ကော်မတီအကြံပေးပုဂ္ဂိုလ်ဖြစ်သော Mr.Alvin Lie နှင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီတို့သည် ကော်မတီ၏ လုပ်ငန်းနယ်ပယ်ဆိုင်ရာနှင့် မူဝါဒဆိုင်ရာများ အထောက်အကူပြုရန်အတွက် (၃၀.၁.၂၀၁၉) ရက်နေ့ (၁၃၀၀)နာရီအချိန်တွင် အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-17) အပေါ်ထပ်အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားလွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကျော်သီဟက အဖွင့်အမှာစကားပြောကြား၍ အင်ဒိုနီးရှားသမ္မတနိုင်ငံ အောက်လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း Mr.Alvin Lie က တွေ့ဆုံရသည့် ရည်ရွယ်ချက်၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ၏ ဥပဒေတစ်ခုရေးဆွဲရာတွင် လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်၊ သတ္ထုတူးဖော်မှုကဏ္ဍ၊ အခွန်ကဏ္ဍ၊ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုကဏ္ဍ၊ ရေနံနှင့်စွမ်းအင်ကဏ္ဍ၊ ဂျကာတာမြို့တော်၏ ရေမြောင်းစနစ်ကဏ္ဍ၊ သစ်တော လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက သိရှိလိုသည်များ အား မေးမြန်းရာ Mr.Alvin Lie က ပြန်လည်ဖြေကြားခဲ့ပါသည်။
ထို့နောက် အမျိုးသားလွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်သီဟ က နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို (၁၄၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။