသူအား ပေးအပ်ရမည့် နစ်နာကြေးကို ကော်မတီက သတ်မှတ်ပေးသည့်အတိုင်း ထည့်သွင်းဖော်ပြပေးရမည်။
၆၇။ (က) တူညီသောဆေးဝါးထုတ်ကုန်ကို ပြုလုပ်ရန် အခြားနည်းစဉ်တစ်ခုကို မသိရှိနိုင် သော သို့မဟုတ် မရရှိနိုင်သောအခြေအနေတွင် ဆေးဝါးထုတ်ကုန်တစ်ခု သို့မဟုတ် ဆေးဝါးထုတ်ကုန်ကိုထုတ်လုပ်သည့် ထုတ်လုပ်မှုနည်းစဉ်တစ်ခုအတွက် တောင်းဆို ထားသော တီထွင်မှုမူပိုင်ခွင့်တစ်ခုအား မလွဲမသွေပေးရမည့် လိုင်စင်ကို တောင်းဆို လျှောက်ထားခြင်းအတွက် နစ်နာကြေးကို ဆုံးဖြတ်ရာတွင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ အထွေထွေကောင်စီ၏ ၂၀၀၃ခုနှစ်၊ သြဂုတ်လ(၃၀)ရက်နေ့တွင် ဆုံးဖြတ်ခဲ့ သည့် စည်းကမ်းချက်များအတိုင်း ကျင့်သုံးရမည်။
(ခ) တီထွင်မှုမူပိုင်ခွင့် လျှောက်ထားသည့်နေ့ရက်မှ လေးနှစ် သို့မဟုတ် တီထွင်မှု မူပိုင်ခွင့် ခွင့်ပြုသည့်နေ့ရက်မှ သုံးနှစ်မတိုင်မီ ကာလများအနက် ပို၍ နောက်ကျ သည့် ကာလအတွင်းတွင် ပုဒ်မ ၆၃ ပုဒ်မခွဲ (က)၊ပုဒ်မခွဲငယ်(၄) တွင် ဖော်ပြ ထားသကဲ့သို့ တီထွင်မှုမူပိုင်ခွင့် ရရှိထားသော ထုတ်ကုန် သို့မဟုတ် တီထွင်မှု မူပိုင်ခွင့် ရရှိထားသော ထုတ်လုပ်မှုနည်းစဉ်မှ ထုတ်လုပ်သည့် ထုတ်ကုန်ကို လုံလောက်စွာ မထုတ်လုပ်နိုင်သည့် အကြောင်းပြချက်ဖြင့် မလွဲမသွေပေးရမည့် လိုင်စင်တစ်ရပ်ကို လျှောက်ထားခြင်း မပြုနိုင်။ ထို့အပြင် တီထွင်မှုမူပိုင်ခွင့်ရရှိသူ သည် ယင်း၏မလုပ်ဆောင်နိုင်မှု သို့မဟုတ် လုံလောက်အောင် မဆောင်ရွက်နိုင်မှု အပေါ်တွင် ခိုင်လုံသော အကြောင်းပြချက်ဖြင့် ခုခံချေပနိုင်ပါက အဆိုပါ လျှောက်ထားချက်ကို ငြင်းဆိုရမည်။
(ဂ) တီထွင်မှုမူပိုင်ခွင့်ရရှိသူ သို့မဟုတ် တီထွင်မှုမူပိုင်ခွင့်ကို အသုံးချခွင့်ရှိသော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း၏ တောင်းဆိုချက်အပေါ်တွင် ကော်မတီသည် နှစ်ဖက် စလုံးမှ ဖြစ်စေ၊ တစ်ဖက်တည်းကဖြစ်စေ ကြားနာရန်ဆန္ဒရှိပါက ကြားနာ စစ်ဆေး ပြီး တီထွင်မှုမူပိုင်ခွင့်ကို တရားဝင်အသုံးချခွင့်ပြုသည့် ဆုံးဖြတ်ချက်ပါ သတ်မှတ် ချက်များအား ပြောင်းလဲသွားသောအခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်သည့် အတိုင်းအတာအထိ ပြင်ဆင်သတ်မှတ်နိုင်သည်။
(ဃ) မလွဲမသွေပေးရမည့်လိုင်စင်ကို လိုင်စင်ရပုဂ္ဂိုလ်၏ စီးပွားရေးလုပ်ငန်း သို့မဟုတ် တီထွင်မှုမူပိုင်ခွင့်ရရှိထားသော တီထွင်မှုအား အသုံးပြုနေသည့် စီးပွားရေး လုပ်ငန်းအခွဲများကိုသာ လွှဲပြောင်းပေးအပ်နိုင်သည်။
၆၈။ (က) ပုဒ်မ ၆၃ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ် (၄) အရ မလွဲမသွေပေးရမည့်လိုင်စင် လျှောက်ထားရာတွင် တီထွင်မှုမူပိုင်ခွင့်ရရှိသူသည် ယင်းလိုင်စင်လျှောက်ထားသူ ထံမှ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးရန် တောင်းဆိုချက်ကို လက်ခံရရှိသော် လည်းအဆိုပါလျှောက်ထားသည့် ပုဂ္ဂိုလ်သည် သင့်လျော်သော အချိန်အတွင်း သင့်လျော်သော ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ စည်းကမ်းချက်များပါရှိသည့် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းမရှိကြောင်း သက်သေခံအထောက်အထား ကို ပူးတွဲတင်ပြရမည်။
(ခ) နိုင်ငံတော်အတွက် အရေးတကြီးလိုအပ်သောကိစ္စရပ်များ သို့မဟုတ် အလွန်အမင်း ဆောလျင်စွာ ဆောင်ရွက်ရန် လိုအပ်သည့် အခြားသော အခြေအနေများ သို့မဟုတ် စီးပွားရေးအကျိုးအမြတ်အတွက်မဟုတ်ဘဲ အများပြည်သူအတွက် အသုံးပြုသည့် ကိစ္စရပ် များ သို့မဟုတ် တရားစီရင်ရေး သို့မဟုတ် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ဆုံးဖြတ်ထားသော ယှဉ်ပြိုင်မှုကိုဆန့်ကျင်သော လုပ်ငန်းများအား ကုစားရန် လိုင်စင်ပေးအပ်သည့်အခါများတွင် ပုဒ်မခွဲ (က) တွင် ဖော်ပြထားသော ယခင် ကြိုးပမ်းမှုနှင့်ပတ်သက်သည့် သက်သေခံအထောက်အထားများ ပူးတွဲတင်ပြရန် မလို။
၆၉။ ကော်မတီက လိုင်စင်ထုတ်ပေးထားသော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းမှ တီထွင်မှုကို အသုံးပြုခြင်းသည် ပုဒ်မ ၆၃ ပုဒ်မခွဲ (က)၊ပုဒ်မခွဲငယ်(၂) အရ ယှဉ်ပြိုင်မှုကို ဆန့်ကျင်သည့် လုပ်ရပ်အား ကုစားရန် ခွင့်ပြုပေးထားသောအခါ သို့မဟုတ် မလွဲမသွေပေးရမည့်လိုင်စင်သည် ဆေးဝါးထုတ်ကုန်တစ်ခု သို့မဟုတ် ဆေးဝါးထုတ်ကုန်များကို ထုတ်လုပ်သော ထုတ်လုပ်မှု နည်းစဉ် တစ်ခုကို တောင်းဆိုထားသည့် တီထွင်မှုမူပိုင်ခွင့် တစ်ခုနှင့်သက်ဆိုင်နေပြီး လိုင်စင် ထုတ်ပေးရသည့် ရည်ရွယ်ချက်သည် ထုတ်လုပ်နိုင်မှု စွမ်းရည်မရှိသော သို့မဟုတ် ထုတ်လုပ်ရန် စွမ်းရည်မပြည့်မီသောနိုင်ငံ သို့မဟုတ် နိုင်ငံခြားတိုင်းပြည်၏ နယ်နိမိတ်အတွင်းသို့ အဆိုပါ ထုတ်ကုန်များကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အထွေထွေကောင်စီ၏ ၂၀၀၃ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့ ရက်စွဲပါ ဆုံးဖြတ်ချက်ပါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ တင်ပို့ရန် ဖြစ်သည့် အခါတို့မှတစ်ပါး အဓိကအားဖြင့် နိုင်ငံတော်၏ စျေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ဖြစ်ရမည်။
