အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီဥက္ကဋ္ဌဒေါက်တာသန်းဝင်းနှင့် ကော်မတီအဖွဲ့ဝင်များအား Alliance Brewery Company Limited မှ Ms. ZitaSchellekels, Corporate Relations Director သည် (၂၂-၈-၂၀၁၆) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိအမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံရာတွင် Ms. ZitaSchellekels က ၎င်းတို့ကုမ္ပဏီကထုတ်လုပ်သောဘီယာများသည် ယမကာကြောင့်ဖြစ်ပေါ်နိုင်သောဘေးဥပါဒ်၊ ဆိုးကျိုးများအတွက် တာဝန်ယူပြီးလုပ်ငန်းလုပ်ဆောင်လိုပါကြောင်း၊ အရက်ပြင်း၊ ချက်အရက်များသောက်သုံးခြင်းထက်စာလျှင် မိမိတို့ဘီယာများသောက်သုံးခြင်းသည် ကျန်းမာရေးအတွက် ထိခိုက်မှုနည်းပါးကြောင်း၊ ရှင်းလင်းပြောကြားပြီးကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ၏ ဦးစားပေးလုပ်ငန်းများကိုလည်းသိရှိလိုပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌဒေါက်တာသန်းဝင်း၊ အတွင်းရေးမှူးဒေါက်တာဇော်လင်းထွဋ်၊ အဖွဲ့ဝင် (၈) ဦးနှင့်အတူအမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။