Share this

ဒုတိယနေ့ အစည်းအဝေး အကျဉ်းချုပ် (၁၃ . ၁၁ . ၂၀၁၈)

Tuesday, November 13, 2018 - 12:35
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒသမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး

ဒုတိယနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက်

( ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက် )

[အင်္ဂါနေ့]

 

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။           မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည် -

     (က)    ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ အတွင်းရှိ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံအတွက် ဆေးခန်းသုံးပစ္စည်းများ၊ ဆေးဝါးများ၊ ရုံးအသုံးအဆောင်ပစ္စည်းများ၊ ပရိဘောဂပစ္စည်းများနှင့် ဆေးရုံအတွင်း တာဝန်ထမ်းဆောင်မည့် ဆေးရုံဝန်ထမ်းများ အချိန်မီ ချထားပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က လာရောက် ကုသမှုခံယူသည့် အတွင်းလူနာများအပေါ် မူတည်ပြီး ဆေးဝါးများလိုအပ်၍ ထပ်မံတောင်းခံလာပါက ရခိုင်ပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှူးနှင့် ရန်ကုန်တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းစက်ရုံတို့ ညှိနှိုင်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

     ( ခ )   ဒေါ်မမလေး၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် မိုးလုံလေလုံ အားကစားရုံတစ်ခုစီ ခွင့်ပြုချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ ခွင့်ပြုနိုင်မှုအပေါ်မူတည်၍ အနီးစပ်ဆုံးဘဏ္ဍာ‌ရေးနှစ် စီမံကိန်းလျာထားချက်၌ ထည့်သွင်း လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့ လူမှုရေး ဝန်ကြီး၏ ပြန်ကြားချက်အား ရှင်းလင်းဖြေကြားသည်။

     ( ဂ )   ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ ဇဲဖိုင်ကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ််ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ကို လုံလောက်စွာဖြည့်ဆည်းပြီးပါက  ကျေးလက် ကျန်းမာရေးဌာနမှ တိုက်နယ်ဆေးရုံသို့ တိုးမြှင့်ပေးခြင်းကို အလေးပေး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ​ဖြေကြားသည်။

              (ဃ)    ဒေါ်လှဌေး(ခ)ဒေါ်အုန်းကြည်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် လစ်လပ်နေသော လက်ထောက်ဆရာဝန်များ ထပ်မံခန့်ထားပေးရန်နှင့် ကူမဲမြို့ ၂၅ ခုတင်ဆံ့ ဆေးရုံ တွင်လိုအပ်နေသော ဆရာဝန်များ ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်၍ လက်ထောက် ဆရာဝန်များ ခန့်ထားပေးရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် မြစ်သားမြို့နယ်ဆေးရုံမှ တာဝန်ကျဆရာဝန်များအား အခါအားလျော်စွာ တွဲဖက်တာဝန်ထမ်းဆောင်စေရန် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဖြေကြားသည်။

              (င)     ဦးကျင့်ခန့်ပေါင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ယခင် ကျန်းမာရေး ဝန်ကြီးဌာန၏ သတ်မှတ်ချက်မူဘောင်ကို ဖြေလျှော့၍ ကျေးလက် ကျန်းမာရေး ဌာနခွဲ၊ ကျေးလက်ကျန်းမာရေးဌာနနှင့် တိုက်နယ်ဆေးရုံများ တိုးချဲ့ဖွင့်လှစ် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က သတ်မှတ်ချက်မူဘောင် များကို ဖြေလျော့၍ ဖွင့်လှစ်ပေးထားပြီးဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အမျှ ကျန်းမာရေးဌာနများ၏ လွှမ်းခြုံစောင့်ရှောက်နိုင်မှု မှာလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ဖြေကြားသည်။

ဥပဒေကြမ်းဆွေးနွေးခြင်း

၃။              အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော ၂၀၁၇ခုနှစ်၊ မြန်မာ့ကျောက်မျက် ရတနာဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၃)ဦးက ဆွေးနွေးသည်။

၄။           အစည်းအဝေးကို ၁၀၅၈ နာရီအချိန်တွင် ရပ်နားပြီး တတိယနေ့ အစည်းအဝေးကို       ၁၄ - ၁၁ - ၂၀၁၈ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်