Share this

သွင်းကုန်ပမာဏမြင့်တက်ခြင်းမှကာကွယ်ပေးမှုဥပဒေ

Saturday, January 28, 2017 - 13:54
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးစတုတ္ထပုံမှန်အစည်းအဝေး

 

သွင်းကုန်ပမာဏမြင့်တက်ခြင်းမှကာကွယ်ပေးမှုဥပဒေ

 (၂ဝ၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် -- ။ )

၁၃၇၈ ခုနှစ်၊ ------------------ ရက်

(၂ဝ၁၆ ခုနှစ်၊ --------လ ------ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်များ

၁။      (က)    ဤဥပဒေကို သွင်းကုန်ပမာဏမြင့်တက်ခြင်းမှကာကွယ်ပေးမှုဥပဒေ ဟု ခေါ်တွင်စေ ရမည်။

(ခ)     ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့မှ စတင်၍ အာဏာတည်စေရမည်။

၂။      ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက် ရောက်စေရမည်-

(က)    ကာကွယ်ပေးမှုအစီအမံ ဆိုသည်မှာ မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းလာသည့် ကုန်စည်ပမာဏမြင့်တက်မှုကြောင့် ယင်းကုန်စည်နှင့် အလားတူကုန်စည် သို့မဟုတ် တိုက်ရိုက်ယှဉ်ပြိုင်နိုင်သည့် ပြည်တွင်းကုန်စည်ကိုထုတ်လုပ်သူ၏ လုပ်ငန်းများ အပေါ် ပြင်းထန်သော ထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ဖြစ်စေရန် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာပါက ကာကွယ်ပေးရန်နှင့် ကုစားမှုပေးရန် ကျင့်သုံးမည့်အစီအမံကို ဆိုသည်။ ယင်းအစီအမံများမှာ ယာယီကာကွယ်ပေးမှု အကောက်ခွန်စည်းကြပ်ခြင်း၊ ကာကွယ်ပေးမှု အကောက်ခွန်စည်းကြပ်ခြင်း သို့မဟုတ် သွင်းကုန်ပမာဏ ကန့်သတ် ခြင်းတို့ကို ဆိုသည်။

(ခ)     သွင်းကုန်ပမာဏမြင့်တက်ခြင်း ဆိုသည်မှာ မြန်မာနိုင်ငံအတွင်းသို့ တင်သွင်း လာသည့် ကုန်ပစ္စည်းတစ်မျိုးမျိုး၏ သွင်းကုန်ပမာဏသည် ယင်းကုန်စည်နှင့် အလားတူကုန်စည် သို့မဟုတ် တိုက်ရိုက်ယှဉ်ပြိုင်နိုင်သည့်ကုန်စည်ကို ထုတ်လုပ် သော ပြည်တွင်းထုတ်လုပ်မှု ပမာဏထက် သိသာထင်ရှားစွာ မြင့်တက်လာသည့် ပမာဏကိုလည်းကောင်း၊ ပြည်တွင်းထုတ်လုပ်မှုနှင့် နှိုင်းယှဉ်ခြင်းအားဖြင့် မြင့်တက် လာသည့်ပမာဏကိုလည်းကောင်း ဆိုသည်။

(ဂ)    ပြည်တွင်းကုန်စည်ထုတ်လုပ်သူ ဆိုသည်မှာ အောက်ဖော်ပြပါထုတ်လုပ်သူ သို့မဟုတ် အဖွဲ့အစည်းကို ဆိုလိုသည်-

(၁)     မြန်မာနိုင်ငံအတွင်း အလားတူကုန်စည်ထုတ်လုပ်သူ သို့မဟုတ် တိုက်ရိုက် ယှဉ်ပြိုင်နိုင်သော ကုန်စည်ထုတ်လုပ်သူ၊

(၂)      ပြည်ပမှ ကုန်ကြမ်းပစ္စည်းများနှင့်  ပေါင်းစပ်ထုတ်လုပ်သည့်ကုန်စည်တွင် ပြည်တွင်းအချိုးအစား များပြားစွာ ပါဝင်သည့် အလားတူကုန်စည် သို့မဟုတ် တိုက်ရိုက်ယှဉ်ပြိုင်နိုင်သော ကုန်စည်ကိုထုတ်လုပ်သူ။

 (ဃ)   ပြင်းထန်သောထိခိုက်နစ်နာမှု ဆိုသည်မှာ ပြည်တွင်းကုန်စည်ထုတ်လုပ်သူများ၏ လုပ်ငန်း ဆိုင်ရာရပ်တည်မှုကို အဘက်ဘက်မှ သိသာထင်ရှားစွာ ထိခိုက်နစ်နာ စေသော အခြေအနေကို ဆိုသည်။

(င)    “ပြင်းထန်သောထိခိုက်နစ်နာမှုဖြစ်စေရန်ခြိမ်းခြောက်မှု” ဆိုသည်မှာ ပြည်တွင်း ကုန်စည်ထုတ်လုပ်သူ၏လုပ်ငန်းဆိုင်ရာ ရပ်တည်မှုကို ပြင်းထန်သော ထိခိုက်နစ်နာ စေရန် ခြိမ်းခြောက်လာသောသိသာသည့်အခြေအနေကို ဆိုသည်။

 (စ)    အလားတူကုန်စည်ဆိုသည်မှာ ပြည်တွင်း၌ ထုတ်လုပ်သောကုန်စည်သည် စစ်ဆေး ခြင်းခံရသည့် ကုန်စည်နှင့်သွင်ပြင်လက္ခဏာအားလုံး ထပ်တူကျနေခြင်း သို့မဟုတ် ယင်းသို့ ထပ်တူကျခြင်းမရှိသော်လည်း နီးစပ်စွာတူညီသည့် ကုန်စည်ကို ဆိုသည်။

 (ဆ)  တိုက်ရိုက်ယှဉ်ပြိုင်နိုင်သည့်ကုန်စည် ဆိုသည်မှာ ပြည်တွင်းမှထုတ်လုပ်သော ကုန်စည်သည် စစ်ဆေးခြင်းခံရသည့်ကုန်စည်နှင့် ဓာတုဗေဒနည်းလမ်းများအရ ပေါင်းစပ်ဖွဲ့စည်းမှု၊ အခြားလက္ခဏာရပ်များဖြစ်သော ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ ကွဲပြားခြား နားမှုများရှိသော်လည်း အသုံးပြုသည့် ရည်ရွယ် ချက်အရသော်လည်းကောင်း၊ စျေးကွက်အတွင်း စီးပွားဖြစ်ယှဉ်ပြိုင်မှုအရ သော် လည်းကောင်း တစ်ခုနှင့်တစ်ခုအစားထိုး၍ တိုက်ရိုက် ယှဉ်ပြိုင်အသုံးပြုနိုင်သော  ကုန်စည်ကို ဆိုသည်။

(ဇ)     စစ်ဆေးခြင်းခံရသည့်ကုန်စည် ဆိုသည်မှာ ဤဥပဒေအရ စုံးစမ်းစစ်ဆေးခြင်းခံ ရသော ပြည်ပမှ တင်သွင်းလာသည့် ကုန်စည်ကို ဆိုသည်။