၇၀။ ပုဒ်မ ၆၃ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ်(၅) အရ မလွဲမသွေပေးရမည့်လိုင်စင် ခွင့်ပြုသည့် အခါ-
(က) ပထမတီထွင်မှုမူပိုင်ခွင့်ရရှိသူသည် ဒုတိယတီထွင်မှုမူပိုင်ခွင့်တွင် တောင်းဆိုထား သော တီထွင်မှုများကို သင့်လျော်သော စည်းကမ်းသတ်မှတ်ချက်များဖြင့် အပြန် အလှန် အသုံးပြုခွင့်လိုင်စင် ရရှိစေရမည်။
(ခ) ဒုတိယတီထွင်မှုမူပိုင်ခွင့်ကို လွှဲအပ်လုပ်ကိုင်ခွင့်ပေးခြင်းမှအပ ပထမတီထွင်မှု မူပိုင်ခွင့်အား ခွင့်ပြုချက်ဖြင့်လုပ်ကိုင်ခွင့်ပေးခြင်းကို လွှဲအပ်လုပ်ကိုင်ခွင့် မရှိစေရ။
၇၁။ မလွဲမသွေပေးရမည့်လိုင်စင်ခွင့်ပြုပေးရန် တောင်းဆိုချက် သို့မဟုတ် နစ်နာကြေးဆိုင်ရာ ဆုံးဖြတ်ချက်အပါအဝင် ယင်းလိုင်စင် ခွင့်ပြုချက်နှင့်စပ်လျဉ်းသည့် ဆုံးဖြတ်ချက်အား မကျေနပ်သူသည် တရားရုံးသို့ လျှောက်ထားနိုင်သည်။
အခန်း (၁၇)
တီထွင်မှုမူပိုင်ခွင့်ကို ပြန်လည်အပ်နှံခြင်းနှင့် ရုပ်သိမ်းခြင်း
၇၂။ တီထွင်မှုမူပိုင်ခွင့် ရရှိသူသည် -
(က) တီထွင်မှုမူပိုင်ခွင့်ကို ယင်း၏ဆန္ဒအလျောက် ဦးစီးဌာနတွင် ပြန်လည်အပ်နှံ နိုင်သည်။
(ခ) တီထွင်မှုမူပိုင်ခွင့်ကို တစ်ဦးထက်ပိုသူများ ပူးတွဲရရှိထားခြင်းဖြစ်ပြီး ယင်းတို့ အချင်းချင်း အခြားနည်းဖြင့် သဘောတူညီချက်တစ်စုံတစ်ရာမရှိလျှင် ပူးတွဲ တီထွင်မှုမူပိုင်ခွင့်ရရှိသူ အားလုံး၏ သဘောတူညီချက်ဖြင့် တီထွင်မှုမူပိုင်ခွင့်ကို ဦးစီးဌာနတွင် ပြန်လည် အပ်နှံနိုင်သည်။
၇၃။ မှတ်ပုံတင်အရာရှိသည် တီထွင်မှုမူပိုင်ခွင့် ပြန်လည်အပ်နှံခြင်းကိုစိစစ်၍ ယင်းသို့ပြန်လည် အပ်နှံကြောင်း မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ပြီး အများပြည်သူသိရှိစေရန် သတ်မှတ်ထား သည့် နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။
၇၄။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိသော တီထွင်မှုမူပိုင်ခွင့်သည် ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် အများကို ထိခိုက်ကြောင်း တွေ့ရှိပါက သက်ဆိုင်ရာပုဂ္ဂိုလ် သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းသည် အဆိုပါ တီထွင်မှုမူပိုင်ခွင့်တစ်ခုလုံးကိုသော် လည်းကောင်း၊ တစ်စိတ် တစ်ဒေသကိုသော်လည်းကောင်း ရုပ်သိမ်းရန် မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။
၇၅။ မှတ်ပုံတင်အရာရှိသည် သက်ဆိုင်ရာပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း၏ လျှောက်ထားချက် အရ တီထွင်မှုမူပိုင်ခွင့်သည် အောက်ပါအချက်တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်း တွေ့ရှိပါက တီထွင်မှုမူပိုင်ခွင့် တစ်ခုလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း ရုပ်သိမ်းနိုင်သည် -
(က) တီထွင်မှုသည် ပုဒ်မ ၁၀ နှင့် ပုဒ်မ ၁၁ တို့အရ တီထွင်မှုမူပိုင်ခွင့်ရနိုင်သော တီထွင်မှု မဟုတ်ကြောင်း ပေါ်ပေါက်ခြင်း၊
(ခ) တီထွင်မှုမူပိုင်ခွင့်ရရှိသူသည် တီထွင်မှုမူပိုင်ခွင့်ကိုရခွင့်ရှိသူ မဟုတ်ကြောင်း ခိုင်လုံသော သက်သေခံအထောက်အထား ပေါ်ပေါက်ခြင်း၊
(ဂ) တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်တွင် ပြင်ဆင်မှုများသည် ဖော်ပြချက်ကို ထုတ်ပြန် ကြေညာခဲ့စဉ်က မူလလျှောက်ထားချက်တွင် တောင်းဆိုထားသည့် အရာများထက် ကျော်လွန်နေကြောင်းတွေ့ရှိခြင်း၊
(ဃ) တီထွင်မှုမူပိုင်ခွင့်ကို လိမ်လည်လှည့်ဖြား၍ဖြစ်စေ၊ မမှန်မကန်တင်ပြ၍ဖြစ်စေ၊ သတ်မှတ်ထားသည့် အရေးပါသော သတင်းအချက်အလက် တစ်ရပ်ရပ်ကိုချန်လှပ်
၍ဖြစ်စေ ရယူထားကြောင်း ပေါ်ပေါက်ခြင်း၊
(င) တီထွင်မှုမူပိုင်ခွင့်ပေးရန် တောင်းဆိုချက်တွင် တောင်းဆိုထားသော တီထွင်မှုကို ဦးစားပေး နေ့ရက် မတိုင်မီ လျှို့ဝှက်စွာ အသုံးပြုထားခြင်း၊
(စ) တီထွင်မှုမူပိုင်ခွင့်လျှောက်ထားသူသည် လိုအပ်သောသတင်းအချက်အလက်များကို မှတ်ပုံတင်အရာရှိထံ ထုတ်ဖော်ရန် ပျက်ကွက်ခြင်း သို့မဟုတ် သတင်းအချက် အလက်များ ကိုမှားယွင်းစွာ ဖော်ပြထားခြင်း၊
(ဆ) တီထွင်မှုမူပိုင်ခွင့် ရုပ်သိမ်းပေးရန် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ တရားရုံး၏ အပြီးသတ်ဆုံးဖြတ်ချက် သို့မဟုတ် စီရင်ချက်ကို လက်ခံရရှိခြင်း။
၇၆။ မှတ်ပုံတင်အရာရှိသည် အောက်ပါအချက်တစ်ရပ်ရပ် ပေါ်ပေါက်ပါက တီထွင်မှုမူပိုင်ခွင့် သို့မဟုတ် တီထွင်မှုမူပိုင်ခွင့်လျှောက်ထားချက်အား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်နိုင်သည်-
(က) လျှောက်ထားသူသည် ပုဒ်မ ၃၉ ပုဒ်မခွဲ (က) အရ လျှို့ဝှက်ထားရှိရန် အမိန့်ကို ဖောက်ဖျက်ခြင်း သို့မဟုတ် ပုဒ်မ ၃၉ ပုဒ်မခွဲ (ဂ) ကိုဖောက်ဖျက်၍ အခြားနိုင်ငံ တွင် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားခြင်း၊
(ခ) ပုဒ်မ ၄၆ ပုဒ်မခွဲ (ခ) အရ အခကြေးငွေပေးသွင်းထားမှုမရှိခြင်းကြောင့် ပျက်ပြယ်ခြင်း၊
(ဂ) တီထွင်မှုတွင် အသုံးပြုထားသော မျိုးရိုးဗီဇ သို့မဟုတ် ဇီဝအရင်းအမြစ် သို့မဟုတ် ရိုးရာအသိပညာမှဆင်းသက်လာသော တီထွင်မှုတွင် ပုဒ်မ ၁၇ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၇) ပါ အတိုင်း သတ်မှတ်ဖော်ပြမထားခြင်း သို့မဟုတ် မမှန်မကန် ဖော်ပြထားခြင်း၊
