ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
(၁၃)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၁ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်
(၂၀၁၉ ခုနှစ်၊ မေလ ၃၀ ရက်)
[ ကြာသပတေးနေ့ ]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက် မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မေလ ၃၀ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-
(က) ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်တွင် အသေးစား (SME) လုပ်ငန်းစုများပါဝင်သော စက်မှုဇုန်တစ်ခု အကောင်အထည်ဖော်ထူထောင်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို က ချင်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် မြေပြင်ကွင်းဆင်းလေ့လာရေးအဖွဲ့ ဖွဲ့စည်း၍ Feasibility Study များ ပြုလုပ်နေပြီး မြေပြင်ကွင်းဆင်းလေ့လာရေးအဖွဲ့၏ အသေးစိတ်အစီရင်ခံစာအရ လက်တွေ့ အကောင်အထည်ဖော်နိုင်ရန် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့်အတူ သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းပါဝင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၏ ကိုယ်စား ရှင်းလင်းဖြေကြားသည်။
(ခ) ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အပ်စကျေးရွာအုပ်စု၊ ဟုန်းကျေးရွာ၊ ကျေးလက်ကျန်းမာရေး ဌာန(ခွဲ)အား ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ဝန်ထမ်းဖွဲ့စည်းပုံတိုးချဲ့ပြင်ဆင်ခြင်း၊ အသစ်ခန့်ထားခြင်းနှင့်စပ်လျဉ်း၍ လိုက်နာ ဆောင်ရွက်နိုင်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု အစီရင်ခံစာ အပေါ်အခြေခံသော အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးမှသာ အဆိုပါအမိန့်ကြော်ငြာစာ တွင်ပါရှိသော သတ်မှတ်ချက်များနှင့်အညီ စိစစ်တင်ပြရန် လမ်းညွှန်ချက်အား အကြောင်းကြားထားပါသဖြင့် အဆိုပါအမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးမှသာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွဲ့စည်းပုံခွင့်ပြုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဂ) ဦးခင်ဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ မကွေးတိုင်းဒေသကြီး၊ ဂွေးပင်တိုက်နယ်၊ ဂွေးပင်ကျေးရွာတွင်ရှိသော ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အဆင့်တိုးမြှင့် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ၂၀၁၉ ခုနှစ်မူဖြင့် ကိုက်ညီမှုမရှိသောကြောင့် တိုက်နယ်ဆေးရုံအဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ် မရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။
(ဃ) ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ မသန်စွမ်းသူများအား အခမဲ့ ဖြစ်စေ၊ ကျခံနိုင်သော နှုန်းထားတစ်ခုနှင့်ဖြစ်စေ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တစ်ခု ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က အရေးပေါ်ကုသမှုများ၊ ရောဂါရှာဖွေမှုများနှင့် ဝန်ထမ်းများ၏ ဝန်ဆောင်မှုများအား အခမဲ့စနစ်ဖြင့် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး အခမဲ့ဆောင်ရွက်မှုမပေးနိုင်သည့် ဆေးကုသမှုနှင့်ဝန်ဆောင်မှုများအတွက် အနည်းဆုံးလိုအပ်သည့် ကုန်ကျငွေဖြင့် ကျခံစေနိုင်မည်ဖြစ်သော်လည်း မသန်စွမ်းသူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၏ ကုန်ကျငွေအတွက် ရေရှည်စီမံချက်အနေဖြင့် ကျန်းမာရေးအာမခံ စနစ်တစ်ခုဖော်ဆောင်ကာ ဆောင်ရွက်သင့်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
(င) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ထန်းဇင်ကျေးရွာအုပ်စု၊ ထန်းပုကျေးရွာ တွင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ) ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ဝန်ထမ်းဖွဲ့စည်းပုံတိုးချဲ့ ပြင်ဆင်ခြင်း၊ အသစ်ခန့်ထားခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်နိုင်ရန် အတွက် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု အစီရင်ခံစာအပေါ်အခြေခံသော အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးမှသာ အဆိုပါအမိန့်ကြော်ငြာစာတွင် ပါရှိသော သတ်မှတ်ချက်များနှင့်အညီ စိစစ်တင်ပြရန် လမ်းညွှန်ချက်အား အကြောင်းကြား ထားပါသဖြင့် အဆိုပါအမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးမှသာ ကျေးလက်ကျန်းမာရေး ဌာနခွဲ ဖွဲ့စည်းပုံခွင့်ပြုမိန့်ရရှိရေးအတွက် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(စ) ဦးထွန်းထွန်းဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ အသေးစား စိတ်ဝေဒနာများကို ကုသသည့် ဆေးဝါးတချို့နှင့် အလွန်ကိုက်ခဲနာကျင်သော ဝေဒနာများကို သက်သာစေသည့် ဆေးဝါးတချို့တို့သည် ထိန်းချုပ်ဆေးဝါးများ စာရင်းတွင် ပါဝင်နေပါသဖြင့် ဝယ်ယူရန် အလွန်ခက်ခဲပြီး ဝေဒနာရှင်များအား အလွယ်တကူ ကုသနိုင်စေရေးအတွက် မည်ကဲ့သို့ ဖြေလျှော့ပြောင်းလဲ စီမံ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က အထူး ထိန်းချုပ်ဆေးဝါးများကို ပုဂ္ဂလိကအထူးကုဆေးရုံကြီးများအပြင် အထူးကုဆေးခန်း များတွင်လည်း ရောင်းချခွင့်ပြုနိုင်ရန်၊ အထူးကုသမားတော်များ၏ ဆေးညွှန်း စာဖြင့် ယခင်(၂)ပတ်စာညွှန်ကြားခြင်းမှ (၁)လအထိ တိုးမြှင့်ညွှန်ကြားနိုင်ရန်၊ မြို့ပြ/မြို့ကြီးများနှင့် အလှမ်းကွာဝေးသောဒေသများတွင် နေထိုင်သော လူနာ များအတွက် သက်ဆိုင်ရာ ခရိုင်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး၏ ထပ်ဆင့်ထောက်ခံချက်ဖြင့် ရောင်းချနိုင်ရန်အတွက် ဆေးဝါးအကြံပေးကော်မတီ အစည်းအဝေးတွင် တင်ပြဆွေးနွေး၍ ပြင်ဆင်ဆောင်ရွက်နိုင်ရန် စီစဉ်ထား ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဆ) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ ငါဖိုင်ပီး ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က လိုအပ်သည့် အခြေခံမူများ (၂၀၁၉)နှင့် ကိုက်ညီမှုမရှိပါသဖြင့် တိုက်နယ်ဆေးရုံဖွင့်လှစ်ရန် သင့်လျော်မှုမရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။
(ဇ) ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာရွာကြီးအား မြို့ အဖြစ် အဆင့်တိုးမြှင့်သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း က ရပ်ကွက်/ကျေးရွာများ၏ မြေအသုံးချမှု အခြေအနေနှင့် ကျေးရွာ(၁)ရွာချင်းစီ၏ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ ဘာသာရေး၊ လူမှုရေးဆိုင်ရာ အချက်အလက်များ၊ ကျေးရွာသမိုင်း ကြောင်းစသည့် စာရင်းဇယားများ ပြုစုဆောင်ရွက်လျက်ရှိပြီး အချက်အလက် စာရင်းဇယားများနှင့် မြေပုံများပြည့်စုံအောင် ဆောင်ရွက်ပြီးပါက လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံခန့်ခွဲရေးကော်မတီတို့မှ ကွင်းဆင်းစစ်ဆေးပြီး အမှုတွဲတစ်ပေါင်းတည်းတည်ဆောက်၍ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။
(ဈ) ဦးဖေချစ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ ရန်ကုန်မြောက်ပိုင်း ခရိုင်၊ မှော်ဘီမြို့နယ်၊ ထိန်စွန်းစားကျက်မြေတွင် စိုက်ပျိုးအသက်မွေးနေကြသော အိမ်ထောင်စုများမှ လူနေထိုင်ခွင့်ရရှိရေးအတွက် စားကျက်မြေပယ်ဖျက်ပေးရန် လျှောက်ထားခဲ့ကြရာ ခွင့်မပြုဟု အကြောင်းကြားလာသဖြင့် နှစ်များစွာ စိုက်ပျိုး နေထိုင်ပြီးဖြစ်သော ပြည်သူလူထုထိခိုက်နစ်နာမှုမရှိစေရေး မည်ကဲ့သို့ဆောင်ရွက် ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် က လျှောက်ထားသူများသည် စားကျက်မြေပေါ်တွင် နှစ်ပေါင်း (၄၀)ကျော်ခန့်နေထိုင်ခဲ့ပြီး နှစ်စဉ်ရာသီသီးနှံများ စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း၊ နှစ်ပေါင်းများစွာကြာရှည်ပြီး အခိုင်အမာဖြစ်နေမှုကြောင့် တရားဥပဒေအရ အရေးယူရန် အခက်အခဲများရှိိနိုင်ခြင်း၊ စားကျက်မြေကျူးကျော်မှုများမှာ တစ်နိုင်ငံလုံးအတိုင်းအတာ အရ ဖြစ်ပေါ်နေခြင်းတို့ကြောင့် စားကျက်မြေစီမံခန့်ခွဲမှုကိစ္စရပ်များနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ မူဝါဒချမှတ်သင့်ကြောင်း နှင့် မူဝါဒရရှိပါက လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။
အဆိုတင်သွင်းခြင်း၊ အဆုံးအဖြတ်ရယူခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၃။ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေး က နိုင်ငံခြားတက္ကသိုလ် သို့မဟုတ် ပညာရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ဖြစ်စေ၊ မိမိကိုယ်ပိုင် သင်ရိုးညွှန်းတမ်းများ ဖြင့်ဖြစ်စေ ဖွင့်လှစ်သင်ကြားပို့ချနေသော ပုဂ္ဂလိကပညာရေး သင်တန်းကျောင်းများ၏ အရည်အသွေး၊ အဆင့်အတန်းကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် ယင်းသင်တန်းကျောင်းများမှ ထုတ်ပေးသော လက်မှတ်များကိုစိစစ်၍ သတင်းထုတ်ပြန်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို တင်သွင်းပြီး လက်ခံဆွေးနွေးရန် သင့်မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လက်ခံ ဆွေးနွေးရန်ဆုံးဖြတ်သဖြင့် ဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
၄။ အစည်းအဝေးကို ၁၁:၄၄ နာရီ အချိန်တွင် ရပ်နားပြီး (၁၄)ရက်မြောက်နေ့ အစည်းအဝေးကို ၃-၆-၂၀၁၉ ရက်နေ့(တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်