(ဈ)     အကျုံးဝင်ဆက်နွယ်သူများ ဆိုသည်မှာ စစ်ဆေးခြင်းခံရသည့်ကုန်စည်၊ အလား တူကုန်စည်၊ ယင်းကုန်စည်နှင့် တိုက်ရိုက်ယှဉ်ပြိုင်နိုင်သည့် ကုန်စည်များကို ထုတ်လုပ်သူ၊ ယင်းလုပ်ငန်းရှိ အလုပ်သမားများ၏အကျိုးကို ကိုယ်စားပြုသည့် အဖွဲ့အစည်း၊ ရောင်းဝယ်သူ၊ တင်သွင်းသူ၊ ကုန်သည်အသင်းအဖွဲ့နှင့် စစ်ဆေးခြင်း ခံရသည့်ကုန်စည်ကို ပြည်ပ၌ ထုတ်လုပ်သူ၊ တင်ပို့သူ၊  တင်ပို့သူနှင့်ဆိုင်သော အဖွဲ့ အစည်းများနှင့်  ၎င်းနိုင်ငံ၏အစိုးရအဖွဲ့ကို ဆိုသည်။

(ည)    ယာယီကာကွယ်ပေးမှုအကောက်ခွန် ဆိုသည်မှာ ဤဥပဒေအရ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်စဉ်ကာလအတွင်းပြည်တွင်းကုန်စည်ထုတ်လုပ်သူများအပေါ် ပြင်းထန် သော ထိခိုက်နစ်နာမှုကို လည်းကောင်း၊ ယင်းသို့ဖြစ်စေရန် ခြိမ်းခြောက်မှုကို လည်းကောင်း ကာကွယ်မှုပေးနိုင်ရန်အတွက် အကောက်ခွန်ဥပဒေအရ ကောက်ခံ သည့် အကောက်ခွန်အပြင် ထပ်တိုးစည်းကြပ်သည့် ယာယီအကောက်ခွန်ကို ဆိုသည်။   

(ဋ)     ကာကွယ်ပေးမှုအကောက်ခွန် ဆိုသည်မှာ စုံစမ်းစစ်ဆေးမှု အပြီးသတ် တွေ့ရှိ ဆုံးဖြတ်ချက်အရ သွင်းကုန်ပမာဏမြင့်တက်မှုကြောင့် ဖြစ်ပေါ်သော ပြည်တွင်း ကုန်စည် ထုတ်လုပ်သူများအပေါ် ပြင်းထန်သောထိခိုက်နစ်နာမှု ကိုလည်းကောင်း၊ ယင်းသို့ဖြစ်စေရန် ခြိမ်းခြောက်မှု ကိုလည်းကောင်း ကာကွယ်မှုပေးနိုင်ရန်အတွက် အချိန်ကာလတစ်ခုအထိ စည်းကြပ်ကောက်ခံခြင်းဖြစ်ပြီး အကောက်ခွန်ဥပဒေအရ ကောက်ခံသည့် အကောက်ခွန်အပြင် ထပ်တိုးစည်းကြပ်သည့် အကောက်ခွန်ကို ဆိုသည်။

(ဌ)     သွင်းကုန်ပမာဏကန့်သတ်ခြင်း ဆိုသည်မှာ စုံစမ်းစစ်ဆေးမှု အပြီးသတ်တွေ့ရှိ ဆုံးဖြတ်ချက်အရ သွင်းကုန်ပမာဏမြင့်တက်မှုကြောင့် ဖြစ်ပေါ်သော ပြည်တွင်း ကုန်စည် ထုတ်လုပ်သူများအပေါ် ပြင်းထန်သော ထိခိုက်နစ်နာမှုကိုလည်းကောင်း၊ ယင်းသို့ဖြစ်စေရန် ခြိမ်း ခြောက်မှုကိုလည်းကောင်း ကာကွယ်မှုပေးနိုင်ရန်အတွက် စစ်ဆေးခြင်းခံရသည့် ကုန်စည် ၏ တင်သွင်းမှုပမာဏကန့်သတ်ခြင်းကို ဆိုသည်။

(ဍ)     ဖွံ့ဖြိုးဆဲနိုင်ငံ ဆိုသည်မှာ ကုလသမဂ္ဂ၏ ဖွံ့ဖြိုးဆဲနိုင်ငံများစာရင်းတွင် သတ်မှတ် ထားသော အမည်စာရင်းတွင် ပါဝင်သည့်နိုင်ငံကို ဆိုလိုသည်။

 (ဎ)    ကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော သွင်းကုန်ပမာဏမြင့်တက်ခြင်း မှ ကာကွယ်ပေးမှုကော်မတီကို ဆိုသည်။

(ဏ)   ဝန်ကြီးဌာန ဆိုသည်မှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ဆိုသည်။

(တ)    ဦးစီးဌာန ဆိုသည်မှာ ကာကွယ်ပေးမှုအစီအမံဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရန် ဝန်ကြီးဌာနမှ တာဝန်ပေးသော ဦးစီးဌာနကို ဆိုသည်။

(ထ)    စုံစမ်းစစ်ဆေးရေးအဖွဲ့ ဆိုသည်မှာ  ဤဥပဒေပါ ကိစ္စရပ်များကို ဆောင်ရွက်ရန် ကော်မတီက ဖွဲ့စည်းတာဝန်ပေးအပ်သောအဖွဲ့ကို ဆိုသည်။

 

 

အခန်း(၂)

ရည်ရွယ်ချက်

၃။      ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

 (က)   ကုန်စည်တစ်မျိုး၏သွင်းကုန်ပမာဏမြင့်တက်ခြင်းကြောင့် ပြည်တွင်းရှိအလားတူ ကုန်စည် သို့မဟုတ် တိုက်ရိုက်ယှဉ်ပြိုင်နိုင်သည့် ကုန်စည်ထုတ်လုပ်သူများအပေါ် ပြင်းထန်သော ထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ဖြစ်စေရန် ခြိမ်းခြောက်မှုတို့ ဖြစ်ပေါ်လာပါက ကာကွယ်မှုနှင့် ကုစားမှုပေးနိုင်မည့် အစီအမံများကို ကျင့်သုံး နိုင်စေရန်၊

 (ခ)    အချိန်ကာလတစ်ခုအတွင်း ပြည်တွင်းကုန်စည်ထုတ်လုပ်သူများ၏ ယှဉ်ပြိုင်နိုင်မှုကို မြှင့်တင်နိုင်စေရန်၊

 (ဂ)    ဖြစ်ပေါ်လာသည့် ထိခိုက်နစ်နာမှုသည် သွင်းကုန်ပမာဏမြင့်တက်မှုနှင့် ကျိုးကြောင်း ဆက်စပ်မှုရှိပါက ယင်းထိခိုက်နစ်နာမှုကို ကာကွယ်ပေးနိုင်ရန်နှင့် ကုစားနိုင်ရန် အတွက် အဆိုပါသွင်းကုန်အပေါ် လုံလောက်သော ကာကွယ်မှုအခွန်ကို စည်းကြပ် ရန်။

