တတိယအကြိမ် အမျိုးသားလွှတ်တော်
ဒုတိယပုံမှန် အစည်းအဝေး၊ တတိယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်)
စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးအောင်ချစ်လွင် ၏ အဆိုနှင့်စပ်လျဉ်း၍ ဖြေကြားချက်
ရိုသေလေးစားရပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်တကွ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ ပြည်ထောင်စုအဆင့်ဝင်များအားလုံး မင်္ဂလာပါလို့ ဦးစွာပဏမ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်မကတော့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးအောင်ချစ်လွင် ရဲ့ “အခြေခံပညာကျောင်းများရှိ ပညာသင်ကြားရေး ဆရာ/ဆရာမများ လိုအပ်နေမှု အခြေအနေကို နိုင်ငံတော်မှ အချိန်မီ ဖြည့်ဆည်းဆောင်ရွက်ပေးရေး ရှိ/မရှိ” အဆိုနှင့် စပ်လျဉ်း၍-
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင်
- အခြေခံပညာအထက်တန်းကျောင်း (၃) ကျောင်း၊
- အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (၅) ကျောင်း၊
- အခြေခံပညာအလယ်တန်းကျောင်း (၃) ကျောင်း၊
- အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) (၅) ကျောင်း၊
- မူလတန်း (လွန်) ကျောင်း (၁၇) ကျောင်း၊ မူလတန်းကျောင်း (၃၉) ကျောင်း၊
- မူလတန်းကျောင်း(ခွဲ) (၂၁) ကျောင်း၊ စုစုပေါင်း (၉၃) ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ထက်ဆင့်သင်ဆရာ (၄၅) ဦး၊ လယ်ဆင့်သင်ဆရာ (၃၆) ဦးနှင့် မူဆင့်သင်ဆရာ (၁၅၆) ဦးတို့ဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ အောင်မြင်စေရန် ဆောင်ရွက်ခဲ့ပါတယ်။
အထက်တန်းနှင့် အလယ်တန်းကျောင်းများတွင် ကျောင်းအုပ်ကြီးများကို ပြည့်စုံအောင်ခန့်ထားပြီးဖြစ်ပါတယ်။ လိုအပ်သောမူလတန်းကျောင်းအုပ်နှင့် သင်ကြားရေးဝန်ထမ်းများအား ရာထူးအတိုးအပြောင်းလုပ်ငန်းဆောင်ရွက်ချိန်တွင် ဆန္ဒပြုလျှောက်ထားသူရှိပါက ဖြည့်ဆည်းခန့်ထားပေးသွားမှာဖြစ်ပြီး ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့မှ သင်တန်းဆင်းများကို ထက်ဆင့်သင်ဆရာများဖြင့်လည်းကောင်း၊ ပညာရေးဒီဂရီကောလိပ်များမှ သင်တန်းဆင်းများကို လယ်ဆင့်သင်နှင့် မူဆင့်သင်ဆရာများအဖြစ်လည်းကောင်း သတ်မှတ်လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြည့်ဆည်းခန့်ထားပေးသွားမှာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါတယ်။