ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး
(၁၆)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၀ ပြည့်နှစ်၊ နတ်တော်လဆန်း ၁၂ ရက်
( ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက် )
[ဗုဒ္ဓဟူးနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -
(က)ဒေါ်သီရိရတနာ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ စက်မှုဝန်ကြီးဌာနတွင် ဖြစ်ပေါ်နေသော ဝန်ထမ်းပိုလျှံနေမှုကို အကျိုးရှိစွာ မည်သို့စီမံမည်ကို ရှင်းလင်းစွာ သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို က လတ်တလောအခြေအနေအရ စက်ရုံများကို ရပ်ဆိုင်းထား ရသော်လည်း ပုံမှန်လည်ပတ်မည်ဆိုပါက လက်ရှိဝန်ထမ်းများဖြင့်သာ ထုတ်လုပ်မှု ဆောင်ရွက်သွားနိုင်ရေးနှင့် သံမဏိစက်ရုံစီမံကိန်းများ တည်ဆောက်ပြီးစီးပါက ထပ်မံလိုအပ်မည့် ဝန်ထမ်းများကိုလည်း စက်မှုဝန်ကြီးဌာန၏ လက်ရှိအင်အားမှပင် ထုတ်နုတ်၍ တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံ များအား ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းခြင်း (Private-Publish Partnership)ကို လက်တွေ့ကျကျ ပိုမိုအကောင်အထည်ဖော်နိုင်ရေးအတွက် ဖွဲ့စည်းပုံကို ပြင်ဆင် ဖွဲ့စည်း၍ လုပ်ငန်းများ သွက်လက်မြန်ဆန်စွာဖြင့် နိုင်ငံတော်အကျိုးရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တစ်ပြိုင်တည်းမှာပင် အခြားသောဝန်ကြီးဌာနများသို့ သင့်လျော်သောဝန်ထမ်းများအား ပြောင်းရွှေ့နေရာချထားပေးနိုင်ရေးကို ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
( ခ )ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ လျှပ်စစ် ဆိုင်ရာလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန် လျှပ်စစ်ကော်မရှင်အား ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က လုပ်ငန်း တာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ရန် အထောက်အပံ့ပြုမည့် ဌာနများနှင့် ရုံးအဖွဲ့များမရှိခြင်း၊ ကော်မရှင် အသုံးစရိတ်ရန်ပုံငွေ မရှိခြင်းနှင့် လျှပ်စစ်ကော်မရှင် ၏ လုပ်ငန်းသဘောသဘာဝများကို နားလည်တတ်ကျွမ်းသော ဝန်ထမ်းများ ရရှိနိုင်ရန် လေ့ကျင့်ပျိုးထောင်ရမည့် အချိန်ကာလ လိုအပ်နေသေးခြင်းတို့ကြောင့် သင့်လျော်သည့် အချိန်ကာလရောက်မှသာ ဖွဲ့စည်းသင့်ကြောင်း ရှင်းလင်း ဖြေကြားသည်။
( ဂ ) ဒေါ်နွယ်နွယ်အောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ မွန်ပြည်နယ်၊ မော်လမြိုင် မြို့နယ်၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ စက်မှုဇုန်တွင် လည်ပတ်လျက်ရှိသော ကျောက် မီးသွေးသုံး ခနောက်စိမ်း သန့်စင်စက်ရုံများဖြစ်သော မြန်မာဆန်းဇော်စက်ရုံနှင့် မြန်မာရှင်းရှင်းစက်ရုံနှစ်ခုတို့မှ ထွက်ရှိလာသော အနံ့ဆိုးများကြောင့် ရပ်ကွက်နေ ပြည်သူများ ကျန်းမာရေးထိခိုက် ဖြစ်ပွားလျက်ရှိပါသဖြင့် ပြည်သူများ ထိခိုက်မှု မရှိစေရေးအတွက် မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ယင်း စက်ရုံများအပေါ် မည်ကဲ့သို့ကြီးကြပ် ဆောင်ရွက်နေသည်ကို သိရှိလိုခြင်းနှင့် လိုက်နာမှုမရှိပါက ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က စက်ရုံ(၂)ရုံအား ပတ်ဝန်းကျင် အရည်အသွေးတိုင်းတာရေးစက်များဖြင့် သတ်မှတ်စံချိန်စံညွှန်းများနှင့် ညီ-မညီ တိုင်းတာစစ်ဆေးခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းတို့ကို ကြီးကြပ်ဆောင်ရွက်သွား မည်ဖြစ်ပြီး သတ်မှတ်စံချိန်စံညွှန်းထက် ကျော်လွန်ကြောင်း တွေ့ရှိရပါက မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် မွန်ပြည်နယ်အစိုးရ အဖွဲ့သို့တင်ပြပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါစက်ရုံများကို ပိတ်သိမ်းရန် လောလောဆယ်တွင် အစီအစဉ်မရှိကြောင်းနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်မှု ရှိ-မရှိ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ်၍ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုက်နာမှု မရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