အခန်း(၃)

သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုကော်မတီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

ကော်မတီဖွဲ့စည်းခြင်း

၄။      ပြည်ထောင်စုအစိုးရအဖွဲ့သည်-

(က)    သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုကော်မတီကို ကိုးဦးထက်မပိုသော အောက်ပါဌာနများမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်-

(၁)

ပြည်ထောင်စုဝန်ကြီး၊စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန

        ဥက္ကဋ္ဌ

(၂)

ဒုတိယဝန်ကြီး၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန

      ဒုတိယဥက္ကဋ္ဌ

(၃)

ကုန်သွယ်ရေး၊စီးပွားရေး၊ဘဏ္ဍာရေး၊နိုင်ငံခြား ရေး၊ စိုက်ပျိုးရေး၊ အလုပ်သမားရေးရာတို့နှင့် ဆက်စပ်သော ဝန်ကြီးဌာနများမှ သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်နှင့်အထက် အရာထမ်းများ

       အဖွဲ့ဝင်များ

 

(၄)

ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်   

      အတွင်းရေးမှူး

         

 

(ခ)     ပုဒ်မခွဲ(က)အရ ကော်မတီဖွဲ့စည်းရာတွင် လိုအပ်ပါက တွဲဖက်အတွင်းရေးမှူးကို သတ်မှတ်တာဝန်ပေးအပ်နိုင်သည်။

(ဂ)     ပုဒ်မခွဲ(က)အရ ဖွဲ့စည်းထားသောကော်မတီကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင် သည်။

၅။     ကော်မတီ၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)    ကာကွယ်ပေးမှုအစီအမံ ကျင့်သုံးရန်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ဦးစီးဌာနမှ တင်ပြလာသည့် ကနဦးစိစစ်ချက်များအပေါ် စုံစမ်းစစ်ဆေးရန်သင့်၊ မသင့် ဆုံးဖြတ်ခြင်း၊

(ခ)     ဤဥပဒေအရ စုံစမ်းစစ်ဆေးခြင်းနှင့် အကြံပြုသုံးသပ်ချက်များ ဆောင်ရွက်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို တာဝန်ပေးအပ်ခြင်း၊

(ဂ)     စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဦးစီးဌာနမှတစ်ဆင့် ပြန်လည်တင်ပြလာသည့် စုံစမ်း စစ်ဆေး ချက်များနှင့် အကြံပြု သုံးသပ်ချက်များကို စိစစ်ခြင်း၊

(ဃ)    ကာကွယ်ပေးမှုအစီအမံများနှင့်ပတ်သက်သည့် အစီအမများချမှတ်မှု၊ သက်တမ်းတိုးမှု သို့မဟုတ် ပြင်ဆင်မှုများကို စိစစ်ဆုံးဖြတ်ခြင်း၊

(င)     ဤဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီး ဌာနကို အကြံပြုခြင်း၊

(စ)     ဤဥပဒေကို အကောင်အထည်ဖော်ရန်အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များထံမှ လိုအပ်သော စာရင်းဇယား၊ အချက်အလက်၊ သက်သေအထောက်အထား များ တောင်းခံနိုင်ခြင်း၊

(ဆ)    ကော်မတီ၏လုပ်ပိုင်ခွင့်ကို ဦးစီးဌာနနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ထံ တာဝန် ပေးအပ်ခြင်း၊

(ဇ)     လိုအပ်ပါက ကော်မတီခွဲများကို ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း။

အခန်း(၄)

ဦးစီးဌာနကို တာဝန်ပေးအပ်ခြင်းနှင့် လုပ်ငန်းတာဝန်များ

၆။     ဝန်ကြီးဌာနသည် ကော်မတီနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရုံးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်နိုင်ရန် ဦးစီးဌာနကို တာဝန်ပေးအပ်ရမည်။

 

 

၇။     ဦးစီးဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(က)    ကာကွယ်ပေးမှုအစီအမံကျင့်သုံးရန် တင်ပြလျှောက်ထားခြင်းအား အထောက်အထား ပြည့်စုံ မှု ရှိ မရှိ ကော်မတီသို့ စိစစ်တင်ပြခြင်း၊

(ခ)     စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကြီးကြပ်ကွပ်ကဲခြင်း၊

(ဂ)     စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များနှင့် အကြံပြုသုံးသပ်ချက်များကို ကော်မတီသို့ အစီရင်ခံတင်ပြခြင်း၊

(ဃ)    သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများထံမှ တောင်းခံထားသော စာရင်းဇယား၊ အချက် အလက်၊ သက်သေအထောက်အထားများကို ထိန်းသိမ်းခြင်း၊

(င)     ကော်မတီနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရုံးလုပ်ငန်းကိစ္စအဝဝကို တာဝန်ယူဆောင် ရွက်ခြင်း၊

(စ)     ကော်မတီမှ ပေးအပ်သော အခြားသောလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

အခန်း(၅)

စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း

၈။     ကော်မတီသည် ဤဥပဒေအရ စုံစမ်းစစ်ဆေးခြင်းနှင့် အခြားတာဝန်များ ဆောင်ရွက်နိုင်ရန် ဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သောဝန်ထမ်းများ ဦးဆောင်ပါဝင်သည့် စုံစမ်းစစ်ဆေး ရေးအဖွဲ့ကို လိုအပ်သလို ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ

၉။      စုံစမ်းစစ်ဆေးရေးအဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ် သည်-      

(က)    ကော်မတီ၏တာဝန်ပေးအပ်မှုအရ သွင်းကုန်ပမာဏ မြင့်တက်လာခြင်းကြောင့် ပြည်တွင်းကုန်စည်ထုတ်လုပ်သူများအပေါ် ပြင်းထန်သောထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ဖြစ်စေ ရန် ခြိမ်းခြောက်မှုတို့ကို စုံစမ်းစစ်ဆေးခြင်း၊

(ခ)     စုံစမ်းစစ်ဆေးမှုအတွက် လိုအပ်သောစာရင်းဇယား၊ အချက်အလက်၊ သက်သေ အထောက်အထားများကို အကျုံးဝင်ဆက်နွယ်သူများထံမှ တောင်းခံခြင်း၊

       (ဂ)     စုံစမ်းစစ်ဆေးနေစဉ်ကာလအတွင်း အကျုံးဝင်ဆက်နွယ်သူများမှ စာရင်းဇယား၊ အချက် အလက်၊ သက်သေအထောက်အထားများ၊ ထင်မြင်ယူဆချက်များကို စာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ တင်ပြလာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်း၊

      

       (ဃ)    စုံစမ်းစစ်ဆေးမှုနှင့်စပ်လျဉ်းသည့် စာရင်းဇယား၊ အချက်အလက်၊ သက်သေ အထောက်အထားများကို လိုအပ်ပါက သိမ်းဆည်းထားခြင်း၊

