နေပြည်တော်၊ ဇူလိုင် ၂၈
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအား အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် J ဆောင်၌ ကျင်းပသည်။
အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ Jang Phang နော်တောင်၊ အမြဲတမ်းကော်မတီ၊ ရေးရာကော်မတီတို့က ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌက အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားစီမံကိန်းများရေးဆွဲခြင်း၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်းနှင့်စီမံခန့်ခွဲခြင်း၊ နိုင်ငံတကာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတည်ဆောက်ခြင်းတို့ကို အဓိကတာဝန်ယူလုပ်ဆောင်ရသော အရေးပါသည့်ဌာနဖြစ်ပါကြောင်း၊ ဌာနတွင် ဆောင်ရွက်အသုံးပြုနေသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ မူဝါဒ၊ ရည်မှန်းချက်များကိုသိရှိနိုင်ရန် ယခုကဲ့သို့ ရှင်းလင်းဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစိုးရဌာနများနှင့်ပြည်သူလူထုအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် ဆွေးနွေးပွဲမှရရှိသည့် အချက်အလက်၊ အသိပညာဗဟုသုတများသည် များစွာအထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းဆွေးနွေးအကြံပြုခြင်းများကိုဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။