(ဃ) ဦးရဲထွဋ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ ၁၉၉၈ ခုနှစ်က စံပယ် တောင်၊ ကြေးစင်တောင်သတ္တုတွင်းအား အိုင်ဗင်ဟိုကုမ္ပဏီနှင့် မြန်မာနိုင်ငံအစိုးရ တို့သည် မြန်မာအိုင်ဗင်ဟို ကြေးနီကုမ္ပဏီကိုထူထောင်ကာ ဖက်စပ်တူးဖော် လုပ်ကိုင်ခဲ့ပြီး ထိုသို့လုပ်ဆောင်ရာတွင် လက်ရှိရာထူးနှင့် ဖွဲ့စည်းပုံကိုဖျက်သိမ်း၍ မြန်မာအိုင်ဗင်ဟိုကုမ္ပဏီသို့ အပြီးအပိုင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခဲ့သော အမှတ်(၁)ကြေးနီသတ္တုတွင်းဝန်ထမ်းများထဲမှ လုပ်သက်ဆုငွေသာ ခံစားခွင့် ရရှိ ခဲ့ကြသော လုပ်သက်(၂၀)နှစ်မှ လုပ်သက်(၃၀)နှစ်အကြားရှိ ဝန်ထမ်းများနှင့် မည်သည့်ခံစားခွင့်မှ မရခဲ့ကြသော ကျန်ဝန်ထမ်းများအတွက် ပင်စင်ခံစားခွင့်နှင့် ရသင့်ရထိုက်သော အခြားခံစားခွင့်များပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က အမှတ်(၁)ကြေးနီသတ္တုတွင်းကို နိုင်ငံခြား ဖက်စပ်ကုမ္ပဏီသို့ လွှဲပြောင်းချိန်က မြန်မာအိုင်ဗင်ဟို ကြေးနီကုမ္ပဏီလီမိတက် (MICCL) မှ လက်ခံပြီး လွှဲပြောင်းပေးခဲ့သည့် ဝန်ထမ်းများသည် ပိုမိုကောင်းမွန် ေသာ လစာခံစားခွင့်များ ရရှိမည်ဖြစ်သည့်အတွက် ဝန်ထမ်းများကိုယ်တိုင် ဆန္ဒပြု ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနတို့၏ သဘောထားမှတ်ချက်များအရ လုပ်သက်(၂၀) နှစ် နှင့်(၃၀)နှစ်ကြား ဝန်ထမ်းများသည် ၎င်းတို့၏ ဆန္ဒအလျောက် လုပ်သက်ဆုငွေ တစ်မျိုးတည်းကိုသာ ခံစားခွင့်လျှောက်ထားခဲ့သူများဖြစ်၍ လုပ်သက်ဆုငွေများ ခံစားခွင့်ထုတ်ပေးခဲ့ပြီးဖြစ်ခြင်း၊ အခြားခံစားခွင့်မရခဲ့သော ဝန်ထမ်းများသည် ၎င်းတို့၏ ဆန္ဒအရ နုတ်ထွက်ခွင့်တင်ပြပြီး ကုမ္ပဏီသို့ကူးပြောင်းခဲ့သဖြင့် ပင်စင်ခံစားခွင့်နှင့် အခြားခံစားခွင့်များပေးရန် အစီအစဉ်မရှိကြောင်း ရှင်းလင်းဖြေကြားသည်။
(င)ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၏ အထင်ကရနေရာတစ်ခုဖြစ်သော ဘုံတလာရေတံခွန်သို့ သွားသောလမ်း ၈ မိုင်ပေါ် တွင် လိုအပ်သော မြေထိန်းနံရံ ပေ (၃၀၀)နှင့် ရေပြွန် ၁၂ စင်းအပါအဝင် မြေပြိုမှု များအား ဖယ်ရှားပေးပြီး ကတ္တရာလမ်းခင်းရန် ကျန်ရှိသော ၂ မိုင် ၅ ဖာလုံအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က မိုင်တိုင်အမှတ် (၀/၀)မှ (၅/၀)ကြား အကျယ်(၁၂)ပေမှ အကျယ်(၂၄)ပေ လမ်းတာချဲ့ခြင်း၊ မိုင်တိုင်အမှတ် (၅/၀)မှ (၈/၀)ကြား မူလမျှမ်းမျှ အကျယ်(၆)ပေမှ အကျယ်(၂၄)ပေ လမ်းတာချဲ့ခြင်း၊ ရေပြွန်(၁၂)စင်း တည်ဆောက်ခြင်းနှင့် မြေထိန်းနံရံ (၄၀၀)ပေ (၄)ခု တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် တင်ပြတောင်းခံ၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိုင်တိုင်အမှတ် (၅/၀)မှ (၈/၀)ကြား (၃)မိုင်အား ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းနှင့် Gabion Wall (၈၀၀)ပေ (၄)ခု တည်ဆောက်ခြင်း၊ ကျောက်စီရေမြောင်း (၂၀၀၀)ပေ(၂)ခု တည်ဆောက်ခြင်းတို့အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားသွားမည်ဖြစ်ပြီး ခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(စ)ဦးခင်ဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ညောင်ဇင်ကျေးရွာမှ ထိန်ကန်ကျေးရွာသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း လမ်းအဆင့် မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ဆက်လက်ထည့်သွင်းလျာထားပြီး ခွဲဝေရရှိမှုအပေါ် မူတည်၍ အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဆ)ဒေါ်သန်းသန်းအေး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ မကွေးတိုင်း ဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ လက်ပံတံခါးကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းတွင် (၁၄၀ x ၃၀)ပေ RC နှစ်ထပ် ကျောင်းဆောင်ကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်းခေါင်းစဉ်အောက်မှ ခွဲဝေရရှိမည့် ရန်ပုံငွေ အခြေအနေပေါ် မူတည်လျက် ဦးစားပေး အဆင့်အလိုက် ခွဲခြားသတ်မှတ်ပြီး ထည့်သွင်း လျာထားနိုင်ရေးအတွက် စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဇ)ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မွန်ပြည်နယ်၊ သထုံ မြို့တွင် လေဆင်နှာမောင်းဒဏ်ကြောင့် ပြိုကျသွားသော စိန်ကုန်း အခြေခံပညာ မူလတန်းကျောင်းအား (၁၂၀x၃၀)ပေ အုတ်ညှပ်တစ်ထပ် အသစ်တစ်ဆောင်ကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်း ရန်ပုံငွေခေါင်းစဉ်အောက်မှ ခွဲဝေရရှိမည့် အခြေအနေပေါ်မူတည်လျက် ဦးစားပေးအဆင့်အလိုက် ခွဲခြားသတ်မှတ်ပြီး ထည့်သွင်း လျာထားနိုင်ရေးအတွက် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(စျ)ဦးဝင်းမြင့်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စတင်ခဲ့သည့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းအရ အကောင်အထည်ဖော်ခဲ့သော သူငယ်တန်း၊ ပထမတန်းများအတွက် သင်ပြမှု၊ သင်ယူမှု၊ ကလေးသူငယ်များ၏ အမူအကျင့်ပြောင်းလဲမှု (Behavior Changes) လေ့လာသုံးသပ် အကဲဖြတ်မှုအပေါ် သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဥ်း၍ ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က သက်ဆိုင်ရာ ရုံးအဆင့်ဆင့်မှ စုစည်းတင်ပြချက်များအရ အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမရှိသေးသော ဆရာ၊ ဆရာမများအား ပို့ချပေးရန် စီစဉ်ခဲ့ခြင်းနှင့် စစ်ဆေးသော အဖွဲ့ဝင်များ၊ ကြီးကြပ်သော အဖွဲ့ဝင်များနှင့် မူလတန်းအောက်ဆင့်သင် ဆရာ၊ ဆရာမများအား လေ့လာဆန်းစစ်မှုသင်တန်းများပေး၍ ဆောင်ရွက်မည်ဖြစ်သောကြောင့် လာမည့် စာသင်နှစ်များတွင် ကလေးများ၏ အမူအကျင့်များ (Behavior Changes)နှင့် သင်ကြားမှု သင်ယူမှုများကို အဆင့်ဆင့် လေ့လာသုံးသပ်ခြင်း၊ ဖြည့်ဆည်းမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း
၃။ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာမျိုးအောင် (ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုသည်။
၄။ ဗိုလ်မှူးချုပ်တင့်လွင်၊ တပ်မတော်သားကိုယ်စားလှယ် (ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော စားသုံးသူကာကွယ်ရေး ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ်် ရယူရာ လွှတ်တော်က အတည်ပြုသည်။
ကော်မတီ အစီရင်ခံစာ ဆွေးနွေးခြင်း
၅။ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ နဝမပုံမှန် အစည်းအဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ဆွေးနွေးသည်။
အဆိုတင်သွင်းခြင်းနှင့် အတည်ပြုချက် ရယူခြင်း
၆။ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းပြီး အတည်ပြုချက် ရယူရာ လွှတ်တော်က အတည်ပြုသည်။
၇။ အစည်းအဝေးကို ၁၃၀၄ နာရီ အချိန်တွင် ရပ်နားပြီး (၁၇)ရက်မြောက်နေ့ အစည်းအဝေးကို ၂၀-၁၂-၂၀၁၈ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်