       (င)     သွင်းကုန်ပမာဏမြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပြည်တွင်းကုန်စည် ထုတ်လုပ်သူများအပေါ် ပြင်းထန်သောထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ဖြစ်စေရန် ခြိမ်းခြောက်မှုနှင့်ပတ်သက်သည့် စိစစ်တွေ့ရှိချက်၊ ကျင့်သုံးသင့်သည့်အစီအမံ အမျိုး အစား၊ ပမာဏနှင့် ကာလတို့ကို အကြံပြုချက်များနှင့်တကွ ဦးစီးဌာနမှတစ်ဆင့် ကော်မတီသို့ တင်ပြခြင်း၊

        (စ)   ကော်မတီမှ ပေးအပ်လာသည့် အခြားသောလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

အခန်း(၆)

စိစစ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း

ကနဦးစိစစ်ခြင်

၁၀။    သွင်းကုန်ပမာဏမြင့်တက်ခြင်းကြောင့် ပြင်းထန်စွာထိခိုက်နစ်နာသော ပြည်တွင်းကုန်စည် ထုတ်လုပ်သူ သို့မဟုတ် အဆိုပါကုန်စည်ထုတ်လုပ်သူ၏ ကိုယ်စားလှယ်သည် ဦးစီးဌာနသို့ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် ကာကွယ်ပေးမှုအစီအမံ ကျင့်သုံးရန် တင်ပြလျှောက်ထား ရမည်။  

၁၁။    ဦးစီးဌာနသည် လျှောက်လွှာလက်ခံရရှိသည့်နေ့မှစ၍ အလုပ်လုပ်ရက်၅ရက်အတွင်း စုံစမ်း စစ်ဆေးရန် သတ်မှတ်အထောက်အထားအချက်အလက် ပါဝင်မှု ရှိမရှိ ကနဦးစိစစ်၍ ကော်မတီသို့ တင်ပြရမည်။

၁၂။    ကော်မတီသည် ဦးစီးဌာန၏ ကနဦး စိစစ်ချက်များအရ တင်ပြချက်ပေါ်မူတည်၍  အောက်ပါ အတိုင်း ဆုံးဖြတ်ရမည်-

          (က)    သက်သေအထောက်အထားနှင့် အချက် အလက်များသည် လိုအပ်ချက်များရှိသည်ဟု တင်ပြလာပါက ပြန်လည်ပြင်ဆင်တင်ပြရန် ညွှန်ကြားခြင်း

          (ခ)      စုံစမ်းစစ်ဆေးရန် သင့် မသင့်ကို ဆုံးဖြတ်ခြင်း၊

          (ဂ)     စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ပါက စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတာဝန် ပေးအပ် ခြင်း၊

စုံစမ်းစစ်ဆေးခြင်း

၁၃။     ပုဒ်မ၁၂(ဂ)အရ ဖွဲ့စည်းသောစုံစမ်းစစ်ဆေးရေးအဖွဲ့သည် တာဝန်ပေးအပ်သည့်နေ့မှစ၍ သွင်းကုန် ပမာဏမြင့်တက်မှုနှင့် ယင်းကြောင့်ထိခိုက်နစ်နာမှုတို့နှင့် စပ်လျဉ်းသည့် စုံစမ်းစစ်ဆေး ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ရမည်။

၁၄။    စုံစမ်းစစ်ဆေးရေးအဖွဲ့သည် စုံစမ်းစစ်ဆေးမှုစတင်မည်ဖြစ်ကြောင်း  လျှောက်ထားတင်ပြသူ များနှင့် အကျုံးဝင်ဆက်နွယ်သူများထံသို့ အကြောင်းကြားရမည်။

၁၅။    စုံစမ်းစစ်ဆေးရေးအဖွဲ့သည် စုံစမ်းစစ်ဆေးရာတွင် လိုအပ်သောစာရင်းဇယား၊  အချက် အလက်၊ သက်သေအထောက်အထားများကို အကျုံးဝင်ဆက်နွယ်သူများထံမှလည်းကောင်း၊  ကော်မတီ၏ခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းထံမှလည်းကောင်း တောင်းခံနိုင်သည်။

၁၆။    စုံစမ်းစစ်ဆေးရေးအဖွဲ့သည် စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်ရာတွင် အကျုံးဝင်ဆက်နွယ် သူများထံသို့ မေးခွန်းများပေးပို့မေးမြန်းခြင်း၊ အများပြည်သူရှေ့မှောက်ကြားနာခြင်း သို့မဟုတ် အခြားသင့်တော်သောနည်းများဖြင့်  ဆောင်ရွက်နိုင်သည်။

လျှို့ဝှက်သတင်းအချက်အလက်များ ထိန်းသိမ်းခြင်း

၁၇။    စုံစမ်းစစ်ဆေးရေးအဖွဲ့သည် စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် လျှို့ဝှက်ထားရမည့် သတင်းအချက်အလက်များအား လျှို့ဝှက်အနေဖြင့် ဆောင်ရွက်ရမည်။

၁၈။    ကော်မတီ၊ ဦးစီးဌာနနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် လျှို့ဝှက်ထားရှိရမည့် အချက်အလက် နှင့် သက်သေအထောက်အထားများကို သက်ဆိုင်သူ၏ ခွင့်ပြုချက်မရှိဘဲ ထုတ်ဖော်ပြောဆို ခြင်း မပြုရ။

၁၉။     စုံစမ်းစစ်ဆေးရေးအဖွဲ့သည် သက်ဆိုင်သူမှ လျှို့ဝှက်အနေဖြင့် တင်ပြလာသည့် ကိစ္စရပ်တွင် လိုအပ်ပါက လျှို့ဝှက်မဟုတ်သည့် အကျဉ်းချုပ်ပုံစံများကိုပါ တင်ပြရန်နှင့် ထိုသို့ တင်ပြနိုင်ခြင်း မရှိပါက အကြောင်းအရင်းကို သက်ဆိုင်သူထံ တောင်းခံနိုင်သည်။

၂၀။     စုံစမ်းစစ်ဆေးရေးအဖွဲ့သည် သက်ဆိုင်သူမှ လျှို့ဝှက်အဖြစ် တင်ပြသည့်စာရင်းဇယား၊ အချက်အလက်၊ သက်သေအထောက်အထားများကို လျှို့ဝှက်အဆင့်ဖြစ်သည်ဟု ယုံကြည်ရန် အကြောင်းမရှိလျှင်ဖြစ်စေ၊ လျှို့ဝှက်စာရင်းဇယား၊ အချက်အလက်၊ သက်သေအထောက်အထား များကို လျို့ဝှက်မဟုတ်သော အကျဉ်းချုပ်ပုံစံဖြင့် အများပြည်သူသို့ အသိပေးဖြန့်ဝေရန် သက်ဆိုင် သူမှ ခွင့်ပြုခြင်းမရှိ လျှင်ဖြစ်စေ ယင်းအချက်အလက်များကို လျှို့ဝှက်အချက်အလက်အဖြစ် ထည့်သွင်းစဉ်းစားခြင်းမှ ချန်လှပ်ထားနိုင်သည်။

အခန်း(၇)

