ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး
(၁၄)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၀ ပြည့်နှစ်၊ နတ်တော်လဆန်း ၇ ရက်
( ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် )
[သောကြာနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -
(က)ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်၊ ချင်းဒေါက်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းတွင် လိုအပ်လျက် ရှိသော (၁၂၀ x ၃၀)ပေ RC နှစ်ထပ်ကျောင်းဆောင်သစ်ကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က လိုအပ်သောရန်ပုံငွေကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်း ရန်ပုံငွေခေါင်းစဉ်အောက်မှ ခွဲဝေ ရရှိမည့် အခြေအနေအပေါ်မူတည်၍ ဦးစားပေးအဆင့်အလိုက် ခွဲခြားသတ်မှတ်ပြီး လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
( ခ )ဦးဇုန်လှယ်ထန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ချင်းပြည်နယ်၊ ဖလမ်း မြို့နယ်၊ သီးကျိရ်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ကို အခြေခံပညာ အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိနှင့့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က သတ်မှတ်မူနှင့် ကိုက်ညီမှု ရှိသဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းအဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်သည့်အချိန်တွင် အခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့် တိုးမြှင့်ပေးနိုင်ရေးအတွက် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
( ဂ ) ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာ အခြေခံပညာမူလတန်း ကျောင်း၌ အန္တရာယ်ရှိ ကျောင်းဆောင်အတွက် (၆၀ x ၃၀)ပေ သွပ်မိုး၊ အုတ်ညှပ် တစ်ထပ် အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က လိုအပ်သောရန်ပုံငွေကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်း ရန်ပုံငွေခေါင်းစဉ်အောက်မှ ခွဲဝေရရှိမည့် အခြေအနေအပေါ်မူတည်လျက် ဦးစားပေးအဆင့်အလိုက် ခွဲခြားသတ်မှတ် ပြီး ထည့်သွင်းလျာထားနိုင်ရေးအတွက် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဃ) ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၏ ကျောင်းဝင်း ပတ်လည်ကို ခြံစည်းရိုးကာရာ၌ ပေ(၁၇၀၀)ကျော်ခန့် စည်းရိုးကာရန် ကျန်ရှိနေပါသဖြင့် ကျောင်းဝင်းအတွင်းရှိ ပစ္စည်းများ လုံခြုံရေး၊ ကျောင်းဆောင်များ၏ လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာဖြစ်နေပါသဖြင့် ကျန်ရှိနေသော ပေ(၁၇၀၀)ကို ယခုဘဏ္ဍာရေးနှစ်တွင် ခြံစည်းရိုးကာပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ခြံစည်းရိုး ပေ(၈၉၀)အား Chain Link စတင်ကာရံရန်အတွက်၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ သာမန်အသုံးစရိတ် ရန်ပုံငွေခေါင်းစဉ်အောက်မှ ၁၂-၁၀-၂၀၁၈ ရက်နေ့တွင် ခွဲဝေပေးခဲ့ပြီး လုပ်ငန်းများစတင်ဆောင်ရွက်နေပြီးဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(င)ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ တောင်ကုတ် ဒီဂရီကောလိပ်ကို တက္ကသိုလ်အဆင့်သို့ တိုးမြှင့်သင်ကြားခွင့်ကို ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင် လိုအပ်သည်များအား အပြီးသတ်ဆောင်ရွက်ပေးပြီး ဖွင့်လှစ် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်း က တိုးမြှင့်လာမည့် ကျောင်းသားဦးရေနှင့် သင်တန်းများအတွက် ဆရာ၊ ဆရာမအင်အား၊ ဝန်ထမ်းအင်အားများကို ဘဏ္ဍာရေးနှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ရမည်ဖြစ်သဖြင့် တက္ကသိုလ်အဆင့် တိုးမြှင့်ပေးနိုင်ရေး အတွက် လွန်ခဲ့သော (၅)နှစ်တာကာလအတွင်း ကျောင်းသား၊ ကျောင်းသူ စာရင်း၊ သုတေသနဆောင်ရွက်မှုအခြေအနေ၊ နေ့သင်တန်း၊ အဝေးသင် သင်တန်း၊ ဘွဲ့ကြို၊ ဂုဏ်ထူးတန်း၊ ဆရာ၊ ဆရာမ လုံလောက်မှုအခြေအနေ၊ သင်ထောက်ကူပစ္စည်း အခြေအနေ၊ စာကြည့်တိုက်၊ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်၊ ဝန်ထမ်း အိမ်ရာ၊ အခြားလိုအပ်ချက်များနှင့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု စီမံချက် (Human Resource Management Plan)များကို စုစည်းပြီး ဆောင်ရွက် လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
(စ)ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကန်တောင်ကျေးရွာနှင့် ခဝဲကျေးရွာတို့ရှိ အခြေခံပညာ အလယ်တန်းကျောင်းတို့ကို အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များအဖြစ် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က သတ်မှတ်မူနှင့် ကိုက်ညီမှုရှိသဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းအဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်သည့်အချိန်တွင် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)များအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ရေးအတွက် စိစစ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဆ)ဦးရှန်အောရ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ချင်းပြည်နယ်၊ ဟားခါး မြို့နယ်၊ လုံသာရ်(Lungtar) ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ကို အခြေခံပညာ အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က သတ်မှတ်မူနှင့် ကိုက်ညီမှုရှိသဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်း အဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်သည့်အချိန်တွင် အခြေခံပညာအလယ်တန်း ကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ရေးအတွက် စိစစ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားပါသည်။
အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်း၊ ဥပဒေကြမ်းအတည်ပြုခြင်း၊ အဆိုတင်သွင်းခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း
၃။ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်လှဌေး(ခ)ဒေါ်အုန်းကြည် (ဥပဒေကြမ်း ကော်မတီဝင်)က အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။
၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့ လာသော အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုသည်။
၅။ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေး က အဆိုတင်သွင်းရာ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း ဥက္ကဋ္ဌ က ကြေညာသည်။
၆။ အစည်းအဝေးကို ၁၁၀၂ နာရီ အချိန်တွင် ရပ်နားပြီး (၁၅)ရက်မြောက်နေ့ အစည်းအဝေးကို ၁၇-၁၂-၂၀၁၈ ရက်နေ့ (တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်