ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
ဒုတိယနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၁ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်)
[ ကြာသပတေးနေ့ ]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။
(က) နော်လှလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ ရန်ကုန်မြို့၊ ဂျိုးဖြူရေပိုက်လိုင်းအနီးတွင် စည်းကမ်းမဲ့ကျူးကျော်သူများမှ ဆောင်ရွက်နေသည်များကို အရေးယူပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင်၊ ဦးညီထွန်းက အာဏာပိုင်အဖွဲ့အစည်းများ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအပါအဝင် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့မှ ပူးပေါင်းအဖွဲ့အစည်းများ၊ သက်ဆိုင်ရာနယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်များ၏ အကူအညီများရယူ၍ ဥပဒေနှင့်အညီ ဖယ်ရှားရှင်းလင်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ခ) ဒေါ်နွယ်နွယ်အောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တော်တွင် Road Traffic Control System အကောင်အထည်ဖော်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင်၊ ဦးညီထွန်းက ယာဉ်/လမ်း အန္တရာယ်ကင်းရှင်းရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မီးပွိုင့်များ၊ Slow down များ၊ လူကူးမျဉ်းကြားများနှင့် အရှိန်ထိန်းအချက်ပြမီးဝါများ တပ်ဆင်ထားရှိပြီးဖြစ်ပါ၍ လတ်တလောတွင် Road Traffic Control System အကောင်အထည်ဖော်ရန် အစီအစဉ်မရှိကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။
(ဂ) ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင်းရှိ အမှတ်(၄)ရပ်ကွက်မှ အမှတ်(၃)နှင့် အမှတ်(၂)ရပ်ကွက်များသို့ ဆက်သွယ်သောလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင်၊ ဦးညီထွန်းက ခါမ်းပါတ်မြို့ စည်ပင်သာယာရေးအဖွဲ့၏ ဘတ်ဂျက်အခြေအနေအရ ရန်ပုံငွေလုံလောက်မှုမရှိသဖြင့် လျာထားနိုင်ခြင်းမရှိသေးကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။
ဥပဒေကြမ်း ဆွေးနွေးခြင်း
၃။ အခြေခံပညာရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ကိုယ်စားလှယ်(၅)ဦးတို့က ဆွေးနွေးသည်။
၄။ အစည်းအဝေးကို ၁၀:၅၀ နာရီအချိန်တွင် ရပ်နားပြီး တတိယနေ့ အစည်းအဝေးကို ၂၃-၇-၂၀၁၉ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်