ထိခိုက်နစ်နာမှုကို စိစစ်အကဲဖြတ်ခြင်းနှင့် ယာယီကာကွယ်ပေးမှုအခွန်စည်းကြပ်ခြင်း

ထိခိုက်နစ်နာမှုကို စိစစ်အကဲဖြတ်ခြင်း

၂၁။     စုံစမ်းစစ်ဆေးရေးအဖွဲ့သည် သွင်းကုန်ပမာဏမြင့်တက်ခြင်းကြောင့် ပြည်တွင်းကုန်စည် ထုတ်လုပ်သူ၏လုပ်ငန်းကို ပြင်းထန်သောထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ဖြစ်စေရန် ခြိမ်းခြောက် မှုရှိ မရှိ ဆုံးဖြတ်ရာတွင်  အောက်ဖော်ပြပါအချက်အလက်များအပါအဝင် ယင်းကုန်စည်ထုတ်လုပ် သူ၏လုပ်ငန်းနှင့် စပ်လျဉ်းသည့် အခြားလိုအပ်သော အချက်အလက်များကိုပါ ထည့်သွင်း စိစစ်အကဲဖြတ်ရမည်-

          (က)    မြင့်တက်လာသည့် သွင်းကုန်၏ ပမာဏနှင့်နှုန်းထား

          (ခ)     ပမာဏမြင့်တက်ဝင်ရောက်လာသည့် သွင်းကုန်၏ ပြည်တွင်းစျေးကွက်တွင် ရယူခဲ့သော ဝေစု

          (ဂ)     ရောင်းချမှုအခြေအနေပြောင်းလဲလာမှု

          (ဃ)    ထုတ်လုပ်မှုအခြေအနေပြောင်းလဲလာမှု

          (င)     ထုတ်လုပ်နိုင်စွမ်းအခြေအနေပြောင်းလဲလာမှု

          (စ)     အမြတ်နှင့်အရှုံး အခြေအနေပြောင်းလဲလာမှု

          (ဆ)    အလုပ်သမားခန့်ထားမှုအခြေအနေပြောင်းလဲလာမှု

၂၂။     စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ပြည်တွင်းကုန်စည်ထုတ်လုပ်သူ၏ လုပ်ငန်းများအပေါ် ပြင်း ထန်သော ထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ဖြစ်စေရန် ခြိမ်းခြောက်မှုနှင့် သွင်းကုန်ပမာဏ မြင့်တက်ခြင်းတို့အကြား ဖြစ်ပေါ်သည့် အကျိုးအကြောင်းဆက်နွယ်မှုအား ဖော်ပြနိုင်မှသာလျှင် ယင်းကုန်စည်ကြောင့် ပြင်းထန်သော ထိခိုက်နစ်နာမှု ဖြစ်စေသည် သို့မဟုတ် ယင်းသို့ဖြစ်စေရန် ခြိမ်းခြောက်သည်ဟု ဆုံးဖြတ်ရမည်။

၂၃။    စုံစမ်းစစ်ဆေးရေးအဖွဲ့သည် သွင်းကုန်ပမာဏမြင့်တက်ခြင်းကြောင့် မဟုတ်ဘဲ အခြားသော အကြောင်းတစ်ခုခုကြောင့် ပြည်တွင်းကုန်စည်ထုတ်လုပ်သူ၏လုပ်ငန်းကို ထိခိုက်မှုနစ်နာမှု ဖြစ်ပေါ် စေသည်ဟု စိစစ်တွေ့ရှိပါက ယင်းထိခိုက်နစ်နာမှုမျိုးကို သွင်းကုန်ပမာဏမြင့်တက်ခြင်း ကြောင့်ဟု ဆုံးဖြတ်ခြင်းမပြုရ။

ယာယီကာကွယ်ပေးမှုအကောက်ခွန်စည်းကြပ်ခြင်း

၂၄။    စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ထိခိုက်နစ်နာမှုကို ကနဦးစိစစ်အကဲဖြတ်ချက်အရ ပြည်တွင်း ကုန်စည် ထုတ်လုပ်သူ၏လုပ်ငန်းထိခိုက်နစ်နာမှုသည် ပြန်လည်ရပ်တည်နိုင်ရန် ခက်ခဲနိုင်သော အရေးပေါ်အခြေ အနေပေါ်ပေါက်ကြောင်း စိစစ်တွေ့ရှိပါက စုံစမ်းစစ်ဆေးမှု ဆောင်ရွက်နေသည့် ကာလအတွင်း တင်သွင်းလာသည့် ကုန်စည်အပေါ် ယာယီစည်းကြပ်မှု ပြုလုပ်ရန် ကော်မတီသို့ တင်ပြနိုင်သ​ည်။    

၂၅။       (က) ကော်မတီသည် အပြီးသတ်ဆုံးဖြတ်ချက်မတိုင်မီ ပုဒ်မ၂၄ အရ သင့်လျော်သည့် ယာယီ ကာကွယ်ပေးမှုအကောက်ခွန်ကို စည်းကြပ်နိုင်သည်။

(ခ)   ယာယီကာကွယ်ပေးမှုအကောက်ခွန် စည်းကြပ်ရာတွင် အများဆုံး  ရက်ပေါင်း ၂၀၀ အထိသာ စည်းကြပ်နိုင်သည်။

 

အခန်း(၈)

ကာကွယ်ပေးမှုအစီအမံများဆုံးဖြတ်ခြင်းနှင့် ကျင့်သုံးအကောင်အထည်ဖော်ခြင်း

ကာကွယ်ပေးမှုအစီအမံများ ဆုံးဖြတ်ခြင်း

၂၆။    စုံစမ်းစစ်ဆေးရေးအဖွဲ့သည် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်ပြီးနောက်  အပြီးသတ်တွေ့ရှိချက်ကို အကြံပြုချက်များနှင့်အတူ ကော်မတီသို့ ဦးစီး ဌာနမှတစ်ဆင့် တင်ပြရမည်။

၂၇။    ကော်မတီသည် ပုဒ်မ၂၆ အရ သွင်းကုန်ပမာဏမြင့်တက်ခြင်း သို့မဟုတ် ပြင်းထန်သော ထိခိုက်နစ်နာခြင်း သို့မဟုတ် ယင်းသို့ဖြစ်စေရန် ခြိမ်းခြောက်ခြင်းမရှိကြောင်း တွေ့ရှိပါက ယာယီ ကာကွယ်ပေးမှုအစီအမံကို ရပ်စဲရမည်။

၂၈။ ကော်မတီသည် ပုဒ်မ၂၆ အရ သွင်းကုန်ပမာဏမြင့်တက်ခြင်းနှင့် ယင်းကြောင့် ပြင်းထန်သော ထိခိုက်နစ်နာမှု ဖြစ်ပွားကြောင်း တွေ့ရှိပါက အောက်ဖော်ပြပါ ကာကွယ်ပေးမှု အစီအမံများ အနက်တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ စစ်ဆေးခြင်းခံရသည့် ကုန်စည်အပေါ် စည်းကြပ်နိုင်သည်-

