ကျင်းပသည့်နေ့ရက် – (၂၁-၉-၂၀၁၁)
ကျင်းပသည့်အချိန် – ၁၆:ဝ၀ နာရီ
ကျင်းပသည့်နေရာ – Inter-Continental Hotel
မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်သူများ –
| ဒေါက်တာမြတ်ဉာဏစိုး (အဖွဲ့ခေါင်းဆောင်) | ဥပဒေကြမ်းပူးပေါင်းကော်မတီဝင်၊ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် |
| ဒေါ်ရီရီမြင့် | ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင်၊ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် |
| အစည်းအဝေးတက်ရောက်ရသည့်ရည်ရွယ်ချက် | (၃၂)ကြိမ်မြောက် ဗှုဏဗ ညီလာခံသို့ တက်ရောက်လာသည့် မိတ်ဖက် နိုင်ငံများမှလွှတ်တော် ကိုယ်စားလှယ်များနှင့် AIPA အဖွဲ့ဝင် နိုင်ငံများမှ လွှတ်တော် ကိုယ်စားလှယ်များ အကျိုးတူ လုပ်ငန်းဆိုင်ရာ ဆွေးနွေးခြင်းဖြစ်ပါသည်။ |
AIPA မိတ်ဖက် အိန္ဒိယနိုင်ငံကိုယ်စားလှယ်အဖွဲ့နှင့် အဖွဲ့ဝင်လွှတ်တော်များမှ ကိုယ်စားလှယ်များ အစည်းအဝေးကို အိန္ဒိယနိုင်ငံမှ ပါလီမန်အမတ် Mr. Han Ninong Ering Member of Indian Parliament က ဦးဆောင်တက်ရောက်ခဲ့ပြီး အဖွဲ့ဝင်(၁၀)နိုင်ငံလုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ သဘာပတိ အဖြစ် ကမ္ဘောဒီးယားနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်က ဆောင်ရွက်ကာ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာသည့် (၁၀)နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပါသည်။ ထို့နောက် အိန္ဒိယကိုယ်စားလှယ်က နှုတ်ဆက်စကားပြောကြားခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများနှင့် အောက်ပါအချက် (၄)ချက်ကို ဆွေးနွေးခဲ့ပါသည်-
(က) အာဆီယံနိုင်ငံများနှင့် လေ့လာသူများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စ
(ခ) ဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေအရင်းအမြစ်စီမံခန့်ခွဲမှု ပူးပေါင်း ဆောင်ရွက်ရေးကိစ္စ
(ဂ) သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် အရေးပေါ်တုန့်ပြန်မှုအတွက် အာဆီယံနှင့်နိုင်ငံတကာ၏ အာမခံချက် ရရှိရေးလိုအပ်ချက်
(ဃ) မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော ခဲယမ်းများကင်းစင်ရေးကိစ္စ
မြန်မာကိုယ်စားလှယ်အဖွဲ့မှ ဆွေးနွေးခဲ့ရာတွင် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံသို့ ဆက်သွယ်ရာလမ်းကြောင်းတွင် တံခါးဝ အဖြစ် တည်ရှိနေပါကြောင်း၊ ကျန်ပထဝီအနေအထားကို အသုံးပြုပြီး အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကုန်စည်ကူးသန်းပို့ဆောင်ရေးကို စရိတ်စကသက်သာစွာဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ပါကြောင်း၊ အာရှလမ်းမကြီးများ ကွန်ယက်ကို ယခုထက် ပိုမိုလျှင်မြန်စွာ ဖော်ဆောင် နိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက်သွားဖို့ လိုအပ်ပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ ရှေ့တန်းရောက်နေသော IT နည်းပညာ၊ အဆင့်မြင့်ဆေးပညာနှင့် သိပ္ပံနှင့် နည်းပညာနယ်ပယ်များ၏ အားသာချက်ကိုလည်း အာဆီယံနိုင်ငံများသို့ မျှဝေပေးရန် မေတ္တာရပ်ခံပါကြောင်း၊ ထို့အပြင် အာဆီယံနိုင်ငံများသို့ အိန္ဒိယနိုင်ငံမှ ယဉ်ကျေးမှုအခြေခံများသည်လည်း ရှေးနှစ်ပေါင်းများစွာကပင် ပျံ့နှံ့ရောက်ရှိနေရာ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များကိုလည်း ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ ပါလီမန်စနစ်သည် နှစ်ပေါင်းများစွာ ခိုင်မာထွန်းကားနေသော စနစ်ကောင်း တစ်ခုဖြစ်ပါသဖြင့် လွှတ်တော်ရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးကိုလည်း စီစဉ်ပေးရန် မေတ္တာရပ်ခံပါကြောင်း ဆွေးနွေးခဲ့ပါသည်။
ကျန်နိုင်ငံများမှလည်း ဤအချက်များပေါ်တွင် တောင်းခံခဲ့ပြီး အိန္ဒိယကိုယ်စားလှယ်မှလည်း အာဆီယံတစ်နိုင်ငံမှ ပညာတော်သင် တစ်နှစ်လျှင် (၁၀ဝ)ဦးနှုန်းဖြင့် နည်းပညာဆိုင်ရာ ပညာသင်ထောက်ပံ့မှုများပေးရန် စီစဉ် ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံများမှ လွှတ်တော်များအားလည်း အိန္ဒိယပါလီမန်များသို့ လေ့လာရေးခရီးများ ဖိတ်ကြားသွားမည်ဖြစ်ပါကြောင်း၊ မြန်မာကိုယ်စားလှယ်မှ တင်ပြခဲ့သည့်အတိုင်း အာဆီယံနှင့် အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်းတွင် မြန်မာနိုင်ငံသည် အရေးအပါဆုံး နိုင်ငံဖြစ်သည်ကို အသိအမှတ်ပြုပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အခြေခံကောင်းများကို တိုးတက်တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။
သဘာပတိမှ နိဂုံးချုပ်စကား ပြောကြားအပြီးတွင် အစည်းအဝေးကို ညနေ (၅:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။