အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် MICA အဆိုနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၉-၈-၂၀၁၇) ရက်နေ့ (၁၃၃၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင်အမှတ် (I-20) အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆိုလုပ်ကိုင်နေသော သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကားပြောကြားပြီး၊ ကော်မတီအဖွဲ့ဝင်များ၊ အဆိုနှင့်စပ်လျဉ်း၍ တင်သွင်းဆွေးနွေးခဲ့သည့် ကိုယ်စားလှယ်များကလည်း မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြကာ သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ MICA နှင့်ပတ်သက်၍ ဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆိုလုပ်ကိုင်နေသော သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များက ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
ယင်းနောက် ဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌက ပြန်လည်သုံးသပ်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။