(က) သတ်မှတ်သည့် နှုန်းထားအတိုင်း ကာကွယ်ပေးမှုအကောက်ခွန်ကို ကောက်ခံခြင်း၊

(ခ)   သွင်းကုန်ပမာဏ ကန့်သတ်ခြင်း ။

၂၉။    ကော်မတီသည် ပြည်တွင်းကုန်စည်ထုတ်လုပ်သူများမှ လုပ်ငန်းပြန်လည်တိုးတက်ရေး ပြင်ဆင်ဆောင်ရွက်နိုင်စေရန်နှင့် ၎င်းတို့၏ ထိခိုက်နစ်နာမှုများကို ကာကွယ်ပေးရန်၊ ကုစားပေးရန် တို့အတွက် လိုအပ်သည့်အတိုင်း အတာအထိသာ ကာကွယ်ပေးမှုအစီအမံကို ကျင့်သုံးနိုင်သည်။

သွင်းကုန်ပမာဏ ကန့်သတ်ခြင်း

၃၀။    ကော်မတီသည် ပုဒ်မ ၂၉ အရ ထိခိုက်နစ်နာမှုကို ကာကွယ်ပေးရန် သို့မဟုတ် ကုစားပေးရန် လုံလောက်သော ကျိုးကြောင်းဖော်ပြချက် တွေ့ရှိပါက သွင်းကုန်ပမာဏကန့်သတ်ရာတွင် စစ်ဆေးခြင်းခံရသည့် ကုန်စည်၏ လွန်ခဲ့သောသုံးနှစ် အတွင်း တင်သွင်းခဲ့သည့် ပျမ်းမျှသွင်းကုန် ပမာဏအောက် လျော့နည်း သော ကန့်သတ်ပမာဏကို သတ်မှတ်နိုင်သည်။

၃၁။   ကော်မတီသည် သွင်းကုန်ပမာဏကန့်သတ်မည်ဆိုပါက မြန်မာနိုင်ငံသို့ စစ်ဆေးခြင်းခံရသည့် ကုန်စည်ကို တင်ပို့ရောင်းချခြင်းဖြင့် အကျိုးစီးပွားအမြောက်အမြားရရှိနေသည့် အဖွဲ့ဝင်နိုင်ငံ အားလုံးနှင့် ဆွေးနွေးညှိနှိုင်း သဘောတူညီချက်ရယူရမည်။

၃၂။   ပုဒ်မ၃၁အရ သွင်းကုန်ပမာဏကို ခွဲဝေသတ်မှတ်ခြင်းနှင့်ပတ်သက်၍ သဘောတူညီမှုမရ ရှိပါက ကော်မတီသည်  အဆိုပါနိုင်ငံများမှ လွန်ခဲ့သော၃နှစ်အတွင်း မြန်မာနိုင်ငံသို့ ယင်းကုန်စည် ကို တင်ပို့ရောင်းချခဲ့သည့် စုစုပေါင်းပမာဏ သို့မဟုတ် တန်ဖိုး၏အချိုးအပေါ်မူတည်၍ ကန့်သတ် ပမာဏကို ခွဲဝေသတ်မှတ်ရမည်။  

၃၃။  စစ်ဆေးခြင်းခံရသည့် ကုန်စည်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ မြန်မာနိုင်ငံအတွင်းသို့ တင်သွင်း လာသည့် ကုန်စည်ဖြစ်ပြီး အောက်ဖော်ပြပါအခြေအနေတစ်ရပ်ရပ်နှင့် ကိုက်ညီမှုရှိပါက ယင်းနိုင်ငံ များအပေါ် ကာကွယ်ပေးမှုအစီအမံကို ကျင့်သုံးခြင်းမပြုရ-

(က)    ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံမှ တင်သွင်းလာသည့်ပမာဏသည် မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းမှု စုစုပေါင်းပမာဏ၏ ၃ ရာခိုင်နှုန်းထက်မကျော်လွန်သည့် ဝေစုဖြစ်ခြင်း၊

(ခ)     ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံချင်းစီ၏ သွင်းကုန်ဝေစုပမာဏသည်၃ရာခိုင်နှုန်းအောက် လျော့နည်း၍ တင်သွင်းလာပြီး ယင်းဖွံ့ဖြိုးဆဲနိုင်ငံအားလုံး၏ စုပေါင်းတင်သွင်းမှု သည် မြန်မာနိုင်ငံ အတွင်းသို့ တင်သွင်းမှု စုစုပေါင်းသွင်းကုန် ပမာဏ၏၉ရာခိုင်နှုန်း ထက် ကျော်လွန်ခြင်းမရှိသည့် ဝေစုဖြစ်ခြင်း။

ယာယီကာကွယ်ပေးမှုအကောက်ခွန်ပြန်အမ်းခြင်း

၃၄။     သက်ဆိုင်ရာဌာနသည် ဤဥပဒေအရ ကောက်ခံထားသည့် ယာယီကာကွယ်ပေးမှု အကောက်ခွန်နှင့်စပ်လျဉ်း၍ ကော်မတီမှ အောက်ဖော်ပြပါ ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို ချမှတ်ပါက နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်ရမည်-

(က)    အပြီးသတ်စစ်ဆေးပြီးနောက် စည်းကြပ်သည့် ကာကွယ်ပေးမှုအကောက်ခွန်သည် စည်းကြပ်ကောက်ခံထားပြီးဖြစ်သည့် ယာယီကာကွယ်ပေးမှုအကောက်ခွန်ထက် လျော့နည်းပါက ကွာခြားမှုပမာဏကို ပြန်အမ်းရန် ဆုံးဖြတ်ခြင်း၊

(ခ)     ပုဒ်မ၂၇ အရ ကာကွယ်ပေးမှုအစီအမံရပ်စဲသည့် အခြေအနေတွင် ကောက်ခံထား သော ယာယီကာကွယ်ပေးမှုအကောက်ခွန်ကို ပြန်အမ်းရန် ဆုံးဖြတ်ခြင်း။

အခန်း(၉)

အသိပေးအကြောင်းဘကြားခြင်းနှင့် သတင်းအချက်အလက်တောင်းခံခြင်း

အသိပေးအကြောင်းကြားခြင်း

၃၅။    ဦးစီးဌာနသည် ကော်မတီ၏ဆုံးဖြတ်ချက်အရ အသိပေးအကြောင်းကြားမှုကို အောက်ပါ အတိုင်း ဆောင်ရွက်ရမည်-

(က) စုံစမ်းစစ်ဆေးခြင်းမပြုသည့် ဆုံးဖြတ်ချက်ကို တင်ပြလျှောက်ထားသူများနှင့် အကျုံးဝင်ဆက်နွယ်သူများထံသို့  အကြောင်းကြားခြင်း၊

(ခ)     စုံစမ်းစစ်ဆေးမှုစတင်မည့် ဆုံးဖြတ်ချက်ကို သင့်လျော်သော နည်းလမ်းဖြင့် အများ ပြည်သူသို့ အသိပေးခြင်း၊

(ဂ)     ပုဒ်မ ၂၅(က)အရ ယာယီကာကွယ်ပေးမှုအကောက်ခွန်စည်းကြပ်ခြင်းနှင့် စပ်လျဉ်း၍ အများ ပြည်သူသို့ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အသိပေးခြင်း၊

