Share this

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာအုပ်စု၊ ဝန်းဘိုကျေးရွာသို့ ဖောက်လုပ်ထားသော မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

Thursday, June 18, 2026 - 12:43
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

 

ဦးရှာမွေလရှဲန်

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ သတ္တမနေ့

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်)

 ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၁)  ဦးရှာမွေလရှဲန် မေးမြန်းသည့်

ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်းသည့်မေးခွန်း  

 

လေးစားရပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါခင်ဗျာ-

ကျွန်တော်ကတော့ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) မှ ဦးရှာမွေလရှဲန် ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ကျိုင်းတုံမြို့နယ်၊ ပန်းကြူအုပ်စု၊ ဝန်းဘိုရွာတည်ရှိလာသည်မှာ နှစ်ပေါင်း (၁၀၀) ကျော်ရှိပြီး နိုင်ငံတော်မှ ကျေးရွာရေရရှိရေး၊ အထက(ခွဲ)ကျောင်း အဆောက်အဦနှင့် ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦများ ဆောက်လုပ်ပေးခဲ့ပါသည်။ သို့သော် မင်းဘိုရွာအတက်လမ်းမှာ ကိုယ့်အားကိုယ်ကိုး ဖောက်လုပ်ထားသည့် မြေသားလမ်းသာ ဖြစ်နေပါ၍ မိုးရာသီနှင့် ဆောင်းရာသီများတွင် သွားလာရေးအခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း၊ ထိုလမ်းကို ဝန်းဘိုရွာ၊ နမ့်ကျန်းရွာ၊ ဖါးခေါရွာ၊ မားတေဒေရွာများမှ ရွာသူရွာသားပေါင်း (၁၅၀၀) ဦးခန့်၏ အသုံးပြုနေသောလမ်းဖြစ်ကြောင်း၊ ရွာသူ/ရွာသားများ၏ကိုယ်စား ဦးဒေးဗစ် ရွာသူကြီးမှ စာရေးသားတင်ပြလာပါသည်။

ဒါကြောင့် နိုင်ငံတော်မှ မိုးမိုင်လမ်းခွဲမှ ဝန်းဘိုရွာထိပ် အလက(ခွဲ) ကျောင်းအထိ လမ်းအရှည် ခန့်မှန်း(၃)မိုင်ခန့်ကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးပါက ရွာသူ/ရွာသားများ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသထွက်ကုန်ပစ္စည်းများကို ကျိုင်းတုံမြို့သို့ ရာသီမရွေး သွားလာပို့ဆောင်နိုင်မည် ဖြစ်တဲ့အတွက် လူမှုရေး၊ စီးပွားရေး အဆင့်အတန်း ပိုမိုမြင့်မားလာမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဝန်းဘိုရွာအတက်လမ်း မိုးမိုင်လမ်းခွဲမှ ဝန်းဘိုရွာထိပ် အလက(ခွဲ)ကျောင်းအထိ ကွန်ကရစ်လမ်း ခင်းပေးနိုင်ခြင်းရှိ/ မရှိမေးခွန်း မေးမြန်းရခြင်းဖြစ်ပါတယ်။

 


တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ သတ္တမနေ့

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်)

 ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၁)  ဦးရှာမွေလရှဲန် မေးမြန်းသည့်

 ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များအားလုံးစိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ကျွန်တော်ကတော့ နယ်စပ်ရေးရာဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး ဖြစ်ပါတယ်။ ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) ဦးရှာမွေလရှဲန်ရဲ့ “ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာအုပ်စု၊ ဝန်းဘိုကျေးရွာသို့ ဖောက်လုပ်ထား‌သော မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းကိုဖြေကြားသွားမှာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် မေးမြန်းသည့် ကျိုင်းတုံမြို့နယ်၊ ပန်ကြူ‌ကျေးရွာအုပ်စု၊ နမ့်အော် - ဝန်းဘို - နမ့်ကျန်း - ဖားခေါကျေးရွာချင်းဆက် မြေသားလမ်းသည် အရှည် ၅/၀ မိုင်ရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာနမှ နယ်စပ်ရေးရာဝန်ကြီးဌာနသို့ လွှဲပြောင်းပေးထားသောလမ်း ဖြစ်ပါတယ်။ ၎င်းလမ်းသည် မြေပြင်တွင် အကျယ် ၁၂ ပေခန့်သာရှိသဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရန်အတွက် မြေသားလမ်းတာချဲ့ခြင်းလုပ်ငန်းအား ဉီးစွာ‌ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကျေးရွာ ၄ ရွာမှ အိမ်ခြေ ၂၅၆ အိမ်နှင့် လူဦးရေ ၁၆၄၅ ဦးတို့ကို အကျိုးပြုနိုင်မှာဖြစ်ကြောင်း စိစစ်သိရှိရပါတယ်။

သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ် မေးမြန်းခဲ့သော ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာအုပ်စု၊ နမ့်အော် - ဝန်းဘို - နမ့်ကျန်း - ဖားခေါ ကျေးရွာချင်းဆက် မြေသားလမ်း ၅/၀ မိုင်အား အဆင့်မြှင့်တင်နိုင်ရန်အတွက် နယ်စပ်‌ဒေသဖွံဖြိုရေး ပြည်နယ်အစိုးရရန်ပုံငွေမှ ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ဘဏ္ဍာရေးနှစ်အလိုက် လျာထားဆောင်ရွက်မည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။