အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ကော်မတီဝင်များ အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်(CPPCC)၊ နိုင်ငံတကာရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ Mr.Yuan Guiren ဦးဆောင် သောအဖွဲ့ က (၂၃.၈.၂၀၁၇) ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ သည်။
ယင်းသို့တွေ့ဆုံရာတွင် ယခင်ကတည်းက နှစ်နိုင်ငံ နိုင်ငံတကာဆက်ဆံရေးကော်မတီ (၂)ရပ် ချစ်ကြည်ရင်းနှီးစွာဆက်ဆံခဲ့သည့် အခြေအနေများ၊ တရုတ်နိုင်ငံမှ မြန်မာ နိုင်ငံ၏ ပညာရေးနှင့် လူမူရေးကဏ္ဍများတွင် တိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ် များနှင့် ကော်မတီ(၂)ရပ် ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားတိုးမြှင့် ဖော်ဆောင်သွားနိုင်မည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီဝင်များဖြစ်ကြသော ဦးဂျေယောဝူ၊ ဒေါက်တာဦးကြွယ်ကြွယ်၊ ဦးမောင်မောင်လတ်၊ ဦးဇော်ဟိန်း၊ ဗိုလ်မှူးဇဝနနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။