Share this

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ အစည်းအဝေးအကျဉ်းချုပ်(၁၀-၇-၂၀၂၆)

Friday, July 10, 2026 - 15:10
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး

(၁၅)ရက်မြောက်နေ့ အစည်းအဝေးအကျဉ်းချုပ်

၁၃၈၈ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၁၁  ရက်

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်)

[ သောကြာနေ့ ]

 

၁။ တတိယအကြိမ် အမျိုးသားလွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း

၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂၀၉)ဦးရှိပြီး (၂၀၄)ဦး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၄၂ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။

ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း

၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ (၂၀၉)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ(၅)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူမရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ) အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။ 

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၄။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-

(က) ဒေါ်နွယ်နွယ်ဦး၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ၏ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်း အမျိုးသားအားကစား အဆင့်အတန်းမြှင့်တင်ရေး၊ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် (၁၂၀ x ၉၀ x ၃၆) ပေ အတိုင်းအတာရှိသော (က)အဆင့် အားကစားရုံတည်ဆောက်ပေးရန်၊ ဝန်ထမ်းများအတွက် နေထိုင်ရေးအဆင်ပြေစေမည့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ပေးရန်နှင့် မြို့နယ်တင်းနစ်ကွင်း ဘေးပတ်ပတ်လည်ကို ခြံစည်းရိုးအုတ်တံတိုင်းကာရံပေးရန် အစီအစဉ် ရှိ/မရှိ နှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပြီး မည်သည့်အချိန်ကာလတွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီ က နီးစပ်ရာဘဏ္ဍာရေးနှစ်၏ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေစာရင်းတွင် လျာထားတင်ပြတောင်းခံပေးသွားမည်ဖြစ်ပြီး ခွင့်ပြုရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဦးစားပေးလုပ်ငန်းအလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အတူ ပေါင်းစပ်ရှင်းလင်းဖြေကြားပါသည်။

( ခ ) ဦးထွန်းအောင်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်သည်   (၈-၁၁-၂၀၂၃) ခုနှစ်မှစတင်၍ စစ်ဘေးဒဏ်သင့်ခဲ့ရပြီး ထီးချိုင့်မြို့နယ်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ စာသင်ကျောင်းဆောင်(၇)ဆောင်သည် စစ်‌ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများရှိနေပါသဖြင့် အလျင်အမြန်ပြုပြင်ပေးရန် လိုအပ်နေပါသောကြောင့် အစိုးရအနေဖြင့် အကြီးစားပြုပြင်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ပြုပြင်ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က အသေးစားပြင်ဆင်ရန်လိုအပ်သော ကျောင်းဆောင်(၅)ဆောင်ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြင်ဆင်ထိန်းသိမ်း ရေးစရိတ်ရန်ပုံငွေဖြင့် ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် အကြီးစားပြင်ဆင်ရမည့် လက်ဝဲသုန္ဒရဆောင်နှင့် ဖျက်သိမ်းဆောက်လုပ်ရမည့် မန်လည်ဆောင်အစား (၁၄၀ x ၃၀)‌ပေ RCC (၂)ထပ် အသစ်ဆောက်လုပ်နိုင်ရေးအတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ်မူတည်ပြီး တိုင်းဒေသကြီး၏ ဦးစားပေးအစီအစဉ်အရ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

( ဂ ) ဦးဉာဏ်ထွန်း၊ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) ၏ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ဒုံးပုလဲအော် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် (၁၃၀ x ၃၀ x ၂၄)‌ပေ RCC နှစ်ထပ် ကျောင်းဆောင်သစ်(၁)ဆောင်၊ ကဘင်းချောင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် (၁၃၀ x၃၀ x ၂၄)‌ပေ RCC နှစ်ထပ်ကျောင်းဆောင်သစ်(၁)ဆောင်၊ မိုင်းသွေး အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် (၁၂၀ x၃၀ x ၁၂)‌ပေ RCC တစ်ထပ်ကျောင်းဆောင်သစ်(၁)ဆောင်တို့ကို ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် သို့မဟုတ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် က ဒုံးပုလဲအော် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် (၁၃၀ x ၃၀)‌ပေ RCC (၂)ထပ်ဆောက်လုပ်ရန် မြေနေရာလုံလောက်မှုရှိခြင်း၊ ကဘင်းချောင်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် (၁၃၀ x ၃၀)‌ပေ RCC (၂)ထပ်ဆောက်လုပ်ရန် မြေနေရာလုံလောက်မှုရှိခြင်းနှင့် မိုင်းသွေးအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် (၁၂၀ x ၃၀)‌ပေ RCC (၁)ထပ်ဆောက်လုပ်ရန် မြေနေရာလုံလောက်မှုရှိခြင်းတို့ကြောင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(တည်ဆောက်ရေး)ဘတ်ဂျက်ရရှိမှုအပေါ်မူတည်၍ တိုင်းဒေသကြီး၏ ဦးစားပေးအစီအစဉ်အရ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

အဆိုဆက်လက်ဆွေးနွေးခြင်း

၅။ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) ဒေါ်စိုးစိုးမြင့် က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရာတွင် အခွန်များစနစ်တကျ ကောက်ခံရရှိရေးနှင့် ပြည်သူများ၊ အစိုးရဌာနများနှင့်ချိတ်ဆက်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိကင်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခွန်နှင့်အဂတိကို ထိရောက်သောအစီအမံများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ခြင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၈)ဦးက ဆက်လက်ဆွေးနွေးပါသည်။

၆။ အစည်းအဝေးကို ၁၂:၀၁ နာရီ အချိန်တွင် ရပ်နားပြီး (၁၆)ရက်မြောက်နေ့အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် (တနင်္လာနေ့) တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

 

အမျိုးသားလွှတ်တော်