Share this

(၁၁)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၁၃.၂.၂၀၁၉)

Wednesday, February 13, 2019 - 13:31
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၁၁)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ တပို့တွဲလဆန်း ၉ ရက်

( ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် )

[ဗုဒ္ဓဟူးနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက် မြောက်ေန့ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပ ပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

(က)  ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ကို ခရိုင်မြို့အဆင့်နှင့်ညီသော စကုမြို့နှင့် ပွင့်ဖြူမြို့တို့ကို မြို့အဆင့်နှင့်ညီသော အရည်အသွေးမီသည့် မြို့တွင်းလမ်း၊ ပလက်ဖောင်း၊ ရေမြောင်း၊ လမ်းမီးတိုင်များနှင့် လမ်းမီးများ ပြည့်စုံစွာ တိုးချဲ့ပြုပြင်ခြင်းတို့ကို မည်သည့်ပုံစံဖြင့် လျင်မြန်စွာ ဆောင်ရွက် ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင်၊ ဦးညီထွန်း က အမှန်တကယ်လိုအပ်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ် ရေးမှူး၊ စည်ပင်သာယာရေးကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။ 

( ခ )ဦးဇုန်လှယ်ထန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ချင်းပြည်နယ်၊ ဖလမ်းမြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုကြောင့် ပျက်စီးသွားသည့် နေအိမ်(၅)လုံး ပြန်လည်တည်ဆောက်နိုင်ရေး ကူညီ ထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် က မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများဖြစ်ပွားရာ၌ အန္တရာယ်ရှိသည့် လူနေအိမ်(၆)အိမ်အနက် နေအိမ် (၄)အိမ်သည် ဖြိုဖျက်ခဲ့ရပြီး (၂)အိမ်သည် မြေပြိုသည့်နေရာနှင့် ကင်းလွတ်သဖြင့် လူနေအိမ်ဖြိုဖျက်ရန်မလိုအပ်ကြောင်း၊ နေအိမ်(၄)လုံးအတွက် ပြန်လည်နေရာ   ချထားပေးရန် ချင်းပြည်နယ်အစိုးရအဖွဲ့မှ လျာထားလျက်ရှိသဖြင့် မြေပေးမိန့် ရရှိပြီးပါက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ တန်ဖိုးနည်းအိမ်ရာ (၄)လုံး ဆောက်လုပ်ပေးနိုင်ရန်အတွက် ရန်ပုံငွေခွဲဝေရရှိပြီးဖြစ်၍ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ၃၀.၆.၂၀၁၈ ရက်နေ့တွင် အိမ်မျက်နှာစာပျက်စီးခဲ့သည့် နေအိမ်(၁)အိမ်အတွက် ၈.၂.၂၀၁၉ ရက်နေ့တွင်  ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနမှ ဆန်ဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး ထောက်ပံ့ပေးခဲ့ကြောင်း၊ နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရေးအတွက်    ချင်းပြည်နယ်အစိုးရအဖွဲ့မှ မြေနေရာအတည်ပြုပြီးပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် နေအိမ်အမိုးသွပ်များကို သင့်တော်သည့်ပမာဏဖြင့် ထောက်ပံ့ပေးနိုင်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ဂ )ဒေါ်သီရိရတနာ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ မွန်ပြည်နယ်၊ သထုံ ခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ပြည်တွင်းစစ်ဘေးဒဏ်ခံခဲ့ရသော ဘီးလင်းမြစ် တစ်ဖက်ကမ်းရှိ အမဲရောင်ဒေသအဖြစ် သတ်မှတ်ခံခဲ့ရသော အရှေ့ဘက်ကမ်းဇုန်အား ဘက်စုံ တိုးတက်ဖွံ့ဖြိုးလာစေရန်နှင့် လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် သီးခြား စီမံချက်ဖြင့် မြှင့်တင်ဆောင်ရွက်ပေးရန် မည်သို့ဆောင်ရွက်ထားရှိသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် က အမဲရောင်ဒေသအဖြစ် သတ်မှတ်ခံခဲ့ရသော တောင်ပေါ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အဆောက်အအုံများဆိုင်ရာဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတားများ၊ လျှပ်စစ်မီးဆိုင်ရာကိစ္စရပ်များ ဘက်စုံတိုးတက်လာစေရန်နှင့် လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ ကွင်းဆင်း၍ လိုအပ်ချက်များအား စီမံကိန်းရေးဆွဲထားရန် ညှိနှိုင်းဆွေးနွေးထားပြီးဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ဃ )ဒေါ်နန်းမိုးမိုးထွေး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့ရှိ ပိုင်ကျုံတံတားအား ကွန်ကရစ်တံတား သို့မဟုတ် ဘေလီသံကြမ်းခင်းတံတားအဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အဆင့် မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဥ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က မူလသစ်သားကြမ်းခင်းနေရာ တွင် သံမဏိကြမ်းခင်း ပြောင်းလဲဆောင်ရွက်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံ သွားမည်ဖြစ်ပြီး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများမဆောင်ရွက်မီ ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုဦးစွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( င )ဒုတိယဗိုလ်မှူးကြီးသန့်ဆွေ၊  တပ်မတော်သားကိုယ်စားလှယ်၏ ရန်ကုန် - မန္တလေး လမ်း(လမ်းဟောင်း)တွင် နေ့စဉ်ဖြတ်သန်းသွားလာသော ယာဉ်ကြီး/ ယာဉ်ငယ်၊ ဆိုင်ကယ်များ သွားလာနေမှုတွင် ယာဉ်တိုက်ခိုက်မှုများ တိုးတက်ဖြစ်ပွားလာမှု အပေါ် ထိန်းသိမ်းကြပ်မတ်နေမှုကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ယာဉ်အန္တရာယ်ကြောင့် နှစ်စဉ်လူသေဆုံးမှုကို (၅၀% )လျှော့ချနိုင်ရေးအတွက် ဒုတိယသမ္မတ(၂) ဥက္ကဋ္ဌ အဖြစ်ပါဝင်ပြီး အဖွဲ့ဝင်(၂၂)ဦးဖြင့် ဖွဲ့စည်းထားရှိသော အမျိုးသား ယာဥ်အန္တရာယ်/ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ National Road Safety Council (NRSC) ကိုဖွဲ့စည်း၍ အမျိုးသားယာဥ်အန္တရာယ်/ လမ်းအန္တရာယ် ကင်းရှင်းရေးစီမံချက်ကို ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

