ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး
ဒသမနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၀ ပြည့်နှစ်၊ တပို့တွဲလဆန်း ၄ ရက်
( ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် )
[သောကြာနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -
(က)ဦးစိုးဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ အံ့တော်ရပ်ကွက်၊ အံ့တော်ကွင်းရှိ စားကျက်မြေတွင် ဒေသခံများကို အဓမ္မလုပ်အားပေး ခိုင်းစေကာ “သံတွဲခရိုင် စံပြရော်ဘာစိုက်ပျိုးကွင်း” အဖြစ် အကောင်အထည်ဖော် စိုက်ပျိုးခဲ့ကြပြီး အဆိုပါရော်ဘာခင်းကို ထိုစဉ်က ဦးဆောင်စိုက်ပျိုးခဲ့ကြသည့် ခရိုင်အကြီးအကဲများကပင် ဦးပိုင်အမည်ပေါက်ရယူခဲ့ကြပြီး ယခုအခါ ခရိုင် အကြီးအကဲများမှ ရယူထားသော ရော်ဘာခင်းများတွင် ကုမ္ပဏီများမှ ဝင်ရောက်၍ လုပ်ငန်းများ ဆောင်ရွက်နေခြင်းများမှာ ဥပဒေလုပ်ထုံးလုပ်နည်းနှင့် ညီညွတ်ခြင်း ရှိ/မရှိနှင့် စားကျက်မြေနေရာ အသစ်တစ်ခုထပ်မံ၍ သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့် က လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်လျှောက်ထားပြီး ခွင့်ပြုချက် မရရှိမီ လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ခွင့်ပြုချက်ရယူခြင်းမရှိဘဲ လူနေအိမ်၊ ဘုန်းကြီးကျောင်း ဆောက်လုပ်ခြင်းနှင့် ရာသီသီးနှံများ စိုက်ပျိုးနေခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်းမရှိပါ၍ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေ၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေတို့နှင့်အညီ အရေးယူသင့်ကြောင်း၊ စားကျက်မြေပယ်ဖျက်ခွင့်ရရှိပြီး မြေဧရိယာကို စားကျက်မြေအဖြစ် ပြန်လည် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိကြောင်းနှင့် စားကျက်မြေအဖြစ် ကျန်ရှိသည့် မြေဧရိယာကို ထိန်းသိမ်းစောင့်ရှောက်ထားရှိပြီးဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
( ခ )ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်အတွင်း ကျေးရွာများဖြစ်သည့် ပုလဲကိုင်းကျေးရွာ၊ လက်ပန်ကျေးရွာ၊ ဇီးချောင်းကျေးရွာများအား ပြည်ထဲရေး အမည်စာရင်း ထည့်သွင်းပေးရန်နှင့် ကျေးရွာများအဖြစ် အသိအမှတ်ပြု သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့် က ပုလဲကိုင်းကျေးရွာအား ပြည်ထဲရေးအမည်ပေါက်ကျေးရွာအဖြစ် သတ်မှတ်မည် ဆိုပါက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ သစ်တော ကြိုးဝိုင်းမြေအဖြစ်မှ ပယ်ဖျက်ပြီးမှသာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ပန်ကျေးရွာနှင့် ဇီးချောင်းကျေးရွာတို့သည် စိစစ်တွေ့ရှိချက်များအရ ပြည်ထဲရေးအမည်ပေါက်ကျေးရွာအဖြစ် သတ်မှတ်ပေး၍ မသင့်ကြောင်း ရှင်းလင်းဖြေကြားသည်။
( ဂ )ဗိုလ်မှူးဇဝန၊ တပ်မတော်သားကိုယ်စားလှယ်၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)မှ ဥပဒေနှင့်အညီ ဆောင်ရွက်နေမှုများကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးဆက်အောင် က ပညာရေးဝန်ဆောင်မှုလုပ်ငန်းများကို ပုဂ္ဂလိကပညာရေး ဥပဒေပြဋ္ဌာန်းပြီးသည့်အခါ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ သိန်းမင်းစက်မှုလုပ်ငန်းအဖွဲ့ကုမ္ပဏီလီမိတက်မှ မုံရွာဝါကြိတ်စက်ရုံကို နှစ်ရှည်ငှားရမ်းခြင်းလုပ်ငန်းနှင့်စပ်လျဥ်း၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အထူးကွင်းဆင်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာပါ အချက်များအပေါ်အခြေခံ၍ ငှားရမ်းခများ ပြန်လည်ညှိနှိုင်းပြီး သီးသန့်စာချုပ် ပြင်ဆင်ချုပ်ဆိုရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာ ကော်မတီသို့တင်ပြရန် ဆုံးဖြတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၂ (ဆ) အရ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ကော်မရှင်ရုံးအဖြစ်လည်း တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
အဆို ဆွေးနွေးခြင်း၊ ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း
၃။ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁) မှ ဦးစိုးမိုး က ပြည်သူများ ယုံကြည်ကိုးစား အားထားပြီး ဖြောင့်မတ်မှန်ကန်မျှတသည့် တရားစီရင်ရေး ဖြစ်ထွန်းစေရန် တရားသူကြီး၊ အမှုသည်နှင့် သက်သေများ တရားခွင်တွင် ကျမ်းသစ္စာကို တိကျလေးနက်စွာကျိန်ဆိုရေး အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၇)ဦး က ဆွေးနွေးပါသည်။
၄။ ယင်းအဆိုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့် က ပြန်လည်ဖြေရှင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုသည်။
၅။ အစည်းအဝေးကို ၁၁၅၄ နာရီအချိန်တွင် ရပ်နားပြီး (၁၁)ရက်မြောက်နေ့ အစည်းအဝေးကို ၁၃-၂-၂၀၁၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်