ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားလွှတ်တော်
နေပြည်တော်
ကြေညာချက်အမှတ်( ၂ /၂၀၁၅ )
၁၃၇၆ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက်
(၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်)
အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် အချိုးကျကိုယ်စားပြုစနစ်
( PR ) ကျင့်သုံးရေးအပေါ် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ် ထုတ်ပြန်ကြေညာခြင်း
၁။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးရန် မန္တလေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၅) မှ ဦးဇော်မြင့်ဖေက (၁၇-၃-၂၀၁၅) ရက်နေ့တွင် တင်သွင်းခဲ့ပြီး (၁၉-၃-၂၀၁၅) ရက်နေ့တွင် အမျိုးသားလွှတ်တော်၌ လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့ပါသည်။
၂။ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများ၌ အချိုးကျကိုယ်စားပြု စနစ်(PR)ကျင့်သုံးရေးအတွက် ပြင်ဆင်မှုများပါရှိသဖြင့် ဤဥပဒေကြမ်းနှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီများ၏ အမြင်နှင့် အကြံပြုချက်များကို ရယူသင့်သည်ဟု ယူဆပါသည်။
၃။ အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီသည် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တွေ့ဆုံဆွေးနွေးမှုများကို (၆-၄-၂၀၁၅)ရက်နေ့၊ (၇-၄-၂၀၁၅)ရက်နေ့နှင့် (၈-၄-၂၀၁၅) ရက်နေ့များတွင် ပြုလုပ်သွားမည်ဖြစ်ပြီး နေ့စဉ် နံနက်(၁၀:၀၀)နာရီမှ စတင်၍ တစ်ရက်လျှင် နိုင်ငံရေးပါတီ(၂၅) ပါတီခန့်မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးနိုင်သည့် ပုဂ္ဂိုလ်(၂၅) ဦးခန့်နှင့် ပြုလုပ်သွားမည်ဖြစ်ပါသည်။
၄။ တက်ရောက်ဆွေးနွေးလိုသည့် ပုဂ္ဂိုလ်များအတွက် နေပြည်တော်တွင် ကြိုဆိုပို့ဆောင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် စားသောက်ရေးအစီအစဉ်များ စီစဉ်ပေးခြင်းကို အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ယူစီစဉ် ဆောင်ရွက်ပေးမည်ဖြစ်ပါ၍ တက်ရောက်လိုသည့် ပုဂ္ဂိုလ်များသည် အမျိုးသားလွှတ်တော်ရုံး၊ ဖုန်းအမှတ် ၀၆၇-၅၉၁၂၆၄၊ ၀၆၇-၅၉၁၂၆၅၊ ၀၉-၅၄၀၇၈၃၉၊ ၀၉-၅၀၅၆၅၈၀ များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် အသိပေးအပ်ပါသည်။
ဥက္ကဋ္ဌ
အမျိုးသားလွှတ်တော်