Share this

တတိယနေ့ အစည်းအဝေး အကျဉ်းချုပ် (၁၄ . ၁၁ . ၂၀၁၈)

Wednesday, November 14, 2018 - 13:25
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒသမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး

တတိယနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက်

( ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် )

[ဗုဒ္ဓဟူးနေ့]

 

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။           မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည် -

     (က)    ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်အတွင်း အမ်းမြို့နယ်မှ စစ်တွေမြို့နယ်အထိ (၂၀၂.၃)မိုင်အတွင်း ယာဉ်တိုက်မှု များပြားနေခြင်းနှင့် ဒဏ်ရာရလူနာများအတွက် မည်သို့စီမံဆောင်ရွက်ထားရှိ သည်နှင့် ယာဉ်တိုက်မှု လျှော့ချစေရေးအတွက် မည်သို့စီမံဆောင်ရွက် ထားရှိသည်ကို သိရှိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း သတင်းရရှိပါက ကူညီကယ်ဆယ်ရေးအဖွဲ့ များဖြစ်သော သက်ဆိုင်ရာ မြို့နယ် မီးသတ်ဦးစီးဌာန ဝန်ထမ်းများ၊ တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်များနှင့် လူမှုရေး အသင်းအဖွဲ့များမှ အခင်းဖြစ်အရပ်သို့ ချက်ချင်းသွား ရောက်၍ ဒဏ်ရာရရှိသူများအား အမြန်ဆုံးဆေးရုံပို့ဆောင်ခြင်း၊ အခင်းဖြစ်ရပ်အား စစ်ဆေးခြင်းများအား ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ်မတော်တဆမှု များ လျော့နည်းကျဆင်းရေးအတွက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ ဆွေးနွေးဆုံးဖြတ်ချက်များအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

     ( ခ )   ဒေါ်ရှားမူ၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ကယားပြည်နယ်၊ ဖရူဆို မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် နှစ်ထပ်ကျောင်းဆောင်သစ် တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်း ရန်ပုံငွေခေါင်းစဉ်အောက်မှခွဲဝေရရှိမည့် ရန်ပုံငွေအခြေအနေ အပေါ်မူတည်၍ ဦးစားပေးအဆင့်အလိုက် ခွဲခြားသတ်မှတ်ပြီး လျာထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

     ( ဂ )   ဦးကျော်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ ပြည်တွင်းရှိ ပုဂ္ဂလိက သင်တန်းကျောင်းများ၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများနှင့် ပြည်ပတက္ကသိုလ် သို့မဟုတ် ပညာရေးအဖွဲ့အစည်းများ ပူးပေါင်းသင်ကြား၍ ပေးအပ်နေသော ဒီပလိုမာ၊ ဒီဂရီ၊ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့လက်မှတ်များကို မှန်ကန်ခိုင်မာမှုနှင့် အရည်အသွေး ပြည့်မီမှုတို့ကို စိစစ်၍ မှန်ကန်မှုမရှိပါက အရေးယူပေးရန် အစီအစဉ် ရှိ/မရှိနှင့် ပညာရေးနှင့်ပတ်သက်သော သင်တန်းကျောင်း ကြော်ငြာ များတွင် အတုအယောင် မက်လုံးပေး ဆွဲဆောင်မှုများကြောင့် ကျောင်းသား/ ကျောင်းသူများ နစ်နာဆုံးရှုံးမှုမရှိစေရန် မည်သို့စီမံထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပညာရေးဝန်ကြီး ဌာနမှ ပုဂ္ဂလိကကျောင်းဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက် လျက်ရှိပြီး အဆိုပါဥပဒေပြဋ္ဌာန်းနိုင်ခြင်းမရှိသေးမီ ပညာရေးဆိုင်ရာဝန် ဆောင်မှုလုပ်ငန်းများအား ဆောင်ရွက်ခွင့်ပြုရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)မှတစ်ဆင့် ပေးပို့လျှောက်ထားလာ သော ကိစ္စရပ်များအပေါ် ပညာရေးဝန်ကြီးဌာနမှ အမျိုးသားပညာရေးဥပဒေနှင့် အမျိုးသားပညာရေး ဥပဒေကိုပြင်ဆင်သည့် ဥပဒေများအရ  ပုဂ္ဂလိကအဆင့်မြင့် ပညာသင်ကျောင်းများ ဖြစ်ပါက အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီ၊ အမျိုးသားအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ် ကော်မတီနှင့် ပါမောက္ခချုပ်များကော်မတီတို့၏ သဘောထားမှတ်ချက် များဖြင့် စိစစ်ပေးခြင်း၊ အကြံပြုချက်ပေးပို့ခြင်းများကို ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