( စ )ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့ တွင်း မြို့မရပ်ကွက်-ပလက်ဝ-မတူပီလမ်း အစမှစတင်၍ ကင်းဝကျေးရွာ၊ ကုလားတန်မြစ်ကူး(ပလက်ဝ)တံတားအထိ လမ်းတာချဲ့ခြင်းနှင့် ကွန်ကရစ် လမ်းခင်းခြင်းတို့ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမ(၆)လ ဘတ်ဂျက်တွင် လျာထားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်းခင်းခြင်းနှင့် ၃၄ ပေ အကျယ်လမ်းတာချဲ့၍ လမ်းအနိမ့်အမြင့် ဖြေညှိခြင်း(၃)မိုင် ဆောင်ရွက်ပေးနိုင်ရန် လျာထားရန်ပုံငွေ တင်ပြတောင်းခံထားပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ဆ ) ဦးခင်ဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ စွယ်ပေါက္ကံကျေးရွာမှ ညောင်ဇင်ကျေးရွာသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား ပြုပြင်ထိန်းသိမ်းပြီး အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ပြည်ထောင်စုရန်ပုံငွေနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတို့တွင် ဘဏ္ဍာရေးနှစ်အလိုက် အပိုင်းလိုက်ထည့်သွင်းလျာထားပြီး ခွဲဝေ ရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။ 

အသိပေး တင်ပြခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၃။ ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော် က အတည်ပြုပြီးပေးပို့ထားသော နယ်နိမိတ်တိုင်းတာ ပိုင်းခြားသတ်မှတ်ရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာ ခြင်းကို အသိပေးတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၄။ အစည်းအဝေးကို ၁၁၀၈ နာရီ အချိန်တွင် ရပ်နားပြီး (၁၂)ရက်မြောက်နေ့ အစည်းအဝေးကို ၁၄-၂-၂၀၁၉ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်