အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး မစ္စတာဟုန်လျန်အား မတ်လ ၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် အမျိုးသားလွှတ်တော် ကော်မတီရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ တရုတ်ကုမ္ပဏီများ စီးပွားရေးရင်းနှီးမြှုပ်နှံနေမှုအပေါ် ပိုမိုပွင့်လင်းမြင်သာပြီး လူထုအကျိုးပြုလုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ရေး၊ တရုတ်ပြည်လုံးကျွတ်ဆိုင်ရာညီလာခံ (MPC) ဖွဲ့စည်းထားရှိမှုနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
အလားတူ ကနေဒါနိုင်ငံ သံရုံးမှ သံအမတ်ကြီး H.E. Mr. Mark McDowell အား မွန်းတည့် ၁၂ နာရီအချိန်တွင် အဆိုပါဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပြီး ကနေဒါ-မြန်မာ နှစ်နိုင်ငံလွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးကဏ္ဍများတွင် အတူတကွပူးပေါင်းဆောင်ရွက်ရေးနှင့် သတ္တုတွင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အိန္ဒိယနိုင်ငံ သံရုံးမှ သံအမတ်ကြီး H.E. Mr. Gautam Mukhopadhaya အား မွန်းလွဲ ၂ နာရီအချိန်တွင် လက်ခံတွေ့ဆုံခဲ့ပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား အာဆီယံလမ်းမကြီး တစ်လျှောက် ခရီးသွား ဘတ်စ်ကားများ ပြေးဆွဲရေး၊ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းနှင့် အိန္ဒိယအရှေ့မြောက်ဘက်ခြမ်း ခရီးသွားလုပ်ငန်းများ တိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲများသို့ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။