(ဃ)    ကော်မတီမှ ကာကွယ်ပေးမှုအစီအမံတစ်ခုကို ကျင့်သုံးခြင်း၊ သက်တမ်းတိုးခြင်း သို့မဟုတ် ရပ်စဲခြင်းတို့နှင့် စပ်လျဉ်းသည့် အပြီးသတ်ဆုံးဖြတ်ချက်ကို ယင်းကုန်စည် တင်ပို့သည့်နိုင်ငံများ၊ အကျုံးဝင်ဆက်နွယ်သူများနှင့် အများပြည်သူသို့ နှောင့်နှေး ကြန့်ကြာခြင်းမရှိဘဲ သင့်လျော်သော နည်းလမ်းဖြင့် အသိပေးအကြောင်းကြားခြင်း၊

၃၆။     ကော်မတီသည် စုံစမ်းစစ်ဆေးမှုစတင်ရန် ဆုံးဖြတ်ခြင်း၊ ကာကွယ်ပေးမှု အစီအမံတစ်ခုခုကို ကျင့်သုံးခြင်း၊ သက်တမ်းတိုးခြင်း သို့မဟုတ် ရပ်စဲခြင်းတို့နှင့် စပ်လျဉ်းသည့် အပြီးသတ်ဆုံးဖြတ် ချက်ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ကာကွယ်ပေးမှုကော်မတီသို့ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အ ကြောင်းကြားပေးပို့ရမည်။

သတင်းအချက်အလက်တောင်းခံခြင်း

၃၇။    ကော်မတီသည် လိုအပ်ပါက ပြည်ပမှတင်ပို့သူ၊ ထုတ်လုပ်သူနှင့် သက်ဆိုင်ရာနိုင်ငံ၏ အစိုးရထံမှ စုံစမ်းစစ်ဆေးမှုနှင့်သက်ဆိုင်သည့်အချက်အလက်၊ သက်သေအထောက် အထားများကို သက်ဆိုင်ရာနိုင်ငံ၏ သံရုံးမှတစ်ဆင့်ဖြစ်စေ၊ သက်ဆိုင်ရာနိုင်ငံအချင်းချင်းအကြား သဘောတူညီ ထားသည့် အခြားသောနည်းလမ်း တစ်ခုခုအရဖြစ်စေ တောင်းခံနိုင်သည်။

၃၈။    ပြည်ပမှတင်ပို့သူ၊ ထုတ်လုပ်သူနှင့် သက်ဆိုင်ရာနိုင်ငံ၏အစိုးရသည် ပုဒ်မ ၃၇ အရ တောင်းခံ မှုနှင့်စပ်လျဉ်း၍ တောင်းခံသည့်ကော်မတီသို့ တိုက်ရိုက်ဖြစ်စေ၊ သက်ဆိုင်ရာနိုင်ငံသံရုံးမှ တစ်ဆင့်ဖြစ်စေ၊ သက်ဆိုင်ရာနိုင်ငံအချင်းချင်းအကြား သဘောတူညီထားသည့် အခြားသောနည်းလမ်း တစ်ခုခုအရဖြစ်စေ အကြောင်းကြားစာရရှိသည့်နေ့မှ ရက်ပေါင်း၁၅ရက်အတွင်းသို့မဟုတ် ကော်မတီ ၏ခွင့်ပြုထားသော သက်တမ်းတိုးကာလအတွင်း ပံ့ပိုးပေးရမည်။

၃၉။    အကျုံးဝင်ဆက်နွယ်သူများသည် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ လိုအပ်ချက်အရ လျှို့ဝှက်အချက် အလက်နှင့် သက်သေအထောက်အထားများကို အကျဉ်းချုပ်ပုံစံဖြင့် တင်ပြရန် တောင်းခံလာပါက ယင်းအချက်အလက်နှင့် သက်သေအထောက်အထားများကို တင်ပြပေးပို့ရမည်ဖြစ်ပြီး ထိုသို့ပေးပို့ နိုင်ခြင်း မရှိပါ က ခိုင်လုံသောအကြောင်းပြချက်ဖြင့် တင်ပြရမည်။

အခန်း(၁၀)

ကာကွယ်ပေးမှုအစီအမံကျင့်သုံးသည့်ကာလ၊ ဖြေလျှော့ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း

ကျင့်သုံးသည့်ကာလ

၄၀။  ပုဒ်မ၂၉အရ ကာကွယ်ပေးမှုအစီအမံကျင့်သုံးသည့် ကာလသည် ပြည်တွင်းကုန်စည် ထုတ်လုပ်သည့် လုပ်ငန်း၏ ထိခိုက်နစ်နာမှုကို ကာကွယ်ရန်၊ ကုစားပေးရန်နှင့် လုပ်ငန်းအခြေအနေ ပြန်လည်တိုးတက်ရန်အတွက်  လိုအပ်သောအချိန်ကာလအထိသာ ဖြစ်ရမည်။

 

 

၄၁။   ကာကွယ်ပေးမှုအစီအမံကျင့်သုံးရာတွင် -

(က)    ကုန်စည်တစ်မျိုးအပေါ်တွင် စတင်ကျင့်သုံးမှုကာလသည် အများဆုံး၄ နှစ်အထိသာ ကျင့်သုံးနိုင်သည်။

(ခ)     ယင်းကုန်စည်အပေါ်တွင် ပုဒ်မခွဲ (က)ပါ အစီအမံကာလနှင့် သက်တမ်းတိုးကာလ အပါအဝင် အများဆုံး ၁၀ နှစ် အထိသာ ကျင့်သုံးနိုင်သည်။

        (ဂ)     အစီအမံကျင့်သုံးထားပြီးသည့် ကုန်စည်အပေါ်တွင် နောက်တစ်ကြိမ် ကျင့်သုံးမည် ဆိုပါက မူလသက်တမ်းကုန်ဆုံးပြီးနောက် အနည်းဆုံး ၂ နှစ် ရပ်နားပြီးမှသာလျှင် ထပ်မံကျင့်သုံးရမည်။

၄၂။    ကော်မတီသည် ပြည်တွင်းကုန်စည်ထုတ်လုပ်သူ၏ လုပ်ငန်းပြန်လည်တိုးတက်ရန် ဆောင်ရွက်နေသော သက်သေအထောက်အထားတင်ပြချက်များသည်  သင့်လျော်သည်ဟု ယူဆပါ က ကာကွယ်ပေးမှုအစီအမံ ကျင့်သုံးသည့်ကာလကို သက်တမ်းတိုးမြှင့်ပေးနိုင်သည်။ ယင်း သက်တမ်းတိုးကာလအတွင်း ကျင့်သုံးသည့် အစီအမံသည် လက်ရှိကျင့်သုံးနေသည့်  အစီအမံထက် ကျော်လွန်ခြင်းမပြုရ။