၇၇။ မှတ်ပုံတင်အရာရှိသည် တီထွင်မှုမူပိုင်ခွင့်ကို ရုပ်သိမ်းပါက ယင်းသို့ရုပ်သိမ်းကြောင်းကို မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ထားပြီး သက်ဆိုင်ရာ တီထွင်မှုမူပိုင်ခွင့်ပိုင်ရှင်ထံ အကြောင်းကြား၍ သတ်မှတ်သည့်နည်းလမ်းနှင့်အညီ အဆိုပါရုပ်သိမ်းခြင်းကို အများပြည်သူ သိရှိစေရန် ထုတ်ပြန်ကြေညာရမည်။
အခန်း (၁၈)
အသေးစားတီထွင်မှု
၇၈။ (က) အသေးစားတီထွင်မှုတစ်ခုသည် အသစ်ဖြစ်ရမည်ဖြစ်ပြီး စက်မှုလက်မှုလုပ်ငန်း များတွင် အသုံးပြုနိုင်ပါက အသေးစားတီထွင်မှုမူပိုင်ခွင့်အဖြစ် မှတ်ပုံတင် လျှောက်ထားနိုင်သည်။
(ခ) အောက်ပါတို့သည် အသေးစားတီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အကာအကွယ် မရရှိစေရ-
(၁) ဆောင်ရွက်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊
(၂) ဓာတု၊ ဆေးဝါး၊ ဇီဝ၊ သတ္တုဆိုင်ရာ အရာဝတ္ထုများ သို့မဟုတ် ဒြပ်ပေါင်း များ သို့မဟုတ် အခြားသောအရာဝတ္ထုများ သို့မဟုတ် ဒြပ်ပေါင်းများ၊
(၃) ဤဥပဒေနှင့်အညီ တီထွင်မှုမူပိုင်ခွင့် အကာအကွယ်ပေးခြင်းမှ တားမြစ် ထားသော အရာများနှင့်
(၄) ပန်းပု၊ ဗိသုကာလက်ရာများ သို့မဟုတ် သဘာဝအတိုင်းတည်ရှိနေသော အလှအပအဆင်တန်ဆာများ။
(ဂ) အသေးစားတီထွင်မှုဆိုင်ရာ ဖော်ပြချက်သည် သက်ဆိုင်ရာနည်းပညာနယ်ပယ်ရှိ သာမန် တတ်ကျွမ်းသူတစ်ဦးမှ အဆိုပါ အသေးစားတီထွင်မှုကို ဆက်လက်ပြုလုပ် နိုင်သည်အထိ ပြည့်စုံရှင်းလင်းစွာ ဖော်ပြရမည်ဖြစ်ပြီး အထူးသဖြင့် အရာဝတ္ထု၏ အသုံးဝင်မှု သို့မဟုတ် လုပ်ဆောင်ချက်များအား မည်သို့မြှင့်တင် ပေးထားသည်ကို ဖော်ပြရမည်။
(ဃ) ဤအခန်းပါ ပြဋ္ဌာန်းချက်များအား မထိခိုက်စေဘဲ တီထွင်မှုမူပိုင်ခွင့်များနှင့် တီထွင်မှုမူပိုင်ခွင့်လျှောက်ထားခြင်းများဆိုင်ရာ ပြဋ္ဌာန်းချက်များကို အသေးစား တီထွင်မှု မူပိုင်ခွင့် ခွင့်ပြုရန် လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်သည်။
၇၉။ အသေးစားတီထွင်မှုမူပိုင်ခွင့်သက်တမ်းသည် အသေးစားတီထွင်မှုမူပိုင်ခွင့် လျှောက်ထား သည့် နေ့ရက်မှ ၁၀ နှစ် ဖြစ်သည်။
၈၀။ စစ်ဆေးရေးအရာရှိသည် အသေးစားတီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်နှင့်စပ်လျဉ်း၍-
(က) ပုဒ်မ ၂ ပုဒ်မခွဲ (စျ) ပါအဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်ကိုက်ညီမှုရှိ မရှိ၊ ပုဒ်မ ၁၆ ၊ ပုဒ်မ ၁၇၊ ပုဒ်မ ၇၈ ပုဒ်မခွဲ(ခ) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ဆေးပြီးနောက် သတ်မှတ်ချက်များနှင့် ညီညွတ်သော လျှောက်ထားချက်များကို မှတ်ပုံတင် အရာရှိထံ မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ တင်ပြရမည်။
(ခ) ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ဆေးပြီးနောက် သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်းမရှိသော လျှောက်ထားချက်ကို လိုအပ်သလို ပြင်ဆင်ဆောင်ရွက်ရန် လျှောက်ထားသူထံ အကြောင်းကြားရမည်။ လျှောက်ထားသူက အကြောင်းကြားစာ လက်ခံရရှိသည့် နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ပြင်ဆင်ဆောင်ရွက်ခြင်း မရှိပါက မှတ်ပုံတင်အရာရှိထံ တင်ပြပြီး အဆိုပါလျှောက်ထားချက်ကို စွန့်လွှတ် သည်ဟု မှတ်ယူ၍ ရုပ်သိမ်းရမည်။
(ဂ) ပုဒ်မခွဲ (ခ) ပါ သတ်မှတ်သည့် အချိန်ကာလအတွင်း လျှောက်ထားချက်တွင် လိုအပ်သည့် ပြင်ဆင်ဖြည့်စွက်ချက်များ လက်ခံရရှိပါက စိစစ်၍ လျှောက်ထား ချက်ကို မှတ်ပုံတင် အရာရှိထံ မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ တင်ပြရမည်။
၈၁။ မှတ်ပုံတင်အရာရှိသည် အသေးစားတီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်တစ်ရပ်နှင့် စပ်လျဉ်း၍ စစ်ဆေးရေးအရာရှိ၏ သဘောထားမှတ်ချက်ကို စိစစ်ပြီး သတ်မှတ်ချက်နှင့် ညီညွတ် သော လျှောက်ထားချက်များကို အများပြည်သူသိရှိနိုင်ရန်နှင့် ကန့်ကွက်လိုပါက ကန့်ကွက်နိုင်ရန် သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။
၈၂။ (က) အသေးစားတီထွင်မှုမူပိုင်ခွင့်နှင့်စပ်လျဉ်း၍ကန့်ကွက်လိုသူသည် ထုတ်ပြန်ကြေညာ သည့်နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း သတ်မှတ်သည့် အခကြေးငွေ ပေးသွင်းပြီး ခိုင်လုံသော သက်သေခံအထောက်အထားများဖြင့် မှတ်ပုံတင်အရာရှိထံ ကန့်ကွက်လွှာ တင်သွင်းနိုင်သည်။
(ခ) မှတ်ပုံတင်အရာရှိသည် ကန့်ကွက်လွှာကို လက်ခံရရှိပါက သတ်မှတ်သည့် အချိန် ကာလအတွင်း ကန့်ကွက်ချက်ကို ခုခံချေပနိုင်ရန် လျှောက်ထားသူထံ အကြောင်း ကြားစာ ပေးပို့ရမည်၊၊
(ဂ) စစ်ဆေးရေးအရာရှိသည် အသေးစားတီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်နှင့် စပ်လျဉ်း၍ ကန့်ကွက်ချက်၊ ခုခံချေပချက်တို့ကို စစ်ဆေးပြီး တွေ့ရှိချက်ကို မိမိ၏ သဘောထားမှတ်ချက် နှင့်အတူ မှတ်ပုံတင်အရာရှိထံ တင်ပြရမည်။
၈၃။ မှတ်ပုံတင်အရာရှိသည် အသေးစားတီထွင်မှုမူပိုင်ခွင့်လျှောက်ထားချက်နှင့်စပ်လျဉ်း၍ -
(က) အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်လွှာတင်သွင်းခြင်း မရှိပါက အဆိုပါ အသေးစားတီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုနိုင်သည်။
