အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် MICA အဆိုနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၄.၈.၂၀၁၇) ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင်အမှတ် (I-20) အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဥက္ကဋ္ဌနှင့် ကော်မတီ ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကားပြောကြားပြီး၊ ကော်မတီအဖွဲ့ဝင်များ၊ အဆိုနှင့် စပ်လျဉ်း၍ တင်သွင်းဆွေးနွေးခဲ့သည့် ကိုယ်စားလှယ်များကလည်း မိမိတို့ သိရှိလိုသည် များကို မေးမြန်းပြီး၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက ပြန်လည် ရှင်းလင်း ဖြေကြားပါသည်။
ယင်းနောက် ဆွေးနွေးချက်များအပေါ် ကော်မတီ ဥက္ကဋ္ဌက ပြန်လည်သုံးသပ်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။