              (ဃ)    ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ရှမ်း ပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဒခွန်ကျေးရွာအုပ်စု၊ ဝမ်လွမ်းကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းကို အခြေခံပညာ မူလတန်း(လွန်)ကျောင်း သို့မဟုတ် အခြေခံ ပညာ အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က သတ်မှတ်မူဘောင်နှင့် ကိုက်ညီမှုမရှိ သေးသည့်အတွက် ဦးစားပေး ကျောင်းအနေဖြင့် အဆင့်တိုးမြှင့်ပေးနိုင်ခြင်း မရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။

              (င)     ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အနောက်ကျည်စုအုပ်စုရပ်ကွက် အတွင်းရှိ အခြေခံ ပညာမူလတန်း(လွန်)ကျောင်းကို အခြေခံပညာအလယ် တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန်နှင့် ကျောင်း၏ဥပဓိရုပ် ကောင်းမွန် စေရန် လိုအပ်သည်များ ပြုပြင်မွမ်းမံပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က  သတ်မှတ်မူဘောင်နှင့် ကိုက်ညီမှု မရှိသေးသည့်အတွက် ဦးစားပေးကျောင်းအနေဖြင့် အဆင့်တိုးမြှင့်ပေးနိုင်ခြင်း မရှိသေးကြောင်းနှင့် ကျောင်းဆောင်ပြုပြင်မွမ်းမံနိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၏ သာမန်အသုံးစရိတ်ရန်ပုံငွေ ခေါင်းစဉ်အောက်မှ ခွဲဝေရရှိမည့် ရန်ပုံငွေ အခြေအနေ အပေါ်မူတည်၍ ဦးစားပေးအဆင့်အလိုက် ခွဲခြားသတ်မှတ်ပြီး လျာထား ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

              (စ)     ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ ဧရာဝတီ တိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်အတွင်းရှိ လူငယ်များ အလုပ်အကိုင် ရရှိရေးနှင့် ဒေသလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးအတွက် လိုအပ်ချက်နှင့် ကိုက်ညီသော သက်မွေးပညာရပ်များ သင်ကြားနိုင်ရန် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း တစ်ကျောင်း ချထားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ခရိုင်မြို့များအလိုက်သာ အစိုးရနည်းပညာ အထက်တန်း ကျောင်းများ၊  အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းများကို ဦးစားပေးတည်ထောင် ဆောင်ရွက်၍ သက်မွေးပညာ သင်ယူလေ့ကျင့်နိုင်မည့် အခွင့်အလမ်းများ စနစ်တကျ ပိုမိုရရှိလာမည်ဖြစ်သဖြင့် လုပ်ထုံးလုပ်နည်းနှင့် ခွင့်ပြုဘဏ္ဍာငွေ အရသာ အစိုးရစက်မှုလက်မှုသိပ္ပံအား ဦးစားပေးအစီအစဉ်အရ ဖွင့်လှစ်ပေးရန် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တို့နှင့်  ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်းဆွေးနွေးခြင်း

၃။           အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ၂၀၁၇ ခုနှစ်၊ မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်း နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၃)ဦးက ဆွေးနွေးသည်။

၄။           အစည်းအဝေးကို ၁၁၁၉ နာရီအချိန်တွင် ရပ်နားပြီး စတုတ္ထနေ့ အစည်းအဝေးကို             ၁၆-၁၁-၂၀၁၈ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်