(ခ) ကန့်ကွက်လွှာတင်သွင်းလာပါက ကန့်ကွက်ချက်၊ စစ်ဆေးရေးအရာရှိ၏ တွေ့ရှိ ချက်နှင့် သဘောထားမှတ်ချက်တို့ကို စိစစ်ပြီး ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
(ဂ) မှတ်ပုံတင်ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းကို မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ထားပြီး လျှောက်ထားသူထံ အကြောင်းကြားရမည်။ ထို့အပြင် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းကို အများပြည်သူသိရှိစေရန် သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။
(ဃ) အသေးစားတီထွင်မှုမူပိုင်ခွင့်ကို ခွင့်ပြုခဲ့လျှင် လျှောက်ထားသူအား အသေးစား တီထွင်မှုမူပိုင်ခွင့် လက်မှတ်ကို ထုတ်ပေးရမည်။
၈၄။ မှတ်ပုံတင်အရာရှိသည် သက်ဆိုင်ရာပုဂ္ဂိုလ် သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်း၏ လျှောက်ထားချက်အရ အသေးစားတီထွင်မှုမူပိုင်ခွင့်သည် အောက်ပါ အချက် တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်းတွေ့ရှိပါက အဆိုပါ အသေးစားတီထွင်မှုမူပိုင်ခွင့်ကို ရုပ်သိမ်းခြင်း ပြုနိုင်သည် -
(က) ပုဒ်မ ၇၈ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) ပါ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိခြင်း၊
(ခ) အသေးစားတီထွင်မှုမူပိုင်ခွင့်ပိုင်ရှင်သည် အသေးစားတီထွင်မှုမူပိုင်ခွင့်အား ရခွင့် ရှိသူ မဟုတ်ကြောင်း ခိုင်လုံသော သက်သေခံအထောက်အထား ပေါ်ပေါက်ခြင်း။
၈၅။ (က) တီထွင်မှုမူပိုင်ခွင့်လျှောက်ထားသူသည် တီထွင်မှုမူပိုင်ခွင့် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းမပြုမီ မည်သည့်အချိန်တွင်မဆို သတ်မှတ်သည့် အခကြေးငွေ ပေးသွင်းပြီး မူလလျှောက်ထားချက် လျှောက်ထားသည့်နေ့ရက်ကို လျှောက်လွှာ တင်သွင်းသည့် နေ့ရက်အဖြစ် မှတ်ယူပြီး အသေးစားတီထွင်မှုမူပိုင်ခွင့်အဖြစ် ပြောင်းလဲလျှောက်ထားနိုင်သည်။
(ခ) အသေးစားတီထွင်မှုမူပိုင်ခွင့် လျှောက်ထားသူသည် အသေးစားတီထွင်မှုမူပိုင်ခွင့် ကို ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း မပြုမီ မည်သည့်အချိန်တွင်မဆို သတ်မှတ် ထားသော အခကြေးငွေပေးသွင်းပြီး မူလလျှောက်ထားသည့်နေ့ရက်ကို လျှောက်လွှာ တင်သွင်းသည့် နေ့ရက်အဖြစ်မှတ်ယူပြီး တီထွင်မှုမူပိုင်ခွင့်အဖြစ် ပြောင်းလဲ လျှောက်ထားနိုင်သည်။
(ဂ) ပုဒ်မခွဲ(က)အရ လျှောက်ထားချက်ကို တစ်ကြိမ်ထက်ပို၍ ပြောင်းလဲခြင်းမပြုရ။
၈၆။ လျှောက်ထားသူသည် တူညီသော တီထွင်မှုတစ်ခုအတွက် အသေးစားတီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်နှင့် တီထွင်မှုမူပိုင်ခွင့်လျှောက်ထားချက်တို့ကို တစ်ပြိုင်နက်တည်းဖြစ်စေ၊ တစ်ခုပြီးမှ တစ်ခုဖြစ်စေ အပြိုင်လျှောက်ထားခြင်း မပြုရ။
အခန်း(၁၉)
အပြည်ပြည်ဆိုင်ရာ မှတ်ပုံတင်လျှောက်ထားခြင်း
၈၇။ အပြည်ပြည်ဆိုင်ရာ တီထွင်မှုမူပိုင်ခွင့်ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တွင် နိုင်ငံတော်က အဖွဲ့ဝင်အဖြစ် ဝင်ရောက်ပြီးနောက် ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ တီထွင်မှု မူပိုင်ခွင့် လျှောက်ထားလိုသူများသည် အပြည်ပြည်ဆိုင်ရာ မှတ်ပုံတင်စနစ်ကို ကျင့်သုံးလိုပါက သတ်မှတ်ချက်နှင့်အညီ ဦးစီးဌာနသို့ လျှောက်ထားနိုင်သည်။
၈၈။ ဦးစီးဌာနသည် နိုင်ငံတော်အား ဖော်ပြလျှောက်ထားသော အပြည်ပြည်ဆိုင်ရာ လျှောက်ထားချက်တစ်ခုကို တီထွင်မှုမူပိုင်ခွင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်အရ ခွင့်ပြုသော အပြည်ပြည်ဆိုင်ရာ လျှောက်ထားသည့်နေ့ရက်အား နိုင်ငံတော်တွင် လျှောက်ထား သည့်နေ့ရက်အဖြစ် သတ်မှတ်ပြီး ဤဥပဒေအရ လျှောက်ထားသော တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်တစ်ခုအဖြစ် မှတ်ယူရမည်။
၈၉။ ဦးစီးဌာနသည် မြန်မာနိုင်ငံသား သို့မဟုတ် နိုင်ငံတော်တွင် နေထိုင်သူတစ်ဦးက အပြည်ပြည်ဆိုင်ရာ လျှောက်ထားချက်တစ်ခု တင်သွင်းခြင်းနှင့် စပ်လျဉ်း၍ လျှောက်လွှာ လက်ခံသည့် ရုံးအဖြစ် ဆောင်ရွက်ရမည်။
၉၀။ ဦးစီးဌာနသည် ဤဥပဒေအရ တီထွင်မှုမူပိုင်ခွင့်် သို့မဟုတ် အသေးစားတီထွင်မှု အကာအကွယ်ကိုရရှိရန် နိုင်ငံတော်ကို ဖော်ပြလျှောက်ထားလာသော အပြည်ပြည်ဆိုင်ရာ လျှောက်ထားချက်တစ်ခုနှင့် စပ်လျဉ်း၍ တာဝန်ယူဆောင်ရွက်ရန် သတ်မှတ်ထားသည့်ရုံးအဖြစ် ဆောင်ရွက်ရမည်။
အခန်း(၂၀)
အယူခံခြင်း
၉၁။ (က) မှတ်ပုံတင်အရာရှိက ဤဥပဒေအရချမှတ်သော ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို မကျေနပ်သူသည် ယင်းဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာသည့် နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း ညွှန်ကြားရေးမှူးချုပ်ထံ အယူခံဝင်နိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ အယူခံမှုတွင် ညွှန်ကြားရေးမှူးချုပ်သည် မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်း သို့မဟုတ် သက်သေခံအထောက်အထားများ ထပ်မံရယူရန် ညွှန်ကြားခြင်း ပြုနိုင်သည်။