၄၃။ အောက်ဖော်ပြပါ အခြေအနေများပေါ်ပေါက်လာပါက ကော်မတီသည် သွင်းကုန်အပေါ် ကာကွယ်ပေးမှုအစီအမံကို အများဆုံးရက်ပေါင်း ၁၈၀ သို့မဟုတ် ယင်းထက်လျော့နည်းသည့် ကာလ အတွင်း ထပ်မံကျင့်သုံးနိုင်သည်-

(က)    စုံစမ်းစစ်ဆေးခံရသည့် ကုန်စည်အပေါ် ကာကွယ်ပေးမှုအစီအမံစတင် ကျင့်သုံး သည့်နေ့မှ အနည်းဆုံး ၁ နှစ်အထိ ကျင့်သုံးပြီးနောက် ရပ်ဆိုင်းသွားသည့် အခြေ အနေ၊

          (ခ)     အစီအမံ စတင်ကျင့်သုံးသည့်နေ့မှ ၅ နှစ်အတွင်း တူညီသည့်ကုန်စည်အပေါ်တွင် နှစ်ကြိမ်ထက်ပို၍ ကျင့်သုံးမှုမရှိသည့် အခြေအနေ။

 

အစီအမံကို ဖြေလျှော့ခြင်း

၄၄။    ကော်မတီသည် ပုဒ်မ ၂၉ အရ ကျင့်သုံးသော ကာကွယ်ပေးမှုအစီအမံကာလသည် တစ်နှစ် ထက် ကျော်လွန်သည့် ကိစ္စရပ်တွင် ယင်းအစီအမံကျင့်သုံးမှုကို အဆင့်ဆင့်ဖြေလျှော့ သတ်မှတ်နိုင် သည်။

ပြန်လည်သုံးသပ်ခြင်း

၄၅။    စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ကာကွယ်ပေးမှုအစီအမံနှင့်ပတ်သက်၍ ဆက်လက် ကျင့်သုံးနိုင် ရန်  အခအားလျော်စွာ ပြန်လည်သုံးသပ်ခြင်း၊ ၃ နှစ်ထက်ကျော်လွန် ကျင့်သုံးသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ ယင်းသက်တမ်း တစ်ဝက်ထက်နောက်မကျစေဘဲ ပြန်လည်သုံးသပ်၍  ဆက်လက် ကျင့်သုံးခြင်း၊ ဖြေလျှော့ခြင်း သို့မဟုတ် ရပ်စဲခြင်းတို့ ဆောင်ရွက်နိုင်ရန် ကော်မတီသို့ အစီရင်ခံ တင်ပြရမည်။

ခွဲခြားဆက်ဆံခြင်းမရှိသော ကာကွယ်ပေးမှုအစီအမံ စည်းကြပ်ခြင်း

၄၆။    ဖွံ့ဖြိုးဆဲနိုင်ငံများကို ပေးအပ်ထားသည့် အခွင့်အရေးမှအပ ပုဒ်မ ၂၅ သို့မဟုတ် ပုဒ်မ ၂၉ အရ ကာကွယ်မှုအစီအမံကို ကျင့်သုံးရာတွင် နိုင်ငံများအချင်းချင်းအကြားတွင် ခွဲခြားဆက်ဆံခြင်း မပြုဘဲ ယင်းကုန်စည်များတင်ပို့သည့် မည်သည့်ပင်ရင်းနိုင်ငံ၏ သွင်းကုန်ကိုမဆို အကျိုးသက်ရောက် မှုရှိစေရမည်။ 

အခန်း(၁၁)

နိုင်ငံတကာနှင့်ပတ်သက်၍ လိုက်နာရမည့်တာဝန်များ

၄၇။    ဤဥပဒေသည် ၁၉၉၄ တွင် ပြဌာန်းသောကုန်သွယ်မှုနှင့်အကောက်ခွန်ဆိုင်ရာ အထွေထွေ သဘောတူညီချက်နှင့် ကာကွယ်ပေးမှုဆိုင်ရာသဘောတူညီချက်များအပါအဝင် ၁၉၉၄ ခုနှစ်၊ ဧပြီလ ၁၅ရက်နေ့တွင်ဖွဲ့စည်းခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းမှ ပြဋ္ဌာန်းထားသော သဘောတူညီ ချက်များအရ မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် လိုက်နာရမည့် တာဝန်ဝတ္တရား များနှင့်အညီ ကျင့်သုံးဆောင်ရွက်ရမည်။

၄၈။    မြန်မာနိုင်ငံသည် နိုင်ငံတကာသဘောတူညီချက် သို့မဟုတ် ဒေသတွင်းသဘောတူညီချက် တစ်ခုခုအရ အဖွဲ့ဝင်နိုင်ငံအနေဖြင့်လိုက်နာရန် ကတိပြုထားသည့် တာဝန်ဝတ္တရားများသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်ကွဲလွဲမှုများ ပေါ်ပေါက်လာပါက ယင်းသဘော တူညီချက်များပါ စည်းကမ်းချက်များ အတိုင်း လိုက်နာကျင့်သုံးဆောင်ရွက်ရမည်။

အခန်း(၁၂)

အထွေထွေ

၄၉။    ဤဥပဒေအရ အကျုံးဝင်ဆက်နွယ်သူများသည် စုံစမ်းစစ်ဆေးနေသည့်ကိစ္စရပ်နှင့် စပ်လျဉ်း ၍ အများပြည်သူ အကျိုးရှိမရှိကို စုံစမ်းစစ်ဆေးနေသည့်ကာလအတွင်း သက်ဆိုင်သည့်သက်သေ အထောက်အထားများကို ကော်မတီမှသတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြခွင့်ရှိသည်။

၅၀။    ပုဒ်မ ၂၉ အရ ကာကွယ်ပေးမှုအစီအမံများ ကျင့်သုံးရာတွင် သွင်းကုန်အပေါ် ကောက်ခံသည့် ကာကွယ်ပေးမှုအကောက်ခွန်နှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှလည်းကောင်း၊ သွင်းကုန်ပမာဏ ကန့်သတ်ခြင်းနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနမှလည်းကောင်း ထုတ်ပြန်ထားသော လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ရမည်။

၅၁။    ပုဒ်မ၂၅(က)နှင့် ပုဒ်မ၂၈(က)ပါ အကောက်ခွန်ကောက်ခံခြင်းတို့နှင့် ပုဒ်မ၃၄ပါ အခွန်ငွေ ပြန်အမ်းခြင်းတို့အား သက်ဆိုင်ရာအခွန်ဥပဒေနှင့် အကောက်ခွန်ဥပဒေတို့၏ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျင့်သုံးဆောင်ရွက်ရမည်။

၅၂။    ဝန်ကြီးဌာနသည် ကော်မတီနှင့်စုံစမ်းစစ်ဆေးရေးအဖွဲ့၏ကုန်ကျစရိတ်များကို ကျခံရမည်။

၅၃။    ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်

(က)    ဝန်ကြီးဌာနသည် လိုအပ်သောနည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ)     ဝန်ကြီးဌာနနှင့် ကော်မတီတို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြား ချက် နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

     

 (ပုံ)ထင်ကျော်

နိုင်ငံတော်သမ္မတ