အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းနှင့်အဖွဲ့ဝင်များအား ဂျာမနီနိုင်ငံ၊ Friedrich Ebert Stiftung ၏ မြန်မာနိုင်ငံဆိုင်ရာ Country Director, Mr. Konstantin Barawaldt က ယနေ့ မွန်းလွဲ (၁၄ : ၀၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင် (I – 20) ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတကာဆက်ဆံရေးကဏ္ဍ၊ အလုပ်သမားရေးရာကဏ္ဍ၊ လူမှုရေးရာကာကွယ်စောင့်ရှောက်ရေးကဏ္ဍနှင့် အခြားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတို့အား အမျိုးသားလွှတ်တော်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စ၊ အဆိုပါကဏ္ဍများအား သက်ဆိုင်ရာကော်မတီများနှင့် ချိတ်ဆက်ပေးနိုင်ရေးကိစ္စ၊ ဂျာမနီနိုင်ငံရှိ အဖွဲ့အစည်းများ၏ ကျွမ်းကျင်ပုဂ္ဂိုလ်များမှ သင်တန်းများ ပို့ချပေးနိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဒေါ်ထုမေ၊ ကော်မတီဝင်များဖြစ်ကြသော ဦးမောင်မောင်လတ်၊ ဦးဇော်ဟိန်း၊ ဦးနိုင်ကိုကို၊ ဦးရဲမြင့်စိုး၊ ဗိုလ်မှူးဇဝနနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။