၉၂။ ညွှန်ကြားရေးမှူးချုပ်က ချမှတ်သောဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းဆုံးဖြတ် ချက် အကြောင်းကြားစာကို လက်ခံရရှိသည့်နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း ဤကိစ္စအလို့ငှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စီရင်ပိုင်ခွင့်အာဏာအပ်နှင်းထားသည့် တရားရုံးသို့ အယူခံ လျှောက်ထားနိုင်သည်။
အခန်း(၂၁)
တရားရုံးတည်ထောင်ခြင်း
၉၃။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်-
(က) အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြစ်မှုကြောင်းအရ ဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ တရားစွဲဆိုမှုများကို စစ်ဆေးစီရင်ရန် သင့်လျော်သော နယ်မြေဒေသတွင် တရားရုံးများကို တည်ထောင်၍ တရားသူကြီး များကို ခန့်ထားနိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ ခန့်ထားသည့် တရားသူကြီးများအား အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ဆိုင်ရာ ကိစ္စရပ်များကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များကို အပ်နှင်းနိုင်သည်။
(ဂ) ပုဒ်မခွဲ(က) အရ တရားရုံးများကို တည်ထောင်ခြင်းမပြုမီ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များကို စစ်ဆေးစီရင်ရန် အပ်နှင်းသည့် တရားရုံးအား အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များ ကို အပ်နှင်းနိုင်သည်။
(ဃ) တရားရုံးများက ချမှတ်သောစီရင်ချက်၊ အမိန့်နှင့်ဆုံးဖြတ်ချက်များအပေါ် အယူခံမှု၊ ပြင်ဆင်မှုများအား စီရင်ပိုင်ခွင့်ရှိသည့် တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်။
(င) ညွှန်ကြားရေးမှူးချုပ်က ချမှတ်သော ဆုံးဖြတ်ချက်အပေါ် အယူခံမှုများကို စစ်ဆေးစီရင်ရန် သင့်လျော်သည့် တရားရုံးသို့ စီရင်ပိုင်ခွင့်အာဏာနှင့် လုပ်ပိုင်ခွင့် များ အပ်နှင်းရမည်။
အခန်း (၂၂)
တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးထိပါးချိုးဖောက်ခြင်းနှင့်စပ်လျဉ်း၍တရားရုံး၏
လုပ်ပိုင်ခွင့်များ
၉၄။ (က) နစ်နာသူ မည်သူမဆို ပုဒ်မ ၉၅ နှင့် ပုဒ်မ ၉၆ တို့ပါ ပြဋ္ဌာန်းချက်များအရ ယာယီ အရေးယူ ဆောင်ရွက်ပေးရန် တရားရုံးသို့ လျှောက်ထားနိုင်သည်။
(ခ) နစ်နာသူ မည်သူမဆို တရားမကြောင်းအရ အရေးယူဆောင်ရွက်ပေးရန် တရားရုံး သို့ လျှောက်ထားနိုင်သည်။
၉၅။ (က) တရားရုံးသည် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာအခွင့်အရေး ထိပါးချိုးဖောက်သည်ဟု စွပ်စွဲ ခံရသောကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပုဒ်မ ၉၄ ပုဒ်မခွဲ(က) အရ လျှောက်ထား လာပါက အောက်ပါယာယီအရေးယူဆောင်ရွက်သည့် အမိန့်တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက် ပို၍ဖြစ်စေ ချမှတ်နိုင်သည် -
(၁) တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ထိပါးချိုးဖောက်ခြင်းကို ကာကွယ် တားဆီးရန်နှင့် အကောက်ခွန်ရှင်းလင်းပြီးသည့် သွင်းကုန်ပစ္စည်းများ အပါအဝင် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးထိပါးချိုးဖောက်သည့် ကုန်ပစ္စည်းများ နိုင်ငံတော်၏ ကုန်သွယ်မှုလမ်းကြောင်းသို့ မဝင်ရောက်စေရန် ကာကွယ်တားဆီးရန်အတွက် သင့်သည် ထင်မြင်သည့် အမိန့်၊
(၂) တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာအခွင့်အရေး ထိပါးချိုးဖောက်သည်ဟု စွပ်စွဲခံရ သော သက်သေခံအထောက်အထားများကို မူလအခြေအနေမပျက် ထိန်းသိမ်းထားရန်အတွက် သင့်သည် ထင်မြင်သည့် အမိန့်၊
(ခ) တရားရုံးသည် ယာယီအရေးယူ ဆောင်ရွက်ပေးရန် လျှောက်ထားသူထံမှ အောက်ပါတို့ကို တောင်းဆိုနိုင်သည် -
(၁) လျှောက်ထားသူမှာ အခွင့်အရေးရရှိသူဖြစ်ကြောင်း၊ ယင်း၏အခွင့်အရေးကို ထိပါးချိုးဖောက်နေကြောင်း သို့မဟုတ် ထိပါးချိုးဖောက်ရန် အလားအလာ ရှိကြောင်း ခိုင်လုံသေချာစေရန်အလို့ငှာ သင့်လျော်လုံလောက်သည့် မည်သည့်သက်သေခံ အထောက်အထားများကိုမဆို တင်ပြစေခြင်း၊
(၂) ယာယီအရေးယူဆောင်ရွက်မှုကို အလွဲသုံးစားပြုခြင်းမှ ကာကွယ်တားဆီး ရန်အတွက်လုံလောက်သည့် အာမခံတင်သွင်းစေခြင်း၊
(ဂ) တရားရုံးက ထုတ်ပြန်ထားသော အမိန့်အရ ယာယီအရေးယူဆောင်ရွက်မှုများကို ဆောင်ရွက်ရာတွင် တရားရုံးသည် ထိပါးချိုးဖောက်သည်ဟု စွပ်စွဲခံရသော ကုန်ပစ္စည်းများကို ခွဲခြားသတ်မှတ်နိုင်ရန် နောက်ထပ်လိုအပ်သော မည်သည့် သတင်းအချက်အလက် ကိုမဆို တင်သွင်းရန် လျှောက်ထားသူကို ထပ်မံ ညွှန်ကြား နိုင်သည်။
(ဃ) တရားရုံးသည် လျှောက်ထားတောင်းဆိုခဲ့သည့် ယာယီအရေးယူဆောင်ရွက်ချက် များကို စတင်ဆောင်ရွက်ခဲ့သည့်နေ့မှစ၍ ထိခိုက်နစ်နာမှုအပေါ် အမှုကို အပြီးအပြတ် ဆုံးဖြတ်နိုင်ရန်အတွက် တရားမကြောင်းအရ တရားစွဲဆိုခြင်းကို တရားရုံးက သတ်မှတ်ထားသည့် သင့်လျော်သောကာလအတွင်း သို့မဟုတ် ယင်းကဲ့သို့ သတ်မှတ်ထားခြင်း မရှိခဲ့လျှင် ယာယီအရေးယူဆောင်ရွက်ရန် အမိန့်ချမှတ်သည့် နေ့မှ ရုံးဖွင့်ရက် ရက်ပေါင်း ၂၀ ရက် သို့မဟုတ် ပြက္ခဒိန်ရက် ရက်ပေါင်း ၃၁ ရက်တို့အနက် ပိုမိုကြာမြင့်သည့် အချိန်ကာလထက် မပိုသော အချိန်အတွင်း တရားစွဲဆိုမှုကို စတင်ဆောင်ရွက်ခဲ့ခြင်း မရှိလျှင် ပုဒ်မ ၉၆ ပုဒ်မခွဲ (ခ) ကို မထိခိုက်စေဘဲ ပုဒ်မခွဲ (က) နှင့် ပုဒ်မ ၉၆ ပုဒ်မခွဲ (က) တို့အရ ချမှတ်ထားသော ယာယီအရေးယူ ဆောင်ရွက်ချက်များကို လျှောက်ထားခံရသူ၏ တောင်းဆိုချက် အရ ရုပ်သိမ်းရမည် သို့မဟုတ် အကျိုးသက်ရောက်မှုကို ရပ်စဲရမည်။
