ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး
ပထမနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၀ ပြည့်နှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက်
( ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက် )
[တနင်္လာနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
ကတိသစ္စာပြုခြင်းနှင့် လက်မှတ်ရေးထိုးခြင်း
၂။ ကတိသစ္စာ မပြုရသေးသော တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်းများက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၃။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဥ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -
(က) ဦးရဲမြင့်စိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ ရန်ကုန်တိုင်း ဒေသကြီး၊ ခရမ်းမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးမှုစနစ် လိုအပ်ချက်များအရ စီမံကိန်း လျာထားချက်ရှိနေသည့် 230 KV ခရမ်း ပင်မဓာတ်အားခွဲရုံနှင့် 33 KV ဓာတ်အား ခွဲရုံငယ်များ ဆောလျင်စွာ တိုးချဲ့တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၏ ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
( ခ ) ဦးပြူးလွင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့နယ်တွင် ကျေးရွာ(၉)ရွာ အသုံးပြုနိုင်မည့် ယောချောင်း တံတား(၁)စင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ေဆာက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ခွဲဝေရရှိမှု အပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
( ဂ ) ဦးစောစိန်ထွန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ချောင်းဘောင်ပေါ်ရှိ မြေသားလမ်း “ရွှေစိုးစံ ဆီဆိုင်ရှေ့မှ မြောင်းခွရေပေးမြောင်း မိုင်နာ(၁)အထိ (၄.၃)မိုင်ရှည်သော လယ်ယာကုန်ထုတ်လမ်း”ကို မြေသားလမ်းမှ ကျောက်ချောလမ်းအဖြစ် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ကွင်းဆင်းတိုင်းတာတွက်ချက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းြေဖကြားသည်။
(ဃ) ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ မကွေးတိုင်း ဒေသကြီး၊ စလင်းမြို့နယ်အတွင်းရှိ ကျေးလက်လမ်းဦးစီးဌာန၏ ကျေးလက်လမ်း (၈၁)လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်အထိ (၃)နှစ်အတွင်း ကျောက်လမ်းကို ကတ္တရာလမ်း အဖြစ်လည်းကောင်း၊ ဂဝံမြေနီလမ်းကို ကျောက်လမ်းအဖြစ် လည်းကောင်း၊ မြေသားလမ်းကို ဂဝံမြေနီလမ်းများအဖြစ်လည်းကောင်း အသီးသီး အဆင့်တိုးမြှင့် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ ေဆာက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်အထိ (၃)နှစ်တာကာလအတွင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် လမ်းအသီးသီး အဆင့်တိုးမြှင့်ပေးရန် ဆက်လက်လျာထားသွားမည် ဖြစ်ပြီး ကျန်ရှိိသောကျေးလက်လမ်းများအားလုံးကို ၂၀၂၉-၂၀၃၀ ဘဏ္ဍာရေးနှစ်အထိ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို နှစ်အလိုက်ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(င) ဦးကျော်ကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ်ရှိ ပျက်စီးလာနေပြီဖြစ်သော ပီပင်ရင်း - နန်းတက် (ခေါ်) ပါးတော် ကျေးရွာ ချင်းဆက် ကျောက်ချောလမ်းကို ပြည်ထောင်စုဘဏ္ဍာငွေဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ ေဆာက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေတို့တွင် ထည့်သွင်းလျာထားပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
အဆုံးအဖြတ် ရယူခြင်း
၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေကြမ်းနှင့် စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် က ပြင်ဆင်ချက်ဖြင့် ပြန််လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။
အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း
၅။ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိန်းလွင် (ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့လာသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
၆။ အစည်းအဝေးကို ၁၀း၅၈ နာရီ အချိန်တွင် ရပ်နားပြီး ဒုတိယေန့ အစည်းအဝေးကို ၂၂-၁-၂၀၁၉ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်