(င) တရားရုံးသည် ယာယီအရေးယူ ဆောင်ရွက်ချက်များကို ရုပ်သိမ်းလျှင်ဖြစ်စေ၊ လျှောက်ထားသူ၏ ပျက်ကွက်မှု သို့မဟုတ် ပြုလုပ်မှုတစ်ရပ်ရပ်ကြောင့် ရပ်စဲလျှင် ဖြစ်စေ၊ တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ထိပါးချိုးဖောက်ခြင်းမရှိကြောင်း သို့မဟုတ် ထိပါးချိုးဖောက်ရန် အလားအလာမရှိကြောင်း တွေ့ရှိလျှင်ဖြစ်စေ လျှောက်ထားခံရသူ၏ တောင်းဆိုချက်အရ အဆိုပါအရေးယူ ဆောင်ရွက်ချက်များ ကြောင့်ပေါ်ပေါက်သော ထိခိုက်နစ်နာမှုများအတွက် သင့်လျော်မျှတသော လျော်ကြေးကို လျှောက်ထားသူက လျှောက်ထားခံရသူသို့ပေးစေရန် အမိန့်ချမှတ်နိုင်သည်။
၉၆။ (က) တရားရုံးသည် အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် တစ်ဖက်သတ်ယာယီ အရေးယူ ဆောင်ရွက်သည့် အမိန့်များကိုချမှတ်နိုင်သည် -
(၁) အခွင့်အရေးရရှိသူကို ကုစား၍မရနိုင်သော ထိခိုက်နစ်နာမှုကိုဖြစ်စေ တန်ရာသည့် နှောင့်နှေးကြန့်ကြာမှု တစ်စုံတစ်ရာရှိခြင်း၊
(၂) သက်သေခံအထောက်အထားများကို ဖျက်ဆီးခံရမည့် အန္တရာယ်ကျရောက် မည်ဟု စိုးရိမ်ဖွယ်ရာရှိခြင်း။
(ခ) တရားရုံးသည် တစ်ဖက်သတ်ယာယီအရေးယူဆောင်ရွက်ရာတွင်-
(၁) ဆောင်ရွက်ပြီးလျှင်ပြီးချင်း နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ယာယီအရေးယူ ဆောင်ရွက်သည့်အမိန့်ကို လျှောက်ထားခံရသူထံ အသိပေးအကြောင်းကြား ရမည်။
(၂) တရားရုံးက သတ်မှတ်သည့် သင့်လျော်သော ကာလအတွင်း သို့မဟုတ် ယင်းကဲ့သို့ သတ်မှတ်ချက် မရှိခဲ့လျှင် အကြောင်းကြားစာ ထုတ်ပြန်သည့် နေ့မှ ရုံးဖွင့်ရက် ရက်ပေါင်း ၂၀ ရက်အတွင်း အကြောင်းကြားခံရသူက လိုက်နာခြင်းမရှိလျှင် ယင်းအရေးယူဆောင်ရွက်ချက်များကို ပြီးမြောက် အောင် ဆောင်ရွက်ရမည်။
(၃) ယင်းအရေးယူဆောင်ရွက်ချက်များအပေါ် ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် အတည်ပြုခြင်းတို့ကို ဆုံးဖြတ်ပေးရန် လျှောက်ထားခံရသူများ ၏ တောင်းဆိုချက်အရ နှစ်ဖက်ကြားနာ၍ ပြန်လည်စစ်ဆေးခြင်း တစ်ရပ် ကို သင့်လျော်သည့် ကာလအတွင်း ဆောင်ရွက်ရမည်။
၉၇။ တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာအခွင့်အရေး ထိပါးချိုးဖောက်ခြင်းနှင့် စပ်လျဉ်း၍ တရားမ ဆိုင်ရာ ဥပဒေများနှင့် တရားမကျင့်ထုံးဥပဒေတို့ကို မထိခိုက်စေဘဲ တရားရုံးသည် အောက်ပါ အမိန့် တစ်ရပ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည် -
(က) အကောက်ခွန်ရှင်းလင်းပြီး တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးထိပါးချိုးဖောက် ထားသည့်တင်သွင်းလာသော ကုန်ပစ္စည်းများ နိုင်ငံတော်၏ ကုန်သွယ်မှု လမ်းကြောင်းသို့ မဝင်ရောက်စေရန် ကာကွယ်တားဆီးခြင်းအပါအဝင် တီထွင်မှု မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ထိပါးချိုးဖောက်မှုကို ရပ်ဆိုင်းရန်အတွက် သင့်သည် ထင်မြင်သည့် အမိန့်၊
(ခ) တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ထိပါးချိုးဖောက်ခြင်းကြောင့် အခွင့်အရေး ရရှိသူ၏ ထိခိုက်နစ်နာမှုများအတွက် ပေးလျော်ရန် ထိပါးချိုးဖောက်သူမှ အခွင့် အရေးရရှိသူထံ လုံလောက်သောနစ်နာကြေး ပေးဆောင်ရန်အတွက် ချမှတ်သည့် အမိန့် သို့မဟုတ် သင့်လျော်သော ကိစ္စရပ်များတွင် အခွင့်အရေးရရှိသူမှ ကြိုတင် သတ်မှတ် တောင်းဆိုထားသော နစ်နာကြေးကိုဖြစ်စေ၊ ချိုးဖောက်သူက ရယူခံစား ခဲ့သော အကျိုးအမြတ်ကို ဖြစ်စေ၊ နှစ်ရပ်စလုံးကိုဖြစ်စေ ပြန်လည် ပေးစေရန် အမိန့်၊
(ဂ) အခွင့်အရေးရရှိသူ၏ တရားစရိတ်နှင့် ရှေ့နေစရိတ်တို့အပါအဝင် သင့်လျော်သော ကုန်ကျစရိတ်များကို ပေးဆောင်စေရန်အမိန့်။
၉၈။ (က) တရားရုံးသည် အခွင့်အရေးရရှိသူ၏ လျှောက်ထားချက်အပေါ် တရားမလုပ်ထုံး လုပ်နည်းများနှင့်အညီ ထိပါးချိုးဖောက်မှုအတွက် အပြီးသတ် ဆုံးဖြတ်ချက်အမိန့် ချမှတ်ရာ၌ သက်သေခံပစ္စည်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်းချမှတ်နိုင်သည်-
(၁) ထိပါးချိုးဖောက်ကြောင်း တွေ့ရှိသည့် ကုန်ပစ္စည်းများကို ဖျက်ဆီးခြင်း သို့မဟုတ် ကုန်သွယ်မှုလမ်းကြောင်းသို့ မဝင်ရောက်စေရန် တားမြစ်စေခြင်းနှင့်
(၂) ထပ်မံထိပါးချိုးဖောက်မှုကို လျော့နည်းစေရေးအတွက် လျော်ကြေး တစ်စုံ တစ်ရာ ပေးဆောင်ခြင်းမရှိဘဲ ထိပါးချိုးဖောက်သော ကုန်ပစ္စည်းများကို ဖန်တီးရာတွင် အဓိကအသုံးပြုသော ပစ္စည်းများ သို့မဟုတ် ကိရိယာ တန်ဆာပလာများကို ကုန်သွယ်မှု လမ်းကြောင်းသို့ မဝင်ရောက်စေရန် အပြီး အပြတ် ဖယ်ရှားခြင်း။
(ခ) တရားရုံးသည် ပုဒ်မခွဲ (က) အရ မိမိဆင်ခြင်တုံတရားကို ကျင့်သုံးဆောင်ရွက်ရာ တွင် အောက်ပါအချက်များကို ထည့်သွင်း စဉ်းစားရမည်-
(၁) တားမြစ်မိန့်ချမှတ်ခြင်းကြောင့် ရရှိမည့် အကျိုးသက်ရောက်မှု၊
(၂) ဖျက်ဆီးမှုဆောင်ရွက်ခြင်းဖြင့် ထိပါးချိုးဖောက်မှု အတိုင်းအတာနှင့် အချိုးကျ ကိုက်ညီမှု၊
(၃) ဖျက်ဆီးပုံ၊ ဖျက်ဆီးနည်းသည် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုး သက်ရောက်မှုနှင့်၊
(၄) အခြားပုဂ္ဂိုလ်များ၏ တရားဝင်အကျိုးစီးပွားထိခိုက်မှု။
၉၉။ တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ထိပါးချိုးဖောက်ခံရသည်ဟု မရိုးမဖြောင့်သော သဘောဖြင့် မမှန်မကန်တိုင်ကြားကြောင်း ပေါ်ပေါက်လျှင် ယင်းသို့တိုင်ကြားခြင်းကြောင့် မှားယွင်းစွာ ဟန့်တားခံရသည့် တရားပြိုင်အား လျှောက်ထားသူက လျော်ကြေးပေးဆောင်ရမည့် အပြင် တရားပြိုင်၏ ကျသင့်သော ရှေ့နေစရိတ်အပါအဝင် တရားစရိတ်နှင့် အခြား ကုန်ကျစရိတ် များကို လျှောက်ထားသူက ပေးဆောင်စေရန် အမိန့်ချမှတ်နိုင်သည်။
၁၀၀။ (က) တရားရုံးသည် တီထွင်မှုမူပိုင်ခွင့်ရရှိသူ၏ အခွင့်အရေးများကို ထိပါးချိုးဖောက် ခြင်းနှင့် စပ်လျဉ်း၍ တရားမကြောင်းဖြင့် တရားစွဲဆိုရာတွင် တီထွင်မှုမူပိုင်ခွင့်ပါ အကြောင်းအရာသည် ထုတ်ကုန်ပစ္စည်းတစ်ခုကိုရရှိနိုင်သည့် ထုတ်လုပ်မှုနည်းစဉ် တစ်ရပ်ဖြစ်ပါက ထပ်တူညီသော ထုတ်ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်ရာ၌ အသုံးပြုသော ထုတ်လုပ်မှုနည်းစဉ်သည် တီထွင်မှုမူပိုင်ခွင့် ရရှိထားသော ထုတ်လုပ်မှုနည်းစဉ်နှင့် ကွဲပြားခြားနားကြောင်း သက်သေပြရန် တရားပြိုင်အား အမိန့်ချမှတ်နိုင်သည်။
(ခ) တီထွင်မှုမူပိုင်ခွင့်ရရှိထားသောနည်းစဉ်ဖြင့် ထုတ်လုပ်ထားသော ထုတ်ကုန်သည် အသစ်ဖြစ်လျှင် တီထွင်မှုမူပိုင်ခွင့်ရရှိသူ၏ ခွင့်ပြုချက်မရရှိဘဲ ထုတ်လုပ်ထား သည့် တူညီသော မည်သည့်ထုတ်ကုန်ပစ္စည်းကိုမဆို ဆန့်ကျင်ကွဲလွဲသည့် သက်သေမပြနိုင်လျှင် တီထွင်မှုမူပိုင်ခွင့်ရရှိထားသောနည်းစဉ်ဖြင့် ထုတ်လုပ်ထား သည်ဟု မှတ်ယူရမည်။
(ဂ) တရားရုံးသည် ယင်း၏ရှေ့မှောက်၌ စွဲဆိုလာသော တရားစွဲဆိုမှုများအတွက် ပုဒ်မခွဲ (က) အရ သက်သေခံအထောက်အထားတင်ပြရန် တောင်းခံရာတွင် ချိုးဖောက်ကျူးလွန်သည်ဟုစွပ်စွဲခံရသည့် တရားပြိုင်က ယင်း၏ ထုတ်လုပ်မှု နည်းစဉ်များနှင့် စီးပွားရေး ဆိုင်ရာလျှို့ဝှက်ချက်များကို ထုတ်ဖော်ပြသခြင်း မရှိခဲ့လျှင် ထိုသူ၏ တရားဝင် အကျိုး စီးပွားများကို ထည့်သွင်းစဉ်းစားရမည်။
၁၀၁။ (က) တရားရုံးသည် အောက်ပါအခြေအနေများတွင် တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်များ ကို မထိခိုက်စေဘဲ သင့်လျော်သော ကိစ္စရပ်များတွင် လျှို့ဝှက်သတင်းအချက် အလက်များကို အကာအကွယ်ပေးလျက် သက်သေခံအထောက်အထားများကို တစ်ဖက်အမှုသည်က တင်ပြရန် အမိန့်ချမှတ်နိုင်သည် -
(၁) အခွင့်အရေးရရှိသူက ယင်း၏ တောင်းဆိုချက်များကို လုံလောက်စွာ အထောက် အကူပြုနိုင်မည့် ခိုင်လုံသည့် သက်သေခံ အထောက်အထား များကို တင်ပြထားသောအခါ၊
(၂) ယင်းတောင်းဆိုချက်များနှင့်စပ်ဆိုင်သည့် ခိုင်လုံသော သက်သေခံအထောက် အထားများသည် တစ်ဖက်အမှုသည်၏ လက်ဝယ်တွင်ရှိကြောင်း တိကျစွာ ဖော်ပြထားသောအခါ။
(ခ) ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ မိမိအလိုအလျောက် ထိပါးချိုးဖောက်မှုတွင် တရားရုံးသည် အောက်ပါအခြေအနေတစ်ရပ်ရပ်၌ ထိခိုက်နစ်နာသူနှင့် ထိပါး ချိုးဖောက်သူတို့၏ စွပ်စွဲချက်များ သို့မဟုတ် သက်သေခံ အထောက်အထားများ အရ ကြားနာခွင့်ပေးပြီး ယင်းတို့၏အပြန်အလှန်စွပ်စွဲငြင်းဆိုသည့် အချက်များ အပါအဝင် သတင်းအချက်အလက်များအပေါ်အခြေခံ၍ အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်း စသည့်ပဏာမနှင့် အပြီးသတ်ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သည် -
(၁) လိုအပ်သည့် သတင်းအချက်အလက်များကို ရယူရာတွင် ငြင်းဆိုလျှင်၊
(၂) သင့်လျော်သောကာလအတွင်း လိုအပ်သော သတင်းအချက်အလက်များကို မပေးပို့နိုင်လျှင်၊
(၃) အရေးယူဆောင်ရွက်မှုနှင့်စပ်လျဉ်းသော လုပ်ထုံးလုပ်နည်းများကို သိသာစွာ ဟန့်တားလျှင်၊
၁၀၂။ တရားရုံးသည် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးနှင့်စပ်လျဉ်း၍ ထိပါးချိုးဖောက် သောကုန်ပစ္စည်းများကို ဖြန့်ဖြူးခြင်း သို့မဟုတ် ထုတ်လုပ်ခြင်းတွင် ပါဝင်ပတ်သက်သော အခြားသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောကြားစေရန် ထိပါးချိုးဖောက်သူ အပေါ် အမိန့်ချမှတ်နိုင်သည်။
၁၀၃။ တရားရုံးသည် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ထိပါးချိုးဖောက်ခြင်းအတွက် အရေးယူ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အမိန့်ချမှတ်ရန် ဤဥပဒေတွင် အတိအလင်း ပြဋ္ဌာန်း ထားခြင်းမရှိလျှင် တရားမကျင့်ထုံးဥပဒေတို့ပါပြဋ္ဌာန်းချက်များကို ကျင့်သုံးဆောင်ရွက်နိုင်သည်။
အခန်း(၂၃)
ပြစ်ဒဏ်များ
၁၀၄။ မည်သူမဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၂၀ သိန်း ထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည် -
(က) တီထွင်မှုမူပိုင်ခွင့်လက်မှတ်ကို မမှန်မကန်ထုတ်ပေးခြင်း သို့မဟုတ် ထုတ်ပေး စေခြင်း၊
(ခ) မှတ်ပုံတင်စာရင်းတွင် မရိုးမဖြောင့်သောသဘောဖြင့် မမှန်မကန်ရေးသွင်းခြင်း သို့မဟုတ် ရေးသွင်းစေခြင်း၊
(ဂ) တီထွင်မှုမူပိုင်ခွင့်လျှောက်ထားချက်နှင့်အတူ တီထွင်မှုဆိုင်ရာ အသေးစိတ်အချက် အလက်များနှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို ထုတ်ပြန်ကြေညာခြင်း မပြုမီ သတ်မှတ်သည့် ကာလအတွင်း၌ မသက်ဆိုင်သူအား ခွင့်ပြုချက်မရှိဘဲ ပေးအပ်ခြင်း၊ အများပြည်သူသို့ ထုတ်ဖော်အသိပေးခြင်း သို့မဟုတ် အသုံးပြုခွင့် ပေးခြင်း၊
(ဃ) တီထွင်မှုဆိုင်ရာအသေးစိတ်အချက်အလက်များကို သက်ဆိုင်မှုမရှိသူအား ခွင့်ပြု ချက် မရှိဘဲ ပေးအပ်ခြင်း၊ အများပြည်သူသို့ ထုတ်ဖော်အသိပေးခြင်း သို့မဟုတ် အသုံးပြုခွင့် ပေးခြင်း။
၁၀၅။ မည်သူမဆို ထုတ်ကုန်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ တီထွင်မှုမူပိုင်ခွင့်လျှောက်ထားချက် တင်သွင်းထားခြင်း မရှိဘဲဖြစ်စေ၊ တင်သွင်းထားခဲ့သည့် လျှောက်ထားချက်ကို ငြင်းပယ်ခံထား ရလျက်ဖြစ်စေ တီထွင်မှုမူပိုင်ခွင့်လျှောက်ထားချက်ကို တင်သွင်းထားသည်ဟုလည်းကောင်း၊ တီထွင်မှုမူပိုင်ခွင့်ရရှိခြင်း မရှိဘဲ တီထွင်မှုမူပိုင်ခွင့်ရရှိပြီးဖြစ်သည်ဟုလည်းကောင်းတစ်နည်းနည်း ဖြင့် မမှန်မကန်ဖော်ပြကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ခြောက်လထက် မပို သော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၂၀ သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၁၀၆။ မည်သူမဆို တရားရုံးက ပုဒ်မ ၁၀၂ အရ ချမှတ်သော အမိန့်ကို လိုက်နာရန် ပျက်ကွက် လျှင် ထိုသူအား ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၅ သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည်။
အခန်း (၂၄)
အထွေထွေ
၁၀၇။ အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ဤဥပဒေပါ တီထွင်မှု မူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် ပြစ်မှုတစ်ရပ်ရပ်ကို ဤဥပဒေဖြင့်သာ အရေးယူရမည်။
၁၀၈။ မှတ်ပုံတင်အရာရှိသည် ဤဥပဒေအရ ယင်းကိုအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဆင်ခြင်တုံတရားဖြင့်ဆုံးဖြတ်ရာတွင် တစ်စုံတစ်ဦးအား ထိခိုက်နစ်နာစေမည်ဆိုပါက ထိုသူကို တင်ပြကြားနာခွင့်ပေးရမည်။
၁၀၉။ မှတ်ပုံတင်အရာရှိက မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပြီး တံဆိပ်ခတ်နှိပ်ထားသော တီထွင်မှုမူပိုင်ခွင့်လက်မှတ်မိတ္တူနှင့် အထောက်အထားစာရွက်စာတမ်းများကို သက်ဆိုင်ရာ တရားရုံးတွင် သက်သေခံအဖြစ် တင်ပြခွင့်ရှိသည်။
၁၁၀။ ဤဥပဒေအရ တရားစွဲဆိုတင်ပို့သော တရားမမှုများတွင် သက်သေခံပစ္စည်းသည် တရားရုံး ရှေ့တင်ပို့ရန် မလွယ်ကူပါက ယင်းသက်သေခံပစ္စည်းကို တရားရုံးရှေ့သို့ တင်ပို့ရန် မလိုဘဲ မည်ကဲ့သို့ ထိန်းသိမ်းထားကြောင်း အစီရင်ခံစာ သို့မဟုတ် သက်ဆိုင်ရာ အခြား သက်သေခံစာရွက်စာတမ်း အထောက်အထားများကို တင်ပြနိုင်သည်။ ယင်းသို့ တင်ပြခြင်းကို တရားရုံးရှေ့တွင် သက်သေခံပစ္စည်း တင်ပြဘိသကဲ့သို့ မှတ်ယူ၍ သက်ဆိုင်ရာ တရားရုံးက ဤဥပဒေနှင့်အညီ အဆိုပါ ပစ္စည်းကို စီမံခန့်ခွဲရန် အမိန့်ချမှတ်နိုင်သည်။
၁၁၁။ လျှောက်ထားသူ အမြဲတမ်းနေထိုင်သည့်နေရာ သို့မဟုတ် လုပ်ငန်းတည်ရှိရာ ပင်မနေရာ သည် နိုင်ငံတော်၏ နယ်နိမိတ်ပြင်ပတွင်ဖြစ်ပါက ဦးစီးဌာနက သတ်မှတ်သည့် နည်းလမ်းနှင့် အညီ မှတ်ပုံတင်ထားသောတီထွင်မှုမူပိုင်ခွင့် အကျိုးဆောင်ကိုယ်စားလှယ်ရှေ့နေမှ တစ်ဆင့် ဤဥပဒေပါပြဋ္ဌာန်းချက်များ အတိုင်း တီထွင်မှုမူပိုင်ခွင့် လျှောက်ထားနိုင်သည်။
၁၁၂။ တီထွင်ထားသည့် ထုတ်ကုန်နှင့် ထုတ်လုပ်မှုနည်းစဉ်တို့သည် ဒြပ်ရှိသည်ဖြစ်စေ၊ မရှိသည်
ဖြစ်စေ၊ ထိတွေ့၍ရနိုင်သည်ဖြစ်စေ၊ မရနိုင်သည်ဖြစ်စေ မည်သည့်ပုံစံဖြင့်မဆို ရှိစေကာမူ ရွှေ့ပြောင်းနိုင်သော ပစ္စည်းအဖြစ် မှတ်ယူရမည်။
၁၁၃။ ဤဥပဒေပါတီထွင်မှုမူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးကို ထိပါးချိုးဖောက်မှုများသည် အစိုးရ ဌာနနှင့် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ရပ်ရပ်က စီးပွားရေးအလို့ငှာမဟုတ်ဘဲ နိုင်ငံတော်၏ အရေးပေါ်အခြေအနေနှင့် အများပြည်သူဘေးအန္တရာယ်ကိစ္စများတွင် တီထွင်မှု မူပိုင်ခွင့် ရရှိထားသော ကုန်ပစ္စည်းတစ်ခုခုကို အများပြည်သူအကျိုးငှာ အသုံးပြုခြင်းနှင့် သက်ဆိုင်ခြင်း မရှိစေရ။
၁၁၄။ တီထွင်မှုမူပိုင်ခွင့်အငြင်းပွားသူပုဂ္ဂိုလ်များအကြား ပေါ်ပေါက်လာသည့် အငြင်းပွားမှုများကို နှစ်ဦး နှစ်ဖက် ချစ်ကြည်စွာ ညှိနှိုင်းဖြေရှင်းခြင်းဖြင့်ဖြစ်စေ၊ အနုညာတစီရင်ဆုံးဖြတ်ခြင်းဖြင့်ဖြစ်စေ၊ တရားစွဲဆိုခြင်းဖြင့်ဖြစ်စေ ဖြေရှင်းနိုင်သည်။
၁၁၅။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် -
(က) ပြည်ထောင်စုတရား လွှတ်တော်ချုပ်သည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များကို ထုတ်ပြန်နိုင်သည်။
(ခ) ဝန်ကြီးဌာနသည်-
(၁) နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(၂) အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
(ဂ) ဦးစီးဌာနသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များကို ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
-------------------------------------------
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။
(ပုံ)
ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်